(Zawgyi)
စမ်းချောင်းလေးထဲမှ ဆယ်ယူလာသည့် ခရုခွံလေးအား ဝါးခမောက်လေးအတွင်းထည့်၍ အိမ်သို့တယုတယသယ်လာခဲ့သည်။အိမ်ကိုရောက်လေတော့ သူမရဲ့ခနော်ခနဲ့တဲအိမ်လေးအတွင်း ဤခရုခွံလေးအား မည်သို့ထား၍ မည်သည့်နေရာသိမ်းဆည်းရမည်ဆိုတာကို အခက်တွေ့နေပြန်သည်။ဒေဝီအားပေးဖို့အလို့ငှာ ငွေပိုးသားတို့အထက် ငြင်သာစွာတင်လျှက် တယုတယသိမ်းထားပေးချင်ပါသော်လည်း မွဲတေလှသည့် သူမတဲအိမ်လေးထဲတွင် အဘယ်သို့ထားရပါမည်နည်း။
နောက်ဆုံးတွင်မူ မိဘမသေခင်အချိန်က သူမအားပေးအပ်ခဲ့ဖူးသည့် ယွန်းကြုတ်ကလေးကို အမှတ်ရမိသွားသည်။ထို့ကြောင့်သေချာစွာဝှက်ထားသည့်နေရာမှ ယင်းယွန်းကြုတ်လေးကိုထုတ်၍ ခရုခွံလေးအားထည့်လိုက်သည်။ယွန်းကြုတ်လေးအတွင်းရှိ အဖြူရောင်ပိုးသားအောက်ခံအထက်ဝယ် ရှိနေသော ခရုခွံလေးကိုကြည့်၍ မိုးကုမ္မာရီဟာ ကြည်နူးနေခဲ့ရှာ၏။
ထို့နောက်အတွေးတစ်ခုပေါက်၍ သူကြီးအိမ်ကို ထွက်လာခဲ့သည်။သူကြီးအိမ်သို့ရောက်သောအခါ နွားစာစင်းနေသော လူရွယ်တစ်ယောက်ကိုသာတွေ့ရ၏။ထိုလူရွယ်က မိုးကုမ္မာရီကိုမြင်တော့ နွားစာစင်းနေသည်ကိုရပ်၍ အနားသို့ရောက်လာသည်။
"အမောင်ငယ် သူကြီးရှိသလားကွဲ့"
"ရှိတယ်အမိ ဘာကိစ္စများလဲ"
"သူကြီးနဲ့တွေ့ချင်လို့လာခဲ့တာပါ့ အမောင်ရယ်"
"ဒါဖြင့် ကျုပ်သွားခေါ်ပေးမယ် အမိကဟောဟိုက ခုံတန်းလျားမှာ ထိုင်၍သာစောင့်နေပါ့"
"ကောင်းပါပြီ အမောင်ငယ်"
လူရွယ်မှာ ထိုသို့ပြောပြီး အိမ်ရှေ့လှေကားမှတဆင့် အိမ်အပေါ်ထပ်သို့တက်သွားကာ များမကြာမီမှာပဲ သူကြီးနှင့်အတူ ပြန်ဆင်းလာ၏။ဆေးတံကိုခဲလျှက် ဆေးငွေ့တလုံးလုံးနှင့် သူကြီးဟာ မိုးကုမ္မာရီရှိရာ ခုံတန်းလျား၏ တဖက်တွင်ဝင်ထိုင်လေသည်။
"ကျုပ်ကိုတွေ့ချင်ရဲ့ဆို ဘာအရေးကိစ္စတိုင်တန်းချင်လို့တုံး မိမိုးရဲ့"
"တိုင်တန်းစရာ ပဇာအရေးကိစ္စမျှမရှိပါဘူး သူကြီးရယ်၊အမှန်ကမေးချင်တာရှိလို့ လာခဲ့တာပါ့"
![](https://img.wattpad.com/cover/287625905-288-k254402.jpg)
CZYTASZ
နှင်းဆီအားနိဒါန်းသွယ်လို့ဘယ်ပုံညှာချိုးပါလိမ့်(ဒေဝီခင်)