Fallen[XI](Unicode)

83 8 0
                                    

အအေးဓာတ်သိသိသာသာကဲလာတဲ့ ဆောင်းဟာ တရက်ထက်တရက်ပိုတိုးလို့ ဇာတိမာန်ကိုပြတယ်။ နှင်းပွင့်ဖြူ ဖြူ တို့ဖွေးဖွေးလှုပ်ကြွေကျခြင်းရှိမနေပေမယ့် ခပ်ထူထူ မြူ ခိုးကြား ဆောင်းမနက်ခင်းက နေမွန်းမတည့်ခင်အထိ အလင်းရောင်တို့ထိုးဖောက်နိုင်ခြင်းမရှိလောက်အောင် အရာရာဟာ မှုန်မှုန်ဝါးဝါး...

ဆရာမမရှိချိန်တိုင်းဆူညံနေကျ အခန်းငယ်ဟာ ထူးခြားစွာတိတ်ဆိတ်ခြင်းတို့ကိုဆောင်ကျဉ်းလို့ငြိမ်သက်တယ်။ အေးစက်စက်ဆောင်းမနက်ခင်းကြားထဲ ထိုင်းမှိုင်းနေကျဟန်ပါပဲ။ စားပွဲခုံထက်အုံးလို့ထားတဲ့ ခေါင်းတို့က ကွက်ကြိုကွက်ကြားပေမယ့် သေချုာပေါက်အများစုဟာ စားပွဲထက်ခေါင်းမှေးတင်ထားကြတာဖြစ်ရဲ့...

"ရုံရုံ..."

ခပ်တိုးတိုးအက်ကွဲကွဲအသံဖြစ်သော်ငြား သူမ ကပ်လို့ထိုင်နေရာပြတင်းတံခါးရဲ့တစ်ဖက်ခြမ်းဆီကလာတာမို့ အသေအချာကြားနိုင်ဖို့တော့ လုံလောက်တာတယ်။ ခုံထက်တင်အုံးလို့ထားတဲ့ ခေါင်းကိုမတ်လို့ ပြတင်းတံခါးဘက်ကိုမျက်နှာမူကြည့်လိုက်တော့ မစိမ်းသက်တဲ့မျက်နှာတစ်ခုက အသင့်စောင့်လို့ကြိုတယ်။

"ဟုတ်ကဲ့...ဘာကိစ္စရှိလို့လဲ EC..."

အကြောင်းပြချက်ရေရေရာရာမရှိပါပဲ တကူးတကခေါ်စရာလူတွေမဟုတ်တာမို့ မေးမိတဲ့စကားက တစ်ဖက်လူအတွက်ရိုင်းသလား ယဉ်ကျေးသလား သူမ မသိဘူး။

"ဆရာမခေါ်နေလို့..."

"ပါချုပ်ရုံးခန်းကိုသွားရမှာလား..."

"ဟင့်အင်း ဟင့်အင်း...နိုင်ငံခြားဘာသာဋ္ဌာနကဆရာမခေါ်တာ အဲ့ကိုသွားရမှာ..."

ထူးထူးဆန်းဆန်းကြားလိုက်ရတဲ့စကားကြောင့်အနည်းငယ်အတွေးတို့ယောက်ယက်ခတ်လို့သွားရပေမယ့် သိပ်လို့ထူးထူးထွေထွေတွေးမနေပဲခေါင်းငြိမ့်ပြလိုက်ရင်း ထိုင်နေရာက ထ လိုက်တယ်။ တကူးတကနောက်ပြောင်ကြရမယ့် အနေအထားမှာမရှိတဲ့လူတွေမို့ နောက်ပြောင်နေတာတော့ မဖြစ်နိုင်တာမို့...

........................

အေးစက်စက်လေတို့က အတန်းထဲထိုင်နေတုန်းကမသိသာပေမယ့် အပြင်ဘက်ကျောင်းဝန်းထဲမှာတော့ သိသိသာသာ ချမ်းအေးစေတယ်။ အရင်နှစ်တွေက ပူအိုက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ချောင်ထိုးလို့ထားခဲ့ဖူးတဲ့ ဆွယ်တာညိုလေးပင်တောင်မှ မကာကွယ်နိုင်လောက်သည်အထိ ချမ်းစိမ့်မှု့ကြောင့် လက်နှစ်ဖက်ကို ခပ်ဖွဖွကွေးပိုက်ရင်း လက်မောင်းတစ်ဖက်တစ်ချက်ဆီထက်တင်လိုက်မိတယ်။ အရင်ကရှုပ်ယှက်ခတ်ခဲ့ဖူးတဲ့ ကျောင်းဝန်းထဲကခုံတန်းရှည်တွေက ယခုတော့ဖြင့် လူသူသိပ်မရှိသည်အထိ ရှင်းရှင်းလင်းလင်း...

FallenWhere stories live. Discover now