Part - 3

261 31 0
                                    

>> Unicode <<
~~~~~~~~~~~~

" စုန်းကဝေတွေက လူယောင်ဖန်ဆင်းတတ်လားဟင် "

အီလစ်ရဲ့မေးခွန်းဟာ အစ်ကိုနှစ်ယောက်ကိုခေါင်းစားစေသည်။ ဒီကောင်လေးကို သူသိပ်သွားချင်လှတဲ့တောအုပ်ထဲကိုသွားဖို့ ခွင့်ပြုပေးလိုက်ရင် ငြိမ်သွားမယ်ထင်တာ။ ပြန်ရောက်လာမှ ထူးထူးဆန်းဆန်းမေးခွန်းတွေစလာတော့လေသည်။

စုန်းကဝေတွေက ဟင်းချက်တတ်လား။

စုန်းတွေက ဘယ်လိုရုပ်ရည်မျိုးရှိလဲ။

အဲ့ဒီစုန်းကဝေတွေက လူ‌သားတွေကိုကယ်လား။

စသည်ဖြင့် အီလစ်ရဲ့မေးခွန်းတွေဟာ တစ်နေ့တစ်မျိုးမရိုး‌စေရ။ အစ်ကိုတော်နှစ်ယောက်လည်း အားရင်အားသလို သူ့မေးခွန်းတွေကိုဖြေပေးကြပေမဲ့ တချို့အဖြေတွေကမရေရာမသေချာ‌ပေ။ ထိုအခါ အီလစ်က အလိုမကျဟန်ဖြင့်မျက်ခုံးလေးတွေတွန့်ချိုးပြီး တစ်စုံတစ်ရာကိုတွေးတောရင်း သူ့အိပ်ဆောင်ကိုပြန်သွားတတ်သည်။

ဟာဗေးလ်..။

ထောင်ထောင်မောင်းမောင်းရှိတဲ့အရပ်ကိုပိုင်ဆိုင်ထားပြီး တည်တင်းလွန်းတဲ့မျက်နှာထားနှင့်လူကြီးက အီလစ်ရဲ့အသက်ကိုကယ်ခဲ့တဲ့ ကျေးဇူးရှင်။ သူ့ကြောင့်သာမဟုတ်ရင် ဒီမင်း‌သားလေးရဲ့ဘဝက ခွေးအ,အစာဖြစ်တော့မှာ။ ပြီးတော့ အဲ့ဒီလူကြီးတိုက်တဲ့ဆေး‌တွေ..။ အဲ့ဒါဘာဆေးပါလိမ့်။

အရသာကခါးသက်ပြီး အဝင်ဆိုးပေမဲ့ အဲ့ဒီဆေးသောက်ပြီးတော့ အီလစ် တစ်ကိုယ်လုံးလန်းဆန်းသွားသလိုပဲ။ အပင်ပေါ်ကပြုတ်ကျခဲ့တာတောင်မှလေ။ အဲ့ဒီလူကြီးက သာမာန်လူသားလား။ ဒါမှမဟုတ် လူယောင်ဖန်ဆင်းထားတဲ့ စုန်းကဝေလား။ ဒါပေမဲ့ စုန်းတစ်ကောင်က ဒီလောက်သဘောကောင်းနိုင်ပါ့မလား။ အဖိုးတန်တဲ့ဆေးမြစ်တွေနဲ့စပ်ထားတဲ့ဆေးရည်လည်းတိုက်ပြီး စွပ်ပြုတ်လည်းတိုက်သေးတယ်လေ။

တကယ်စိတ်ကောင်းရှိတဲ့သူပဲ။ ဘာလို့များ လူသူကင်းမဲ့တဲ့နေရာမှာ တစ်ယောက်တည်းနေပြီးအထီးကျန်နေရတာပါလိမ့်..။

တောအုပ်ထဲမှာ ဘာတွေကြုံခဲ့ရလဲဆိုတာ အစ်ကိုတော်‌တွေကဝိုင်းမေးကြသည်။ ထူထပ်တဲ့မြူခိုးတွေအကြောင်း ၊ ကျီးငှက်အော်သံတွေအကြောင်း ၊ အစာရှာနေတဲ့ခွေးအနှင့် မြွေစိမ်းတစ်ကောင်ကိုမြင်ခဲ့တဲ့အကြောင်းတွေသာ အီလစ်ပြောပြခဲ့သည်။ သူ့ကိုကယ်တင်ခဲ့တဲ့ ဟာဗေးလ်အကြောင်းကိုတော့ထိမ်ချန်ထားခဲ့၏။ အန္တရာယ်ရှိတယ်ဆိုပြီး နောက်တစ်ကြိမ်သွားဖို့ခွင့်မပြုတော့မှာကိုစိုးသောကြောင့်သာမပြောပြခဲ့ပေမဲ့ ဟာဗေးလ်ဆိုသူအား အီလစ် သတိတရရှိပါသည်။

Memories Of Guanavia ( Completed )Where stories live. Discover now