အခန်း (၃၆)
ကောင်းခေတ္တရာ တစ်ယောက် တီဗီအရှေ့ ထိုင်ကာ ကလေးများ ကစားနေသော အစီအစဥ်ကို ကြည့်နေသော ဖခင်ဖြစ်သူ ဦးကောင်းမြတ်မောင် ကို နားမလည်သလို ကြည့်နေမိသည် ။
ဒီအစီအစဥ်က ကလေးများ ဟိုဘက်အဖွဲ့ ဒီဘက်အဖွဲ့ နှစ်ဖွဲ့ခွဲကာ ကစားနည်းများနှင့် ယှဥ်ပြိုင်ကြရသော အစီအစဥ်ဖြစ်ပြီး တစ်နိုင်ငံလုံးက ကလေးများက စိတ်ဝင်တစား ကြည့်ကြလေသည် ။နေစမ်းပါဦး... ငါ့အဖေက ဒီလိုအစီအစဥ်တွေ ဘာကိစ္စ ကြည့်နေရတာလဲ ။
သူငယ်များ ပြန်သွားတာလား ။
ဒါမှမဟုတ်ရင် သူ့ရည်းစားဟောင်းကို ပြန်လိုက်တာ မရလို့များ ရူးသွားလေတာလား ။
သူ ဖခင်ဖြစ်သူ ဘေးနား ဝင်ထိုင်ကာ မေးလိုက်သည် ။" ဒယ်ဒီကော ဝင်ပြိုင်မလို့လား ဒီအစီအစဥ်မှာ... အဲ့လို မူကြို ဝတ်စုံလေးနဲ့ဆို ဒယ်ဒီက အရမ်းကြည့်လို့ကောင်းနေမှာ ဟားဟား... "
ကောင်းခေတ္တရာ က ဦးကောင်းမြတ်မောင် ကို ရယ်မောရင်း မေးလိုက်သည် ။
ဦးကောင်းမြတ်မောင် က ကောင်းခေတ္တရာ ကို သူ့ဘေးတွင် အတင်းထိုင်ခိုင်းပြီး တီဗီကို အတင်းကြည့်စေသည် ။" ငါ့သား... လာစမ်းပါဦး... အဲ့မှာ ကြည့်စမ်း... ကလေးလေးတွေ... ချစ်ဖို့မကောင်းဘူးလား... "
ကလေးချစ်တတ်သော ဦးကောင်းမြတ်မောင် က မျက်လုံးတွေ အရောင်တောက်လက်စွာ မေးလိုက်သော်လည်း ငယ်ငယ်ကတည်းက ကလေးမချစ်တတ်သော ကောင်းခေတ္တရာ က နှာခေါင်းရှုံ့လိုက်သည် ။
ကလေးမချစ်တတ်ပါဘူးနော် ။
ကလေးတွေ မချစ်လို့ပဲ ကိုယ့်ထက် အသက်ကြီးတဲ့သူကို ရည်းစားတော်ထားတာပေါ့ ။" မချစ်ပါဘူး... ရုပ်တွေကလည်း ဆိုးသေးတယ်... ကမြင်းကြောကလည်း ထသေးတယ်... မျောက်ကလေးတွေ တန်းစီပြီး ဆော့နေကြသလိုပဲ... ဘယ်လိုမှ ကြည့်လို့ မရဘူး... "
ဦးကောင်းမြတ်မောင် က သားဖြစ်သူကို မျက်နှာချိုသွေးပြီး ဆက်ပြောလာသည် ။
" ဟဲဟဲ... အဲ့တာက သူများ ကလေးမို့လို့ပါ... ကိုယ့်ကလေးကိုယ်သာဆို ချစ်သွားမှာ... "
" အပိုတွေ ပြောမနေနဲ့... ဒယ်ဒီလည်း သားငယ်ငယ်တုန်းက သားကို မျောက်လောင်းလေးလို့ ခေါ်ခဲ့တာပဲ မဟုတ်ဘူးလား... "