(Zawgyi)
"ဘယ်မှာလဲဟဲ့ ယုတ်ညံ့တဲ့ အထိန်းတော်။အမောင်မင်း ယခုချက်ချင်း ထွက်ခဲ့ပြီး အခင့်ခြေရင်းမှာ ခစားလှည့်စမ်း"
ခွန်းလောင်၏ ခန်းဆောင်တံခါးကို တွန်းဖွင့်၍ နှုတ်မှလည်း ဆူပူကြိမ်းမောင်းရင်း ဝင်လာသည့် ဒေဝီဟာ ခွန်းလောင်နှင့် သုညိုတို့၏ မလှမ်းမကမ်းတွင် မာန်ဝံ့လျှက် ရပ်တန့်လိုက်သည်။ခန်းဆောင်အတွင်းသို့ မာန်မဲဆူပူရင်း ရုတ်တရက်ဝင်လာသည့် ဒေဝီကြောင့် ခွန်းလောင်မှာ အံ့ဩလျှက်ရှိလို့နေ၏။သို့ပါသော်လည်း ခြေရင်း၌ ဒူးတုပ်ဝပ်တွားနေသော သုညိုမှာမူ ဒေဝီရဲ့ မာန်မဲသံကြောင့် ခေါင်းပင် မဖော်ဝံ့ရှာပေ။
"ကျုပ်နှမနှယ် ဒေါသတကြီးနှင့် ဘယ်လိုဖြစ်လာရတာလဲ။နို့ပြီး ကျုပ်ခန်းဆောင်ထဲကို အခွင့်မတောင်းပါဘဲ ဝင်လာပါလား"
"သည်မှာအစ်ကိုတော် ဤအိမ်တော်ဟာ ဘယ်သူရဲ့အိမ်တော်လဲ"
"နှမရဲ့ အိမ်တော်ပါ"
"ဤအိမ်ဟာ အခင့်ရဲ့ အိမ်တော်ဖြစ်ပြီး အစ်ကိုတော်က ဤအိမ်မှာ ခေတ္တလာရောက်တဲ့ ဧည့်သည်သာဖြစ်တယ်။အခင့်ရဲ့ အိမ်တော်ဖြစ်သည့်အတွက် ဤအိမ်တော်မှာရှိတဲ့ ဘယ်လိုသော နေရာကိုမဆို မည်သူ့ခွင့်ပြုမိန့်မှ မယူဘဲ အခင် ဝင်ထွက်ပိုင်ခွင့် ရှိတယ်ဆိုတာ အစ်ကိုတော် မှတ်ထားပါလေ"
ဒေဝီရဲ့ စကားများကို ထုံးစံအတိုင်း ခွန်းလောင်ဟာ ပြန်လည် ချေပနိုင်စွမ်း မရှိခဲ့ပါချေ။စစ်မြေပြင်၌ အမျိုးမျိုးသော ရန်သူအပေါင်းတို့ရဲ့ ဦးခေါင်းကို ဖြတ်နိုင်စွမ်းပြီး စစ်ပွဲတစ်ခွင် အောင်လံထူနိုင်ပါသော တပ်မှူးခွန်းလောင်ခမ်းဟာ ဒေဝီခင် မည်သော ဂုဏ်ဝံ့လျှက် မာန်မာနထောင်လွှားလှသည့် အမျိုးသမီးကိုတော့ အနိုင်မယူနိုင်ပါချေတကား။
ထိုအခိုက်မှာပင် ဒေဝီ၏ နောက်သို့ အမှီလိုက်လာရသော ကြီးတော်လှသည် ဟောဟဲတက်၍ ရောက်ချလာ၏။မောနေတာကြောင့် စကားမပြောနိုင်သေးသည့်တိုင် ကြီးတော်လှခမျာ နှစ်ဦးနှစ်ဖက်ပြဿနာဖြစ်ပါလျှင် ဒေဝီကို ကာကွယ်ရန် အသင့်အနေအထားနှင့် ရှိနေလေ၏။ထိုမှတစ်ဖန် အခြေအနေကို အကဲခတ်ကြည့်ရာ ထင်မှတ်ထားသလောက် ဆိုးရွားလှသော အခြေအနေမဟုတ်တာကြောင့် ဒေဝီ၏ နောက်ပါးတွင်သာ နှုတ်ဆိတ်လျှက် ရပ်နေလိုက်သည်။
ESTÁS LEYENDO
နှင်းဆီအားနိဒါန်းသွယ်လို့ဘယ်ပုံညှာချိုးပါလိမ့်(ဒေဝီခင်)