မြားမြောင်ထွေထွေရွှေငွေတွေ(Z+U)

315 57 10
                                    

(ZAWGYI)

နောက်တစ်နေ့နံနက်စောစောလင်းကြက်တွန်သည်နှင့် မိုးကုမ္မာရီနိုးထလာခဲ့သည်၊သူမအိပ်ရာထချိန်ဟာ အာရုံဦးသာရှိသေးသော်လည်း နေမြင့်သည့်တိုင်အိပ်စက်တက်သော သူမရဲ့ခင်ပွန်းကတော့ အိပ်ရာထက်တွင် ရှိမနေတော့ချေ။

"အလို အထူးတဆန်း၊အာရုံဦးပဲရှိသေးတယ် အိပ်ရာကထလို့ပါလား..အပေါ့အပါးထသွားတာထင်ရဲ့"

ဝမ်းရေးအတွက်အကြော်ရောင်းရန်ရှိသေးသည်မို့ လင်ယောကျာ်းဖြစ်သူအား ဂရုမထားတော့ဘဲ အိပ်ရာမှထ၍ မျက်နှာသစ်ကာကိုယ်လက်သန့်စင်လိုက်​၏။ထို့နောက်အိမ်ဘေးရှိ ထန်းလက်အမိုးနှင့်အဖီတဲလေးထဲမှ လက်တွန်းလှည်းလေးအတွင်းသို့ ပစ္စည်းပစ္စယများကိုထည့်ပြီး အကြော်တဲရှိရာကို တစ်ကိုယ်တည်းထွက်လာခဲ့သည်။သူမရဲ့တဲအိမ်လေးဟာ ရွာ​၏အနောက်ဘက်အစွန်ဆုံး တောခြုံများနှင့်​မနီးမဝေးတွင်ရှိသော်လည်း အကြော်တဲလေးကိုတော့ လူသွားလူလာများသော ရွာအလယ်ရှိ အရိပ်ကောင်းလှသော ကုက္ကိုပင်ကြီးရဲ့အောက်တွင် ဆောက်လုပ်ထားသည်။သို့မှသာလျှင် သူမရဲ့စီးပွားရေးဟာလည်း ပြေလည်မည်မဟုတ်ပါလား။

ဆွေးမြည့်၍ သံချေးတက်နေပြီဖြစ်သော လက်တွန်းလှည်းလေးဟာ တကျွိကျွိမြည်လျှက် ပြုတ်ထွက်လုနီးပါးပင်ဖြစ်နေတာကြောင့် လှည်းကလေးကို ဂရုတစိုက်တွန်းရင်း ရွာလယ်လမ်းအတိုင်း ဖြတ်လျှောက်လာခဲ့သည်။ထိုသို့ရွာလယ်လမ်းအတိုင်းလာစဉ် သူမငယ်စဉ်က မိဘများနှင့်အတူ နေထိုင်ခဲ့သည့် အိမ်ဝိုင်းကြီးရဲ့ရှေ့သို့အရောက်၌ အမှတ်မထင်အိမ်ဝိုင်းအတွင်းသို့ လှမ်းမျှော်ကြည့်မိ​၏။မီးလောင်သင့်၍ အိမ်တစ်ခုလုံးပြာကျသွားသည့်တိုင် အိမ်ဝိုင်းရဲ့အရှေ့ထောင်တွင်ရှိသော လက်ပံပင်ကြီးကတော့ နုပျိုကာရှင်သန်နေဆဲပင်။နွေဦးရာသီဖြစ်သည့်အလျောက် လေဝှေ့တိုင်းကြွေကျနေကြသည့် နီနီရဲရဲလက်ပံတို့ဟာလည်း ပတ္တမြားမိုးများရွာချထားသည့်နှယ် မြေပေါ်တွင်ရဲရဲတောက်လျှက် ပန်းချီကားတစ်ချပ်သဖွယ် လှပနေပြန်​၏။

"ဟင် ဟို...ဟိုဟာက ဘာပါလိမ့်"

လက်တွန်းလှည်းလေးဟာရုတ်တရက်ရပ်တန့်သွားပြီး အတွေးစတို့သည်လည်း လွင့်ပြယ်ပျက်ကုန်သည်။မိုးကုမ္မာရီမြင်လိုက်ရသည်က လက်ပံပင်ကြီးနှင့် မနီးမဝေးတစ်နေရာတွင် လူတစ်ယောက်ဟာ ခပ်ကုပ်ကုပ်နှင့် တစ်စုံတစ်ခုပြုလုပ်နေသည်ကို တွေ့မြင်လိုက်ရခြင်းပင်ဖြစ်သည်။ဝေလီဝေလင်းအချိန်ဖြစ်တာကြောင့် ထိုသူဟာမည်သူမည်ဝါမှန်း မိုးကုမ္မာရီအနေနှင့်ဝေခွဲမရဖြစ်နေခဲ့​၏။လက်မှတွန်းလှည်းလေးကို အိမ်ဝိုင်းရဲ့ခြံစည်းရိုးဘေးတွင်ကပ်၍ရပ်ထားလိုက်ပြီး အရဲစွန့်ကာသူမတစ်ယောက်တည်း အိမ်ဝိုင်းထဲကိုဝင်ခဲ့သည်။မိဘပိုင်ဖြစ်ပါသော အိမ်ဝိုင်းထဲအတွင်း မည်သည့်အမှုကို ပြုနေမှန်းမသိသည့်ထိုလူအား ဒေါသထွက်သဖြင့် ရန်တွေ့ပစ်မည်ဟုတွေးရင်း ခြေမျက်စိအထက်နားထိဝတ်ထားသော ထဘီလေးကို အနည်းငယ်မတင်၍ ယင်းလူရှိရာအနားသို့ ဒေါနှင့်မာန်နှင့်လျှောက်လာခဲ့သည်။အနီးအနားကိုရောက်လေတော့ သျှောင်တစ်စောင်းထုံးထားလျှက် အပေါ်ပိုင်းအဝတ်ဗလာကျောပြင်ပြောင်ပြောင်နှင့် ယောကျာ်းသားတစ်ယောက်ဖြစ်နေလေ​၏။

နှင်းဆီအားနိဒါန်းသွယ်လို့ဘယ်ပုံညှာချိုးပါလိမ့်(ဒေဝီခင်)Onde histórias criam vida. Descubra agora