အခန်း (၁)
" ကျွန်တော်... ကျွန်တော် စီနီယာ့ကို ချစ်တယ်... "
၁၇ နှစ်အရွယ် ပထမနှစ် ကျောင်းသားလေး စေလွန်းရာ၏ ပထမဆုံး ရင်ဖွင့်စကား ဖြစ်သည် ။
စေလွန်းရာ တစ်ယောက် ထိုစကားကို အားတင်းကာဖြင့် ကြိုးစားပြောခဲ့ရခြင်းဖြစ်သည် ။စီနီယာက သူ့ကို တည်ငြိမ်စွာ ပြုံးပြရင်း ကြည့်ကာ ပြန်ဖြေလာခဲ့သည် ။
" ဆောရီးပါ... ကိုယ် မင်းကို ညီလေးတစ်ယောက်လိုပဲ စိတ်ထဲ ရှိတာပါ... "
ရှိန်ထည်ဝါက ထို ဂျူနီယာ ကောင်လေး ပိစိလေးကို ညီငယ်လေး တစ်ယောက်လိုသာ ကရုဏာသက်စွာ ကြည့်မိ၏ ။
" ကျွန်...ကျွန်တော့်ကို စီနီယာ ပြန်မချစ်လောက်ဘူး ဆိုတာ ကျွန်တော်... သိ...သိပြီးသားပါ... "
စေလွန်းရာက သူ့လက်ထဲက သစ်တောက်ငှက်ပုံ သော့ချိတ်လေးကို စီနီယာ၏ လက်ထဲသို့ အရဲစွန့်ကာ ထည့်ပေးလိုက်၏ ။
စီနီယာက ထို သော့ချိတ်လေးကို အထူးတဆန်း ကြည့်ရင်း သူ့ကို ကြည့်လာသည် ။" ဒါ... ဒါလေးက... ကျွန်တော် စီနီယာအတွက် ကြိုးစားပမ်းစား ကိုယ်တိုင်လုပ်လာတာပါ... ဒါ... ဒါလေးတော့ လက်ခံပေးပါနော်... "
ရှိန်ထည်ဝါက ထိုကောင်ပိစိလေး၏ သော့ချိတ်ကိုတော့ လက်ခံပေးလိုက်သည် ။
ထိုကောင်လေး၏ ကျောပိုးအိတ်တွင်လည်း သစ်တောက်ငှက်ပုံ သော့ချိတ် ဆင်တူလေး တပ်ထားသည် ။ဒီကောင်လေးက ဆင်တူ သော့ချိတ်လေးကို လုပ်ခဲ့တာပဲ ။
ရှိန်ထည်ဝါ ပြုံးကာ ထိုကောင်ပိစိလေးကို မေးလိုက်သည် ။" ဒီသော့ချိတ်က မင်းအိတ်က သော့ချိတ်နဲ့ ဆင်တူပါပဲလား... "
စီနီယာက ပြုံးရင်း မေးလာတော့ သူ ရှက်သွားမိသည် ။
ဒီနှစ်ပြီးလျှင် စီနီယာက တက္ကသိုလ် ပြီးတော့မည် ဖြစ်သော နောက်ဆုံးနှစ် ကျောင်းသားကြီး ဖြစ်သည် ။သူ ဒီနေ့မှ မပြောလျှင် ဘယ်တော့မှ ပြောဖြစ်တော့မည် မထင်သောကြောင့်သာ ပြောလိုက်ရသည် ။
အငြင်းခံရမည်ကိုတော့ ကြိုသိနှင့်ပြီး ဖြစ်ပါသည် ။
စီနီယာက ရုပ်ရည်ချောမောလွန်းပြီး ယောကျ်ားပီသကာ Omega တိုင်း Beta တိုင်း နှစ်သက် သဘောကျရသည့် Alpha တစ်ယောက် ဖြစ်သည် ။