[ Unicode ]
ရေနွေ့ငွေ့သုံး စက်ခေါင်းနဲ့ ခုတ်မောင်းလာတဲ့ ရထားဟာ အဆက်မပြတ် ကျနေတဲ့ နှင်းမှုန်တွေကို အဖော်ပြုရင်း မြူတွေကို ဖြတ်မောင်းလာတယ်။ ဂျွိုက်ဟေးရှားကို ဦးတည် ခုတ်မောင်းနေတဲ့ ဒီရထားတွဲရှည်ကြီးဟာ သေသပ်လှပခမ်းနားတယ်။ ရထားသံလမ်းဘေးမှာ နှင်းတွေတင်နေတဲ့ ထင်ရှူးပင်တွေဟာ နေဝင်ချိန်နဲ့ဆုံတဲ့အခါ ပုဇွန်ဆီရောင် သန်းသွားတယ်။
ရထားတွဲထဲမှာ ခြေမျက်စိထိ ဖုံးတဲ့ ပိုးသားဂါဝန်ရှည်ကြီးကို အပေါ်မှ စိမ်းရင့်ရောင် ခြုံထည်အား ပန်းပွင့်ရင်ထိုးနဲ့ ချိတ်တွယ် ဝတ်ဆင်ထားတဲ့ အမျိုးသမီးဟာ ဘေးမှ မျက်လှည့်ဆရာ ဦးထုတ်ရှည်ကြီး ဆောင်းထားတဲ့ အမျိုးသားအား မခို့တခို့လေး ရယ်ပြတယ်။ ပျော်ပွဲစား ထွက်လာဟန်ရှိတဲ့ အထက်တန်းလွှာ ဒီစုံတွဲဟာ အပီအပြင် အိပ်နေတဲ့ ဂျောင်ဂုအတွက် နားဒုက္ခပေးသူတွေပါပဲ။
" ကိုယ့်စရိတ်နဲ့ ကိုယ်လာတာတောင် ကောင်းကောင်း မအိပ်ရဘူး "
အိပ်ရေးသိပ်မဝတဲ့ ခပ်လေးလေး ခံစားချက်ကို ရထားအပြင်ဘက် ရှုခင်းတွေကြည့်ရင်း ဖြေသိမ့်ဖို့လုပ်တယ်။ တော်တော်လေး ခရီးပေါက်ခဲ့ပြီဖြစ်လို့ မြင်ကွင်းတွေဟာ စိမ်းသက်ပြီး တန်ဖိုးမဖြတ်နိုင်တဲ့ ပန်းချီကား တစ်ချပ်လို ခံစားရစေတယ်။ မှောင်စပြုတဲ့အခါ နှင်းတွေဟာ
နှစ်ဆ ကျလာတယ်လို့ ထင်ရတယ်။ဘေးမှာ အိပ်ပျော်နေဆဲဖြစ်တဲ့ ထယ်ဟျောင်းဟာ ဂျောင်ဂု ငယ်ဘဝ အမှတ်တရတွေထဲမှာ ဂြိုဟ်ကောင် ဖြစ်တယ်။
သမိုင်းအကြောင်းတွေ စိတ်မဝင်စားတဲ့ ဂျောင်ဂုဟာ ကျောင်းမှာ ကြိုက်နှစ်သက်ရာ အသင်းတွေ ဝင်ခိုင်းတဲ့ အချိန်ဆို သစ်ပင်စိုက်ပျိုးတဲ့ အသင်းကိုပဲ ရွေးတယ်။ သစ်ပင်စိုက်ပျိုးချိန်ဆို ပျော်နေတတ်တဲ့ ဂျောင်ဂုလေးရဲ့ အပျော်တွေဟာ ကျောင်းဆရာရဲ့ အကြောင်းရင်းမရှိ သမိုင်းလေ့လာရေး အသင်းထဲ ဝင်ကိုဝင်ရမယ်ဆိုတဲ့ အမိန့်ကြောင့် ကြေမွပျက်စီးကုန်တယ်။
ဘေးစကားတွေအရ သမိုင်းလေ့လာရေး အသင်းထဲမှ ထယ်ဟျောင်းဟာ ဒီကျောင်းက ဆရာတွေနဲ့ ရင်းရင်းနှီးနှီး ရှိတယ်ပြောတယ် ။