Fallen[X]

96 7 3
                                    

မသဲကွဲစွာရေးခြစ်ခံထားရသောရုပ်ပုံတစ်ခုရဲ့အပေါ်ဘက်မှာရှပ်ပြေးနေသောဆေးရောင်စုံတို့က စိတ်ရှုပ်ထွေးမှု့ကိုအတိုင်းသားဖော်ပြနေသလို ခပ်ရင့်ရင့်အရောင်စုံတို့နှင့်ဟိုတစ်ကွက်သည်တစ်ကွက်....

"ဟိတ်....ဟိုမှာဆေးတွေပျံ့နေပြီလေ..."

ခပ်ဖွဖွပုတ်ထိခြင်းခံလိုက်ရတဲ့အထိအတွေ့တစ်ခုနဲ့အတူ ဝင်လာရတဲ့အသိတရားတို့က အလုံးစုံစိတ်နဲ့ခန္ဓာကပ်ငြိချိန်တွင်ရှုပ်ယှက်လို့အရောင်ပြန့်သွားခဲ့ပြီဖြစ်သော ပန်းချီကားချပ်က သုံးစားလို့မရနိုင်စွာ ပစ်စလတ်ခတ်ဖြစ်ခဲ့ပြီ။

"နေကောင်းရဲ့လားရုံ...မင်းကိုကြည့်ရတာဒီနေ့စိတ်နဲ့ကိုယ်နဲ့ကပ်မနေပုံပဲ..."

"ဟုတ်တယ် ငါလဲပြောတော့မလို့ပဲ....နေမကောင်းရင်နားလိုက်ပါလားလို့..."

အုပ်စုထဲကထွက်လာတဲ့စကားသံတွေက စေတနာပါမှန်းသိပေမယ့် ခပ်သာသာ သာ ခေါင်းယမ်းလို့ငြင်းဆိုမိသည်။ ခပ်အုပ်အုပ်သစ်ပင်တန်းတို့ကဖြတ်လို့တိုက်ခတ်လာတဲ့လေနုအေးတို့က ဆောင်းတွင်းအအေးဓာတ်နှင့်ပေါင်းစပ်သည့်တိုင်အောင် မငြိမ်းစေနိုင်သည့် ရင်ထဲကအပူမီးကို အဘယ်သို့သော အနားယူခြင်းကမှ ငြိမ်းချမ်းအောင် မငြိမ်းသတ်နိုင်ကြောင်းကိုတော့ တကူးတကထုတ်ဖော်မပြောပြလိုတော့ပါ။

"ရပါတယ်။ ရုံခေါင်းနည်းနည်းကိုက်နေရုံပါပဲ..."

"ဒါဆိုခဏနားလိုက်ကြမလား။ လေလေးဘာလေးလည်းရှူကြရင်း လမ်းလေးဘာလေးလျှောက်ရင်း မျက်လုံးအညောင်းအညာလေး ဘာလေးဖြေကြတာပေါ့...Deadline ကလည်းတော်တော်လေးလိုသေးတာဆိုတော့ အေးဆေးပဲအပြီးသတ်ကြတာပေါ့..."

"စီနီယာက မျက်လုံးအညောင်းအညာဖြေမှာမဟုတ်ပဲ မျက်စိအစာကျွေးမှာမဟုတ်ဘူးလား...."

"ဟိတ်ဟိတ်..နိုင်ငံရေးတွေမပါကြေးလေ...."

"ဟားဟားဟားဟား...."

အုပ်စုဖွဲ့ခပ်ကျယ်ကျယ်ရယ်မောသံတွေဟာ သစ်ပင်အုပ်ဆိုင်းဆိုင်းတို့ကိုဖြတ်ကျော်လို့ကျယ်ကျယ်လောင်လောင်ပျံ့လွင့်လို့သွားတယ်။ သက်တောင့်သက်သာရယ်မောခြင်းတွေက လေထုကိုပေါ့ပါးစေတာအမှန်ပေမယ့် သူမအတွက်တော့ သာမန်အလိုက်သင့်စီးမြောလိုက်ခြင်းတစ်ခုထက်မပိုခဲ့။

FallenWhere stories live. Discover now