Part - 6

149 25 2
                                    

>> Unicode <<
~~~~~~~~~~~~

တိတ်ဆိတ်ငြိမ်သက်နေတဲ့လမ်းလေးထဲ စက်ဘီးက ချိန်းကြိုးသံတကျွီကျွီကသာ ကျယ်လွန်းနေသယောင်။ အိုဟောင်းနေတဲ့စက်ဘီးလေးကို ဖြည်းဖြည်းမှန်မှန်နင်းရင်း မိနစ်တွေကုန်ဆုံးလာတာနှင့်အမျှ နန်းတော်နှင့်ဝေးသည်ထက်ဝေးကွာလာသည်။ တောအုပ်နှင့်နီးလာလေ လူနေအိမ်ခြေတွေနည်းလာလေဖြစ်ပြီး လမ်းရဲ့ဘေးတစ်ဖက်စီမှာတော့ အဝါရောင်ဂျုံစိုက်ခင်းတွေကိုတွေ့ရပေမည်။

၁၅ မိနစ်လောက် ဆက်နင်းလာပြီးနောက်မှာ အီလစ်တစ်ယောက် တောစပ်နားကိုရောက်လာလေပြီ။ စက်ဘီးလေးကို မြေပြင်မှာဒေါက်ထောက် ၊ ခေါင်းစွပ်ကိုချွတ်လိုက်ပြီး ဆီးကြိုနေတဲ့တောအုပ်ကြီးကိုကြည့်ရင်း အမောဖြေသည်။ ရပ်ကြည့်‌‌နေရုံနှင့် တောထဲက အအေးဓာတ်တွေက သူ့ဆီကိုကူးလူးလာသလိုခံစားရပြီး ရင်ထဲမှာစိမ့်ခနဲခံစားလိုက်ရသည်။ 

တကယ်ကို သဘောကျစရာဘာတစ်ခုမှမရှိပေမဲ့ ဒီတောအုပ်ကို အီလစ်သဘောကျနေမိတယ်။

ငေးနေတာကိုရပ်ပြီး ဘေးတစောင်းလွယ်ထားတဲ့အိတ်ကကြိုးလေးကို လက်လေးနှစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ တောထဲသို့ အီလစ်ရဲ့ ခြေလှမ်းတွေစတင်လိုက်သည်။

ပထမတစ်ခါလာတုန်းကလိုပဲ ဝင်ဝင်ချင်းမှာ သစ်ပင်တွေထူထပ်တာကလွဲလို့ ဘာမှမရှိပေမဲ့ ဆက်လျှောက်လာတဲ့အခါမှာ ရစ်ဆိုင်းနေတဲ့မြူတွေကိုတွေ့ရသည်။ တဖြည်းဖြည်းအေးစိမ့်လာ၍ အီလစ် ပခုံးလေး‌ကိုတစ်ချက်တွန့်လိုက်၏။ ထိုအချိန်မှာ အန္တရာယ်တွေ့မှာကိုစိုးရိမ်မဲ့အစား ဟာဗေးလ်နှင့်တွေ့ရင် ဘာပြောရမလဲဆိုတာကို အီလစ်စဉ်းစားနေမိသည်။

" နောက်တစ်ခါဆို မင်းသေသေရှင်ရှင် ငါဝင်မပါတော့ဘူး "

ဟာဗေးလ်ပြောခဲ့တာကို ပြန်ကြားယောင်မိတော့ နှာခေါင်းလေးရှုံ့၏။ ကိုယ်က အသက်ကယ်ခဲ့လို့ သူ့ကိုကျေးဇူးတင်နေတာ။ သူကတော့ အီလစ်ကို အော်ထုတ်ပစ်ခဲ့တာလေ။

အခုထိတော့ ဟာဗေးလ်ရဲ့အရိပ်ယောင်ကိုမတွေ့ရပါဘူး။ ပြီးတော့ အဲ့‌ဒီနေ့က သူ့ကိုခေါ်သွားခဲ့တဲ့ တဲလေးကလည်း ဘယ်အရပ်မှာရှိမယ်ဆိုတာ အီလစ်မသိဘူး။ ဘာဆိုဘာမှမသိတာတောင် အီလစ်ရဲ့ခြေလှမ်းတွေက ရပ်မသွားဘဲ တောရဲ့နက်သည်ထက်နက်တဲ့နေရာအထိ ဆက်ပြီးရွေ့လျားနေခဲ့တယ်။

Memories Of Guanavia ( Completed )Where stories live. Discover now