ပစ်ချခံခဲ့ရသော အမှိုက်တစ်စလို

7 1 0
                                    

"အဲ့ဒီတော့ မင်းဘာပြန်ပြောလိုက်လဲ"
ကျနော့်သူငယ်ချင်းတစ်ယောက် နေထိုင်တဲ့အဆောင်မှာဖြစ်တယ်။ ဟာနာနှင့်ဆုံတွေ့ပြီးနောက် ထမင်းစားအားလပ်ချိန်ဖြစ်တာမို့ ရောက်သွားခြင်းဖြစ်သည်။
"အင်း ခများအကြောင်းတွေအရမ်းသိချင်နေပြီလို့ ပြန်ဖြေခဲ့တယ်"
"ကြည့်ရတာ ကောင်မလေးက မင်းကိုကြိုက်နေတာထင်တယ်ဟ"
"မဖြစ်နိုင်တာကွာ ငါ့ရုပ်ငါ့ရည်ကိုလည်းတစ်ချက်ပြန်ကြည့်စမ်းပါဦး"
"အဲ့ဒါလည်း ဟုတ်တာပဲ မင်းရုပ်က နွေရာသီမှာခြောက်သွေ့နေတဲ့ သစ်ကိုင်းလိုပဲ  မဲခြောက်ခြောက်နဲ့"
"တော်စမ်းပါကွာ ငါ့ကို သူ့အကြောင်းစုံစမ်းပေးစမ်းပါ ငခန့်ရာ"
"မင်းက ကြိုက်နေပြီလား"
"မဟုတ်တာ...သူ့အကြောင်းသိချင်ရုံပဲ အရမ်းပဟေဠိဖြစ်နေလို့ကွ"
"သူက ဘလိုပုံစံရှိလဲ"
ဟာနာရဲ့ ပုံပန်းသွင်ပြင်နဲ့ စရိုက်လက္ခဏာတစ်ချို့ကိုပြောပြလိုက်တယ်။
"မင်းဟာက လွယ်မယ်မထင်ဘူး ကျောင်းမှာက ကျောင်းသူကျောင်းသား ထောင်ချီရှိတာ ဓာတ်ပုံလေးဘာလေးမရှိဘူးလား"
"အေး ငါသူနဲ့ဓာတ်ပုံတစ်ပုံလောက်ရိုက်ရအောင် ဖုန်းထုတ်တော့ ဖုန်းကအားကုန်ပြီးပါဝါပိတ်နေတယ်ကွာ အဲ့ဒါနဲ့ သူ့ကို ခနစောင့်ပါဦးပြောပြီး မင်းတို့ဆီကနေ ပါဝါဘန့်ငှားဖို့ ကန်တင်းကို အပြေးလာခဲ့တာပဲ ဒါပေမယ့် ဘောလုံးကွင်းကို ငါပြန်ရောက်တော့ သူမရှိတော့ဘူး"
"အေးကွာ စုံစမ်းကြည့်တာပေါ့"
အဆောင်ကနေ ခေါင်းကုတ်ရင်းထွက်လာခဲ့မိတယ်။ ဒီကောင်မလေးက ကျနော့်အနားကို ရုတ်တရတ် ရောက်လာတတ်သလို ရုတ်တရတ် ထွက်သွားတတ်တဲ့သူပဲ။ ဝတ်ရည်ဟာလည်း ကျနော့်ဘဝထဲကိုရုတ်တရတ်ရောက်လာပြီး ရုတ်တရတ်ထွက်သွားခဲ့သူပါပဲလား။ လမ်းခွဲစကားတောင်မပြောဘဲထွက်သွားခဲ့သူ။ အတွေးတွေနဲ့မွန်းကျပ်လာရင်း အသက်ရှူရခက်ခဲလာသလိုပဲ။ ဘောင်းဘီအိတ်ထဲက စီးကရက်ဗူးကိုနှိုက်ဖို့လုပ်တော့ အိတ်ထဲမှာ ဟာလာဟင်းလင်း။ ကျောပိုးအိတ်ထဲမှာလည်း ရှာမတွေ့။ ဘောလုံးကွင်းမှာကျန်ခဲ့ပြီထင်တယ်။ အင်း ကျောင်းနားကစတိုးဆိုင်မှာ အသစ်ထပ်ဝယ်လိုက်တော့မယ်။
စတိုးဆိုင်ကိုရောက်လို့ စီးကရက်ဗူး ဝယ်ပြီးနောက် ဆိုင်ကထွက်မယ်အလုပ်
"ဟာ ကောင်းကြီး"
ဆိုင်ထဲဝင်လာသူသုံးယောက်ထဲက တစ်ယောက် နှုတ်ဆက်တယ်။
"ဟာ ကျော်ကြီးတို့ပါလား မင်းတို့ဘာဝယ်ကြမလို့လဲ"
မေဂျာတူသူငယ်ချင်းများဖြစ်ကြသော ကျော်သီဟ အပါအဝင် ငြိမ်းချမ်းနှင့် မိုးဦးကို။
"အေး ငါတို့အရက်သောက်မလို့ အာလူးကြော်လာဝယ်တာ မင်းရောဘာ လာဝယ်တာလဲ"
"ဆေးလိပ်ကုန်သွားလို့ပါကွာ ဘာလဲမင်းတို့က အတန်းမတက်ဘူးလား"
"အေး မင်းလည်းတက်မနေနဲ့တော့ ငါတို့နဲ့လိုက်ခဲ့ ဒီနေ့ ကိုမြင့်ဖုန်းက ဒကာခံမှာဟ"
"ငါ မသောက်တတ်ဘူးဟ"
"ငါသင်ပေးမယ်ကွာလိုက်ခဲ့"
"ကျူတိုရှိသေးတယ်ဟ...မင်းတို့က ဘယ်ချိန်ထိသောက်မှာလဲ"
"ညအထိသောက်မှာ မင်းစိတ်ပြောင်းသွားရင် ဖုန်းဆက်လိုက် "
"အေးအေး ငါသွားပြီကွာ"
ဒီလိုနဲ့ ကျောင်းဝန်းထဲကိုရောက်လာခဲ့တယ်။ပုံမှန်ဆိုရင် ကျနော်က စည်းကမ်းကြီးတဲ့သူမဟုတ်သည့်တိုင် အတန်အသင့်စည်းကမ်းလိုက်နာတတ်သောသူ။ အခုတော့ အရာရာကို အရွဲ့တိုက်ချင်စိတ်တွေက ကျနော့်ကို ကြီးစိုးနေတယ်။ ကျောင်းဝန်းအတွင်း မိန်းလမ်းတစ်လျှောက် စီးကရက်ခဲရင်း လျှောက်လာခဲ့တယ်။ ချစ်ရတဲ့သူက ထားသွားခဲ့ပြီပဲ။ ကျနော် ဘာတွေဂရုစိုက်နေရဦးမှာလဲ။
ဘာအတွက် ကောင်းကောင်းမွန်မွန်နေထိုင်ဖို့ လိုအပ်ဦးမှာလဲ။ကျနော်အကောင်းဆုံးကြိုးစားခဲ့တာပဲ။ လောကကြီးကမှ မတရားတာ။ အင်း ဟုတ်တယ်။ ကောင်းအောင်နေလည်း ဆိုးတာတွေဖြစ်တာပဲ၊ ဆိုးအောင်နေလည်း ဆိုးတာတွေဖြစ်တာပဲ၊ ဘာထူးလို့လဲ။ ဆုံးဖြတ်ချက်တစ်ခုကို ချပြီး ကျောင်းဝန်းအပြင်ဘက်ကို ခြေဦးတည် ထွက်ခဲ့တော့တယ်။
"ဟယ်လို ကျော်ကြီး မင်းတို့ဘယ်မှာလဲ"
"ကိုမြင့်ဖုန်းအဆောင်မှာဟ...မင်းလာမလို့လား"
"အေး အခုလာနေပြီ"
"အဟေး ဟုတ်ပြီ လာခဲ့ ငါတို့လည်း အခုမှစသောက်ကြမှာ... ငါ့အဆောင်က ဂစ်တာဝင်ယူခဲ့ကွာ ငါတို့ ဟဲရအောင်"
"ဟုတ်ပြီ"
ဂစ်တာလက်တံအရင်းကနေကိုင်ရင်း အရက်ဝိုင်းရှိရာကိုရောက်သွားခဲ့တယ်။
သူငယ်ချင်းတွေက ဆီးကြိုကြတယ်။ အဆောင်က နှစ်ယောက်နေ ကပ်ထရံအခန်းတွေဖြစ်ပြီး ကုတင်နှစ်လုံး အလယ်မှာစာကြည့် စားပွဲတစ်လုံးပါရှိတယ်။ ကိုယ့်ဆရာများက စာကြည့်စားပွဲကို ဘယ်ပစ်ထားလိုက်ကြတယ်မသိ။ နှစ်စကလောက်ကတည်းကမရှိ။ ကုတင်နှစ်လုံးကို ဘေးချင်းယှဥ်ကပ်ထားပြီး ကွပ်ပြစ်သဖွယ်လုပ်ထားကြတယ်။ အလယ်မှာ ပုဆိုးခင်းပြီး ဝိုင်းဖွဲ့အရက်သောက်ကြတာ။ အဲ့ဒါ ကျောင်းသားအရက်ဝိုင်း။ ဘေးခန်းတချို့ကလည်း ထိုနည်းတူပါပဲ။ မတူတာကတော့ တချို့က ကုတင်နှစ်လုံးအလယ်မှာ ပုလင်းတွေမဟုတ်ဘဲ ဖဲထုပ်တွေနဲ့ တစ်ရာတန် နှစ်ရာတန်ကစလို့ ငါးထောင်တန် တစ်သောင်းတန်အထိ ရောင်စုံပိုက်ဆံတွေ။ ကိုမြင့်ဖုန်းအခန်းထဲကို ဝင်ခဲ့တယ်။
အခန်းအတွင်းမှာက ကျနော်အပါအဝင် လူလေးယောက်။ ကျော်သီဟ၊ကိုမြင့်ဖုန်း၊ ငြိမ်းချမ်း၊ မိုးဦးကိုနဲ့ ကျနော်၊ အားလုံးက မက္ကာထရောနစ် ပထမနှစ်တန်းကျောင်းသားတွေချည်း။ ကိုမြင့်ဖုန်းက ကျနော်တို့ရှေ့နှစ်တုန်းက ဆိုင်ကယ်မတော်တဆဖြစ်ခဲ့လို့ တစ်နှစ်နားခဲ့ရတာမို့ ရဲပီတာ။ ဂစ်တာကိုအခန်းအတွင်းနံရံထောင့်မှာ မှီထောင်ထားလိုက်ပြီး အရက်ဝိုင်းအတွင်းက ကိုမြင့်ဖုန်းနဲ့ ကျော်သီဟကြား ဝင်ထိုင်လိုက်တယ်။ ကျော်သီဟက ကျနော်သောက်ရအဆင်ပြေအောင် ခွက်ထဲမှာ အရက်နည်းနည်းနဲ့ ဖျော်ရည်များများစပ်ထည့်ပေးတယ်။
"ကဲ လူစုံပြီဆိုတော့ ခွက်တိုက်လိုက်ရအောင် ချီးယား ဘော်ဒါတို့"
ကျော်သီဟရဲ့ဆော်သြမှုနဲ့အတူ အရက်ထည့်ထားတဲ့ တစ်ခါသုံးပလတ်စတစ်ခွက်များကို ကိုင်မြှောက်လိုက်ကြပြီး အရက်ဝိုင်းကို စတင်ခဲ့ကြတယ်။ သောက်ခါစမှာတော့ အရက်အရသာက အရမ်းဆိုးတာကြောင့် သောက်ရမလွယ်ပေမယ့် ဖျော်ရည်ပါဝင်မှုက ပိုများတာမို့ အဆင်ပြေခဲ့ပါတယ်။
ဒီလိုနဲ့ သုံးလေးခွက်ခန့် သောက်အပြီး လူက နည်းနည်းထွေလာပြီဖြစ်တာမို့ ဂစ်တာကို ကောက်ကိုင်လိုက်တယ်။
"ဟဲမယ်ဟေ့ ဝူး ဟူး..."
ဘော်ဒါများဆီက မြူးထူးအော်ဟစ်သံတွေထွက်လာတယ်။ ကျွမ်းကျင်အဆင့်မဟုတ်ပေမယ့် ထိုအချိန်တုန်းက ခေတ်စားတဲ့သီချင်းတွေကို ဆိုလို့အဆင်ပြေရုံတော့ ခေါက်တတ်တဲ့အနေအထား ကျနော့်မှာရှိခဲ့တယ်။ ရွှေထူးရဲ့ တိတ်တခိုး သီချင်းကို ကျနော်စတီးလိုက်တယ်။ သူငယ်ချင်းတွေကလည်း အတူတူလိုက်ဆိုကြတာပေါ့။ တစ်ပုဒ်တီးလိုက် တစ်ခွက်သောက်လိုက်ပါပဲ။ ငြိမ်းငြိမ်းချမ်းချမ်းအရက်သောက်ရင်း ငြိမ်းငြိမ်းချမ်းချမ်းသီချင်းဆိုနေကြတာ။
အရက်ဝိုင်းဆိုတာ ဘော်ဒါတွေကို ညီအကိုတွေလိုသွေးစည်းစေတဲ့ နေရာမဟုတ်လား။ ထူးထူးခြားခြားတော့မဟုတ်သော်ငြား သူငယ်ချင်းများကတော့ ကျနော့်လက်သံကို သဘောကျနေကြတယ်။ အင်း ကျနော် ဘယ်တုန်းက ဂစ်တာစတီးဖြစ်ခဲ့တာပါလိမ့်။ အရက်တန်ခိုးရှိန်ကြောင့် ပုံမှန်အချိန်မှာလို ဦးနှောက်က သွက်သွက်လက်လက် အလုပ်မလုပ်နိုင်ဘူးပဲ။ ဟုတ်ပြီ ကျောင်းစတက်ခါစ ဒီဇင်ဘာ လအလယ်လောက်တုန်းက သူငယ်ချင်းတစ်ယောက်နဲ့အတူ စလေ့လာဖြစ်ခဲ့တာ။ နှစ်ကြီးအကိုတစ်ယောက်ဆီက ဂစ်တာငှားပြီး နှစ်ယောက်အတူလေ့လာဖြစ်ခဲ့ကြတာ။ အတူလေ့လာတဲ့သူငယ်ချင်းက ဂီတကို ဝါသနာပါလို့ ဂစ်တာကို လေ့ကျင့်တာလို့ပြောတာပဲ။ ကျနော်ကရော ဘာလို့ လေ့လာခဲ့မိပါလိမ့်။ခေါင်းထဲမှာ မှတ်ဥာဏ်အပိုင်းအစတစ်ချို့ ပေါ်ပေါက်လာတယ်။ ဝတ်ရည်အရမ်းကြိုက်တဲ့သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင် တီးခတ်နိုင်တဲ့အချိန်ကျရင် သူ့ကိုလက်စွမ်းပြပြီး ခံစားချက်တွေကို ဂစ်တာနဲ့ပါထုတ်ဖော်ပြမယ်ဆိုပြီး လေ့ကျင့်ဖြစ်ခဲ့တာပဲ။ အခုတော့ တစ်ပုဒ်လောက်တောင် တီးခတ်မပြရသေးခင် ထွက်သွားခဲ့ပါပြီလား။ ကျနော်မျက်ရည်ဝဲလာခဲ့တယ်။ သူငယ်ချင်းတွေမမြင်အောင် သုတ်လိုက်ပြီး အရက်တွေသာ တစ်ခွက်ပြီးတစ်ခွက်သောက်နေခဲ့မိတယ်။ ဆယ်ခွက်ကျော်ကျော် သောက်ပြီးနောက် ကမ္ဘာကြီးရဲ့လည်ပတ်မှုကို ကျနော်စပြီးသတိထားမိလာတယ်။ ကျနော့်ပတ်ဝန်းကျင်က အရာတွေကပါ တစ်ဟုန်ထိုးလည်ပတ်နေတယ်။ သူငယ်ချင်းတွေ၊အရက်ပုလင်းတွေ၊အာလူးကြော်ထုတ်တွေ၊ ကုတင်တွေ အခန်းနံရံတွေ၊ အို...အကုန်လုံးပဲ ချာချာလည်နေတာ။ အဲ့ဒီနောက် ကျနော်ဟာလွင့်စင်ထွက်သွားခဲ့တယ်။ ကျနော်ဘယ်ရောက်သွားတာလဲ ကျနော်လည်းမသိတော့ဘူး။ သန်းပေါင်းများစွာသောကြယ်တွေကို အတန်းကြီးလိုက်မြင်နေရတယ်။ ကျနော် နဂါးငွေ့တန်းထဲပဲရောက်သွားခဲ့တာလား။ ငေးနေတုန်းမှာပဲ ကျနော့်မျက်စိရှေ့မှာတင် ကြယ်စုတန်းပေါ်မှာ ဆိုင်ကယ်တစ်စီးဖြတ်မောင်းသွားတယ်။ ဆိုင်ကယ်ခုံနောက်ခြမ်းမှာ ဘေးတစ်စောင်းထိုင်လိုက်သွားတာက ဝတ်ရည်။ ကျနော့်ကိုလှည့်ကြည့်နေတယ်။ ကျနော်သူ့နာမည်ကို အော်ခေါ်ဖို့ကြိုးစားတယ်။ ဆိုင်ကယ်ပေါ်ကဆင်းပြီး ကျနော့်ဆီလာဖို့ အော်ပြောချင်မိတယ်။ ဘာစကားသံမှ ကျနော်ထွက်လို့မရဘူး။ ကျနော့်နှုတ်ခမ်းတွေက တင်းကျပ်စွာနဲ့ စေ့နေခဲ့တယ်။ ကျနော်အားအင်အကုန်လုံးကိုကြိုးစားခြစ်ချုပ်ထုတ်လိုက်ပြီး အော်လိုက်တယ်။
"ဝတ်ရည်"
ကျနော့်အော်သံကြောင့် ကုတင်ဘေးမှာအိပ်နေတဲ့ ကျော်သီဟနဲ့ ကိုမြင့်ဖုန်းတို့ အလန့်တကြားထလာပြီး ကျနော့်ကိုကြောင်ကြည့်နေကြတယ်။ ကျနော်ကလည်း သူတို့နှစ်ယောက်အလယ်မှာ ထိုင်လျက်သား။ "ဒီကောင် ယောင်နေတာပဲ"
ဆိုပြီး နှစ်ယောက်သားပြန်အိပ်သွားကြတယ်။ ဖုန်းဖွင့်ပြီးနာရီကိုကြည့်လိုက်မိတော့ ၅နာရီ ၁၃မိနစ်။ မနေ့က ကျနော်မူးပြီး ကိုမြင့်ဖုန်းအဆောင်မှာတင်အိပ်ပျော်သွားတာပဲ။ ပြန်ပြီးမအိပ်ချင်တော့တာမို့
စီးကရက်ဗူးထဲက တစ်လိပ်ထုတ်ဖွာရင်း အခန်းအပြင်ကိုထွက်လာခဲ့တယ်။
အဆောင်ဝန်းအတွင်းက ခုံတန်းရှည်တစ်ခုမှာ ကျောမှီထိုင်ရင်း ရောက်တတ်ရာရာ တွေးတောနေမိတယ်။ နှုတ်ခမ်းမှာစီးကရက်ခဲထားတဲ့ ကျော်သီဟ ကျနော့်ဘေးမှာလာထိုင်တယ်။ ကျနော်က စကားစလိုက်တယ်။
"အိပ်မပျော်တော့ဘူးလားငါ့ကောင်"
"အေး"
"ဆောရီးကွာ ငါ့ကြောင့်အိပ်ရေးပျက်သွားတယ်"
"မဟုတ်ပါဘူးကွာ ငါလည်းအိပ်ရေးဝနေပါပြီ"
နှစ်ယောက်သားဆေးလိပ်ပဲဆက်ဖွာနေဖြစ်ကြတယ်။  စီးကရက် တစ်ဝက်လောက်ရောက်တော့ ကျော်သီဟက
"ငါသတင်းကြားတယ် စိတ်မကောင်းပါဘူးကွာ"
"အွန်း"
ကျနော်က နှာရှုံ့ရင်းပြန်ဖြေတယ်။
ကျော်သီဟကပဲ ဆက်ပြောတယ်။
"အသည်းကွဲနေတဲ့သူကိုတော့ ဆရာမလုပ်လိုပါဘူးကွာ ဒါပေမယ့် အေးဆေးပေါ့ ဝမ်းဂိုးတူးကမ်းပေါ့ကွာ"
"ဟားဟား အေးပါ"
ဆေးလိပ်မီးကုန်သွားပြီဖြစ်တာမို့_
"လာ ငကောင်း ကော်ဖီလေးဘာလေးသွားသောက်ရအောင်"
"အေး ကိုမြင့်ဖုန်းကို ငါသွားနှိုးလိုက်မယ်"
ကိုမြင့်ဖုန်းကိုနှိုးပြီးနောက် လက်ဖက်ရည်ဆိုင်ဘက်ကိုထွက်လာခဲ့ကြတယ်။ကျောင်းအနီးတစ်ဝိုက်ပတ်ဝန်းကျင်မှာတင် လက်ဘက်ရည်ဆိုင်၊မုန့်ဆိုင်၊ကုန်စုံဆိုင် အများအပြားရှိတာမို့ ကျောင်းသားတွေအတွက် တော်တော်အဆင်ပြေပါတယ်။
သောက်နေကျ လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး ကော်ဖီတို့ လက်ဖက်ရည်တို့ မုန့်တို့မှာယူပြီးစားသောက်ကြတယ်။မုန့်များကုန်သွားပြီးနောက် ကျန်ရှိသေးသော လက်ဖက်ရည် ကော်ဖီတို့ကို ဆေးလိပ်နှင့်တွဲဖက်မှီဝဲရင်း စည်းစိမ်ယစ်ကြပြန်တယ်။ ကျနော်ကစကားစလိုက်တယ်။
"တစ်ခုခုတော့တစ်ခုခုပဲ ငါ့ကောင်တို့ အခုငါ စားနေသောက်နေတုန်းမှာ အရက်အရသာခံစားမိနေတယ် ဘလိုဖြစ်တာတုန်း ပြီးတော့ ခေါင်းလည်းမကြည်ဘူးဖြစ်နေတယ်"
ကိုမြင့်ဖုန်းက
"ကျော်ကြီး ငါတို့ကောင်တော့ အတွေ့ကြုံသစ်တွေရနေပြီပဲ မင်း ရှင်းပြလိုက်ဦး"
"အေး ငကောင်း မင်းအရက်နာကျတာကွ အဲ့ဒါ အရက်စသောက်တဲ့သူတိုင်းခံစားရတာပဲ အရက်စသောက်တဲ့သူမှတော့လည်းမဟုတ်ပါဘူး သောက်နေကျသူတွေလည်း သောက်တာများရင် တစ်ခါတစ်လေခံရတာပဲ ဘာမှမဖြစ်ဘူးရယ်"
"သြော် အရက်နာကျတယ်ဆိုတာ ဒီလိုကိုး"
၇နာရီထိုးတော့ ကိုမြင့်ဖုန်းအဆောင်ကိုပြန်ခဲ့ကြပြီး ရေချိုး အဝတ်စားလဲ ကျောင်းသွားဖို့ပြင်ကြတယ်။ ၈နာရီထိုးတော့ ကျောင်းဘက်ကိုထွက်ခဲ့ကြတယ်။ ကျောင်းဝန်းဂိတ်ပေါက်ကနေ အတွင်းကိုဝင်ခဲ့ကြပြီး မိန်းလမ်းတစ်လျှောက်ကနေ ပင်မကျောင်းဆောင်ကို လာခဲ့ကြတယ်။ တတိယထပ်ကို တက်ကြမယ်အလုပ်မှာ စက်ဘီးကို မနေ့က ဘီးစတန်းမှာထားခဲ့တာကိုသတိရသွားမိတယ်။ ဘယ်သူမှယူမှာမဟုတ်တာကိုသိပေမယ့် ရှိမရှိ တစ်ချက်စစ်ကြည့်ချင်တာကြောင့် မြေညီထပ်က စက်ဘီးစတန်းရှိရာကိုပဲ ကျနော်ဦးတည်ပြီး ဘော်ဒါတွေနဲ့လမ်းခွဲခဲ့တယ်။ စတန်းနားအရောက်မှာ အရင်က အလွန်နှစ်သက်ခဲ့ရတဲ့ ရယ်သံလွင်လွင်လေးကို ကော်ရစ်ဒါထောင့်ကနေကြားလိုက်ရတယ်။ တဖြည်းဖြည်းနီးကပ်လာတာမို့ အနီးအနားက ရတ်စ်ရွန်းတစ်ခုထဲကိုဝင်ပုန်းလိုက်မိတယ်။ ဝင်ပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်တော့ ဝတ်ရည်ဟာ သူ့လက်ရှိရည်းစားနဲ့ရယ်မောရင်း အခန်းရှေ့ကနေဖြတ်လျှောက်သွားတယ်။ ကျောပြင်လေးကိုငေးရင်း ကျနော်မျက်ရည်ကျလာတယ်။ ဒီနေ့တော့ ကျနော်မျက်ရည်မသုတ်မိတော့ဘူး။ ခမ်းတဲ့အထိ အကုန်သွန်ချပစ်လိုက်တော့မယ်။ ဘယ်တော့မှမျက်ရည် ထပ်မကျချင်တော့ဘူး။ လွမ်းလို့ မခံစားနိုင်ဖြစ်လာတဲ့အခါတွေရှိလာရင်လည်း သာမန်လေးပဲခံစားချင်တော့တယ်။ ယောက်ျားတန်မဲ့ မျက်ရည်တွေမကျချင်တော့ဘူး။
"မင်း အရက်တွေတောင်သောက်တတ်နေပြီပဲ"
အသံကြားလို့လှည့်ကြည့်လိုက်တော့ လက်နောက်ပစ်ထားရင်း မျက်ဝန်းလေးတွေကိုမှေးထားရင်း စူးစမ်းလိုတဲ့ မျက်နှာပေးနဲ့ ကျနော့်ကို ကြည့်နေတဲ့ဟာနာ။ မျက်ရည်တွေတိတ်သွားခဲ့တယ်။
ဝမ်းနည်းကျေကွဲမှုနေရာမှာ ပျော်ရွှင်မှုလား ဝမ်းသာမှုလားမသဲကွဲတဲ့ခံစားချက်တို့ ဝင်ရောက်လာတယ်။ ရှက်ရှက်နဲ့ပဲ တစ်ဘက်လှည့်ပြီး မျက်ရည်တွေကိုသုတ်လိုက်တယ်။ စတွေ့ခဲ့တဲ့ နေ့ကစလို့ အခုသုံးရက်အတောအတွင်း ကျနော်စိတ်မချမ်းမြေ့ဖြစ်ရတိုင်း သူရောက်ရောက်လာတတ်တယ်။ သူ ဘာလဲ။ ကျနော့်အတွေးတွေကို ဖွင့်ဟထုတ်လိုက်မိတော့တယ်။
"ခများက လူရောဟုတ်ရဲ့လား ကျနော်စိတ်ညစ်တိုင်း ဘေးမှာ ရုတ်တရတ်ရောက်ရောက်လာတယ်"
ကျနော့်စကားကြောင့် ဟာနာ့မျက်ဝန်းတွေ ဝိုင်းစက်သွားတယ်။ အံ့သြသွားသည့်ဟန်။
"ဘာလဲ ခများက ကျနော့်အတွက် ဘုရားသခင်စေလွှတ်လိုက်တဲ့ နတ်သမီးလား"

ပန်းတစ်ပွင့်နှင့် နိုးတစ်ဝက်အိပ်မက်Where stories live. Discover now