ဆယ်တန်းကလည်းအောင်ပီးခါစ လတ်လျားလတ်လျားနဲ့
ကျနော်ဝေလေလေလုပ်နေစဉ်ကာလတွေပေါ့ဗျာ။
အဲ့ဒီရှေးခေတ်အခါက သိတဲ့အတိုင်းခေတ်မှီအိမ်သာတွေမပေါ်သေး
တော့ ခြံကျယ်ကြီးတွေနဲ့ နေလေ့ရှိတဲ့ ကျနော်တို့မြို့ကလေးက
ခြံနောက်ဖေးထောင့်တွေမှာ အိမ်သာကို တွင်းအနက်ကြီးတူးပီး
ရေလောင်းအိမ်သာဆောက်ထားလေ့ရှိတယ်ဗျ။ နှစ်အတန်ကြာလို့ကျင်း
ပြည့်ပီဆိုရင် နောက်ထပ် ခြံထောင့်တစ်ခုမှာ တွင်းအသစ်တူး အိမ်သာကို
အလုံးလိုက်ဖြုတ်ပီး ရွေ့လိုက်ရုံပေါ့။အဲ့ဒီနေ့က ကျနော်တို့ အိမ်က
အိမ်သာ တွင်းကပြည့်ခါနီးတော့ ထုံးစံအတိုင်းတွင်းအသစ်တူးဖို့
စီစဉ်ရတယ်။
လူငှါးဖို့ဘာညာဆိုတာက လည်းအဲ့ဒီခေတ်အခါအရ မလိုဘူးဗျ။
ကျနော်တို့ ရပ်ကွက်ထဲက ကာလသားခေါင်းကို ကြောင်းကြားလိုက်ရုံပဲ။
သူက မောင်းထုလိုက်ရင်လူငယ်ချာတိတ်မှန်သမျှအကုန်လုံးရပ်
ကွက်ထိပ်က မီးကင်းတဲကို အရောက်လာကြရတာကိုး။ ရောက်လာ
တော့မှ သူက ဟိုကောင်နဲ့ဒီကောင် ရော့! ဒီမှာ ဘုန်းကြီးကျောင်းက
ဇရပ် သော့ ယူသွား၊ ရပ်ကွက်ပိုင်ပစ္စည်းတွေထဲက တူရွင်း၊ဂေါ်ပြား၊
ပေါက်ပြားတွေသွားယူချေ၊ မင်းနဲ့မင်းက ခြံထောင့်က ခြုံကိုသွားရှင်း
ထားနှင့်၊ ငါနဲ့နောက်ထပ်ဘယ်နှစ်ယောက်က လိုက်ခဲ့ ဘုရားငုတ်တို
နားမှာ ၀ါးသွားခုတ်မယ်။ ပီးမှ" ခြင်း"(တွင်းမပြိုအောင်ကာတဲ့
၀ါးနဲ့လုပ်ထားတယ်) ယက်ရမယ် ဘာညာအစရှိသဖြင့်စီစဉ်တော့
တာပါပဲ။
အခကြေးငွေရယ်လို့ အိမ်ရှင်ဖက်က ပေးစရာမလိုပါဘူး။
ထမင်းဟင်းလေးတစ်နှပ်လောက်ချက်ကျွေး။ တတ်နိုင်ရင် နေ့ခင်းပိုင်း
လက်ဖက်ရည်အချိုနဲ့ ခေါပုတ်ကင်လေးတိုက်ကျွေးလိုက်ရင်ပီး
သွားတာပါပဲ။ အဲ!ဆေးပေါ့လိပ်ကလေး တစ်စည်းလောက်တော့ပါ
ရတာပေါ့လေ။ အင်မတန်ချစ်စရာကောင်းတဲ့ ဓလေ့လေးတွေပေါ့ဗျာ။
(အိမ်ဆောက်ရင်လည်း ထိုနည်းအတိုင်းပါပဲ ၀ိုင်းကူကြတာဗျ)
xxxxxxxxxxxxxxxxxxxxxxxxxx
မနက်မိုးလင်းမျက်လုံးပွင့်လာတော့ အသံခပ်အောအောနဲ့ လူတစ်
ယောက်အော်ဟစ်နေသံကြားရလို့ အိပ်ယာထဲမှာ ဇိမ်နဲ့နှပ်နေရင်းက
ပြုံးနေမိတယ်။
တလောကလုံး ဒင်းအသံကြီးပဲလို့ စိတ်ထဲက ပြောမိရင်း ဟိုအော်ဒီအော်
အော်နေတဲ့ သူ့အသံကြောင့် ဆက်မအိပ်နိုင်တော့ပဲ ထလာပီး
အိမ်နောက်ဖေး ၀ရံတာကနေ ခြံထဲကိုလှမ်းကြည့်လိုက်တော့
ကျနော်တို့ရပ်ကွက်ထဲက လူငယ်လူရွယ်တွေ အလုပ်ရှုပ်နေကြတာကို
တွေ့လိုက်ရတယ်။ အေးစိမ့်စိမ့် မနက်ခင်းမှာ စွပ်ကျယ်စကာပေါက်ခပ်
ကြပ်ကြပ်နဲ့ ပုဆိုးတိုတိုစည်းထားရင်း ဟိုကောင် ဟိုဟာလုပ် ဒီကောင်ဒီ
ဟာလုပ် ဆိုပီး အမိန့်ပေးနေတဲ့ ဆံပင်ရှည်ရှည် ဗလတောင့်တောင့်နဲ့
ဆရာသမားက လှမ်းကြည့်ပီး အေဘေးလေး! ခုမှထတယ်ဟတ်လား လို့
ကျနော့်ကိုလှမ်းဆဲလာတယ်။
ဘယ်သူရှိရဦးမလဲဗျာ။ ကျနော်တို့ ဖိန့်ဖိန့်တုန်ရတဲ့ကာလသားခေါင်း
"ကိုရွှေဘ" ပေါ့။ ရွှေသွားတ၀င်းဝင်းနဲ့ တရှီးရှီးဆဲရင်း ဟိုကောင်တွေကို
ခြုံရှင်းခိုင်းနေတာ ခြံထောင့်က တောထနေတာတွေတောင် အတော်
ပြောင်သွားနေပီဗျ။
ကျနော်လည်း အိမ်အောက်ထပ်ကိုဆင်းလာပီး မျက်နာသစ်သွားတိုက်
လိုက်တယ်။ ပီးမှ အမေ ပြင်ဆင်ထားတဲ့ လက်ဖက်ရည်ဒန်ချိုင့်ကြီးကို မ
ပီး အလုပ်များနေတဲ့ လူတွေဆီသယ်လာခဲ့တယ်။
ဆရာသမားတွေ အုန်းထမင်းနဲ့ လက်ဖက်ရည်ဖန်ချို တဲ့ဗျို့ ..
xxxxxxxxxxxxxxxxxxxxxxxxxxx
စားသောက်ပီး ဆေးပေါ့လိပ်ကလေးတွေကိုယ်စီနဲ့ ခဏနှပ်ရင်း
ခြံထောင့်မှာ ထွေရာလေးပါး ကျနော်တို့လူငယ်တစ်စု အာလူးဖုတ်
နေကြသေးတယ်။
အာလူးဖုတ်ကြတယ်ဆိုတာ ကလည်း ခင်ဗျားတို့သိတဲ့အတိုင်း ကျနော်
တို့ ပြောတာက နည်းနည်း ကိုရွှေဘ ရဲ့ လေကြောမှာ အားလုံးမျှော
နေကြတာချည်းပဲဗျ။ ခုကျနော်တို့ ခြံကြီးရဲ့ရာဇ၀င်ကို သူက
ရှေ့မှီနောက်မှီဆိုတော့ လူကြီးသူမတွေပြောဖူးတာအကုန်ကြားခဲ့တယ်
ဆိုတာကိုး။
ဖိုးသက်တို့ ခြံက ငါတို့ချာတိတ်ဘ၀က ဆို တော်ရုံဝင်မဆော့ရဲဘူးဆရာ
အမ်! ဘာလို့လဲကိုရွှေဘ?
ဟ နေ့ခင်းကြောင်တောင်ကြီးတောင် ကျောစိမ့်စရာကောင်းတာလေ..
ဒီနေရာကနေ လှမ်းကြည့်လိုက် ဟိုကုန်းကမူလေး တွေ့တယ်မလား အဲ့ဒါ
ရာဇ၀င်ထဲကနာမည်ကျော် "မောင်ဖေငယ်" ကို ကားစင်တင်ပီးသတ်တဲ့
နေရာကွ
သြော်!
ဒီထက်ထူးတာက ဒီနေရာတည့်တည့်က ဒုတိယကမ္ဘာစစ်က မဟာမိတ်
တွေစခန်းချတဲ့ ခံတပ်တစ်ခုကွ၊ဟိုးအရင်ကဆို တင့်ကားအပျက်၄၅စီးလောက်ဒီခြံထဲမှာကျန်ခဲ့လို့ ငါတို့တက်ဆော့နေကြ ငါတို့ခု အိမ်သာ
တွင်းတူးရင် အုတ်ခဲ အပြာရောင်အကြီးကြီးတွေ ကျည်ဆံတွေ အများ
ကြီးထွက်လာလိမ့်မယ် .. အရင်တစ်ခါကဆို တော်မီဂန်း ၄လက်
လောက်ရဖူးတယ်.. နောက်ထပ်ထူးခြားတာ ထပ်ပြောရရင်
ငါတို့ကလေးဘ၀က အင်မတန်နာမည်ကြီးတဲ့ အောက်လမ်းဆရာ
"ဦးလူကြီး" ဆိုတာ အဲ့ဒီတုံးက ဗုံးကြဲခံထားရလို့
တစ်ဝက်တစ်ပျက်ပြိုကျနေတဲ့ ဟော့ဒီနေရာတည့်တည့်မှာရှိလောက်တဲ့
မဟာမိတ်ခံတပ်အဟောင်းကြီးထဲမှာ နှစ်ပေါင်းများစွာနေသွားဖူးတယ်
ဟ.. ဒါတွေမင်းတို့ဘယ်သိမှာလဲ.. မင်းတို့မမွေးခင်နှစ်ပေါင်းများစွာက
ဖြစ်ခဲ့တာတွေကိုး ကိုရွှေဘ ပြောမှပဲ ကိုယ့်ခြံထဲကိုယ်လမ်းတောင်
လျှောက်ရမှာခပ်လန့်လန့်ဗျာ ဟီးဟီး
ကဲ! အာလူးဖုတ်တာများသွားပီ စမယ်စမယ် .. ဒီနေ့ညနေမစောင်းခင်
အားလုံး ကွန်ပလိ ဖြစ်အောင် ချလိုက်ကြစို့ ..
ပေါက်ပြား၊တူရွင်း၊ဂေါ်ပြားများကို ယူငင်ကာ ရပ်ကွက်ထဲက
လူငယ်များလှုပ်လှုပ်ရှားရှားဖြင့် တွင်းစတူးရန်ပြင်ဆင်ကြလေပီ။
အကုန်လုံးက ကျန်းမာသန်စွမ်းတဲ့လူငယ်တွေဆိုတော့
မိနစ်ပိုင်းအတွင်းမှာကို တစ်ယောက်နှစ်ယောက်ပဲ ၀င်တူးရသေးတယ်
တွင်းကရုပ်လုံးပေါ်စပြုလာတယ်။
ဒါပေမယ့် တစ်ထောင့်ထွာလောက်အနက် အရောက်မှာ
မြေလွှာအပျော့မဟုတ်တော့ပဲ အုတ်ခဲတွေကိုစတူးမိပီ။
ပေါက်ပြား၊တူရွင်းပြားတွေဘေးချပီး သံတိုင်(သံတူရွင်းအချွန်)
ကိုင်ပီး၆လက်မပတ်လည် အုတ်အပြာတွေကို
ကလော်ထုတ်ပီးတူးနေရတယ်။ ဆေးပေါ့လိပ်ကိုက်
ပီး စကားဟောင်ဖွာဖွာနဲ့ ကိုရွှေဘက စီစဉ်ညွှန်ကြားနေတဲ့အချိန်
ကျနော်နဲ့နောက်ထပ် ချာတိတ်၂ကောင်က အသင့်ခုတ်ပီးယူလာတဲ့
တင်းဝါးတွေကို ခွဲခြမ်းစိတ်ဖြာပီး တွင်းထဲချဖို့
ခြင်းကြားယက်နေကြတယ်။
ချထား ငါ့ကောင်တွေ ဒီအုတ်ခဲကြီးတွေရှိတဲ့အလွှာကျော်သွားရင်
မြေပျော့ပျော့တွေလာတော့မှာ အေးဆေးဖြစ်သွားပီ.. ကံကောင်းရင်
ကျည်ဆံသေတ္တာတွေ သေနတ်တွေပါ ရနိုင်တယ်
... ... ...
အရင်တစ်ခါ တော်မီဂန်း၎လက်နဲ့ ကျည်ဆံတွေအများကြီးရတုံးက
တပ်ကိုသွားအပ်လိုက်တာ ဘဲငန်း၃ကောင်လက်ဆောင်ရလို့
ချက်စားလိုက်ရဖူးတယ်.. ယမ်းထုပ် တွေရလာရင်လည်း မြစ်ထဲသွားပီး
ငါး မိုင်းခွဲလို့ရတယ်..
ကိုရွှေဘ ရဲ့မစားရ၀ခမန်း မြှောက်ပေးသံကြောင့် တွင်းတူးနေတဲ့
လူငယ်တွေ တဟေးဟေး တဟားဟားနဲ့
တက်တက်ကြွကြွဖြစ်လာကြတယ်။ ၀ါးခြမ်းတွေကိုအချောသပ်ရင်း
ခြင်းယက်နေရာကနေ ကျနော်ကိုရွှေဘကို လှမ်းစကားပြောလိုက်တယ်။
ကိုရွှေဘ.. ဟိုးအရင်တစ်ခါက ဦးစိန်တို့ အိမ်မှာ
အိမ်သာတွင်းတူးကြတုံးက ကျောက်တွေဘာတွေရဖူးတယ်ဆို?
ဟ..ဦးစိန်တို့အိမ်ဆိုတာ စစ်ကြီးမဖြစ်ခင်က
တရုတ်ကျောက်သူဌေးတွေနေသွားဖူးတာတဲ့..
ကျောက်ခုံထောင်သွားဖူးတာပေါ့.. အဲ့မှာ ငါနဲ့ချီးဗူး
၂ကောင်တွင်းထဲဆင်းတူးရင်းရတာပေါ့
အင်း..
အိမ်ရှင်သိရင် ရှယ်ယာခွဲရမှာစိုးလို့ ခါးပုံစထဲထည့်ပီးဖွက်ဘယ်သူ့မှအသိမပေးပဲ အသာလေးဝိုက်လာကြတာ..
သွားရောင်းစားတော့ အဲ့ဒီခေတ်က ပိုက်ဆံနဲ့
၄၀၀၀ကျော်လောက်ရတယ်.. ချီးဗူးနဲ့ငါတစ်ယောက်
၂၀၀၀လောက်စီပေါ့
ဟာ..အများကြီးပေါ့ အဲ့ဒီခေတ်ကဆိုတော့?
မသုံးလိုက်ရပါဘူးကွာ.. ကိုယ်နဲ့မှမထိုက်တာချီး!
ဖဲရှုံးသွားလို့လားဗျ?
နောက်နေ့မှာအစိုးရက ပိုက်ဆံတွေတရားမ၀င်ကြေငြာတော့
အကုန်ပါသွားပါလေရော တစ်ပြားမှကိုမသုံးလိုက်ရတာ တောက်!
တွေးမိတိုင်းအသည်းနာတယ်ကွာ
ဟားဟားဟား.. ပေါက်တီးပေါက်ရှာဗျာ
ဗျိုး.. ကိုရွှေဘ ဒီမယ် လာပီလာပီ လာကြည့်ဦး
ခါးလည်လောက်ရောက်နေတဲ့ တွင်းတူးတဲ့လူတွေဆီက
အော်သံကြားရလို့ အားလုံးဝိုင်းအုံကြည့်လိုက်ကြတယ်။ လာပါပီဗျာ။
YOU ARE READING
ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး
Short Storyအချစ်တက္ကသိုလ် က စာအုပ် အဟောင်းလေးတွေကို ပြန်ဖတ်နိုင်ဖို့ စုစည်း ထားခြင်း ဖြစ်သည်။