Fallen[VIII](Unicode)

40 7 0
                                    

ပုံမှန်အတိုင်းလည်ပတ်နေကျ အချိန်ယန္တရားက တာဝန်ကျေပွန်စွာ သူ့လုပ်ငန်းသူဆောင်ရွက်ဆဲ။ အေးစက်စက်ဆောင်းမနက်ခင်းတွေက မုန်းဖို့ကောင်းလောက်အောင်ပါပဲ။ အရာရာဟာ အေးတိအေးစက်ဝေေ၀ဝါးဝါး။ သိပ်လို့ပွင့်ဟမလာသေးတဲ့ မပွင့်တပွင့်နေရောင်ခြည်အောက်မှာ မြူ ခိုးထုကမှုန်မှိုင်းစွာကာဆီးထားတယ်။ မျှော်လင့်မထားစွာပါပဲ ဒီနှစ်ဆောင်းက ဖြတ်ကျော်ခဲ့သမျှ ဆောင်းတွေထက် ဆတိုးအေးတယ်။

'ကလင်...ကလင်...'

စက်ဘီးဘဲလ်ပေါ်တင်ထားတဲ့လက်ချောင်းတို့က လှုပ်မရလောက်အောင်အေးစက်မှု့အရှိန်ရဲ့ရိုက်ခတ်မှု့အောက်တောင့်တောင့်တင်းတင်း။ အရှေ့ဘက်မြူ ခိုးထုဆီက မြင်လိုက်ရတဲ့ မပီမပြင်လေသော အရိပ်ခပ်သေးသေးကြောင့်ဘဲလ်ပေါ်က လက်ကိုတင်မက ဘရိတ်ပေါ်က လက်ကိုပါ ခပ်မြန်မြန်အလုပ်ပေးလိုက်ရတယ်။ မကြာခဏဆိုသလို ဖြစ်တတ်တဲ့ ယာဉ်မတော်တဆမှု့မည်တဲ့ခေါင်းစဉ်အောက် သူမ အမည်နာမကပ်ပါသွားမှာကိုတော့ သဒ္ဓါရုံကြောက်ပါသည်လေ။

"တောင်းပန်ပါတယ်။ မြူ က တအားထူနေတော့ အရှေ့ကိုသဲသဲကွဲကွဲမမြင်လိုက်ရလို့ပါ..."

စက်ဘီးရှေ့ဘက်နားက ခွေခေါက်ကာပုံလို့ကျနေတဲ့ အရိပ်ကလေးက သူမ ကြောင့်မဟုတ်သော်ငြားလည်း သူမ ပယောဂတော့ မကင်းတာမို့ တောင်းပန်စကားဆိုရင်း စက်ဘီးကိုဒေါက်ထောက်ကာ ပုံရပ်လဲကျနေတဲ့ အရိပ်လေးနားတိုးကပ်လို့သွားလိုက်တယ်။ အားကစားဝတ်စုံဝတ်လို့ထားတဲ့ အရိပ်ကလေးက အမျိုးသားတစ်ယောက်မှန်း ခန့်မှန်းစရာမလိုပဲသိနိုင်တဲ့အချိုးအဆစ်မျိုးနဲ့မို့ ကိုယ့်ကိုကိုယ်သတိထားဖို့လဲ သူမ မမေ့လျော့ခဲ့။ ခြေဆစ်ခေါက်သွားလေသလား...ခြေထောက်ပဲနာသွားလေသလား မသိတဲ့အရိပ်လေးက ခေါင်းကိုအောက်ငုံ့ထားရင်း ခြေထောက်ဆီ လက်တစ်ဖက်နဲ့ဖိကိုင်လို့ထားတာမို့ ကော်ဖီညိုရောင်ဆံသားတွေကလွဲ ရုပ်ရည်သွင်ပြင်ခန့်မှန်းဖို့ရာမစွမ်းသာ...

"ဘာဖြစ်...."

ရပ်တန့်သွားရတဲ့ စကားသံတွေက မျက်စိရှေ့က မြင်လိုက်ရတဲ့ မထင်မှတ်ထားတဲ့သူကြောင့်ဖြစ်ရဲ့။ သူမ သိထား စုံစမ်းထားခဲ့သမျှထဲ တုနှိုင်းစစ် ဆိုတဲ့ သူမ မြတ်နိုးရာလေးက ဒီလို လမ်းမထက် အားကစားလုပ်ဖို့ဝေးစွ မနက်နေမြင့်သည်အထိ အိပ်ယာနဲ့ကျောကပ်နေချင်တဲ့အမျိုးသားလေးပေမလား။ အံ့သြစိတ်နဲ့ မယုံကြည်စိတ်အချို့ပေါင်းလို့ အမြင်များမှားလေသလားလို့တွေးရင်း မျက်လုံးတွေကိုလက်နဲ့ခပ်သာသာပွတ်လိုက်မိတယ်။ ထူးဆန်းစွာပါပဲ။ ရှေ့ဘက်ကမြင်ကွင်းကတော့ ပြောင်းလဲသွားခြင်း အလျဉ်းမရှိခဲ့...

FallenWhere stories live. Discover now