ကျောင်းသွားဖို့ ဆူးခက် စက်ဘီးလေးကို အဆင်သင့်ပြင်ပြီး အိမ်ကထွက်ဖို့ လုပ်နေချိန်မှာ မတင့်က လာပြောသည်။
"ဆူးခက် ကျောင်းအတူသွားဖို့ မမလေးကစောင့်နေပါတဲ့"ဆူးခက်စက်ဘီးလေးကိုပြန်ရပ်လိုက်ပြီး ပန်းချီ ထွက်အလာကိုစောင့်နေလိုက်သည်။
ခဏနေတော့ ပန်းချီထွက်လာပြီး ကျောင်းသွားဖို့ ကားပေါ်တက်လိုက်သည်။
"ဆူးခက် လာတက်လေ"
ကားပေါ်မတက်ပဲ ကြောင်တောင်တောင်ရပ်နေတဲ့ ဆူးခက်ကို ပန်းချီက လှမ်းပြောတော့ ဆူးခက်လည်း ကားပေါ် တက်လိုက်ရတော့သည်။
"ဆူးခက် ဒီနေ့ မုန့်စားဆင်းရင် နင်နဲ့ငါ မုန့်သွားဝယ်စားကြမယ်"
သူပဲ ကျောင်းကမုန့်တွေ မစားဘူးပြောပြီး ခုကျတော့ သွားစားမယ်တဲ့။
"ငါ့မှာ မုန့်ဖိုးပါမလာဘူး"
"နင့်မှာ မုန့်ဖိုးမလိုပါဘူး။ ငါပါနေတာပဲ"
ဆူးခက် ပန်းချီ့ကိုကြည့်လိုက်မိသည်။ ပန်းချီကတော့ ရှေ့ကိုသာ ခပ်တည်တည်ကြည့်နေသည်။
ဆူးခက်အနေနဲ့ ပန်းချီ စိတ်တိုင်းကျ လိုက်လုပ်ပေးရမည့်တာဝန်ရှိသည်မဟုတ်လား။ဆူးခက် ပန်းချီကားပေါ်က ဆင်းလာတာမြင်တော့ ပန်းချီသူငယ်ချင်းတွေက အံ့သြတကြီး ကြည့်ကြသည်။ ဆူးခက်လို ကောင်မလေးကို ပန်းချီက ကားနဲ့ တင်ခေါ်လာသည်မှာ ထူးဆန်းလွန်းလှပေသည်။
မုန့်စားဆင်းတော့ ပန်းချီနှင့် ဆူးခက် မုန့်စျေးတန်းကိုထွက်လာကြသည်။ သူတို့နှစ်ယောက်လုံး ဘာစားရမည်မသိ။ ခုမှ မုန့်စျေးတန်းကိုရောက်ဖူးကြခြင်းဖြစ်သည်။
"ဘာစားကောင်းလဲ သိလား"
ပန်းချီကမေးတော့ ဆူးခက်မှာ ဘာပြောရမှန်းမသိဖြစ်နေသည်။
"ငါလဲ တခါမှ ဒီမှာ လာမစားဖူးဘူး"
ပန်းချီ က ဆူးခက်ကို ကြည့်ပြီး ခေါင်းလေးတရမ်းရမ်းလုပ်နေသည်။
ကျောင်းသားတွေကလည်း မုန့်ဆိုင်တိုင်းမှာ အလုအယက်တိုးဝယ်နေကြသည်။
"ကောင်းမယ်ထင်တာ တခုခုဝယ်ခဲ့ပါလား"
ပန်းချီက လူအုပ်ထဲတော့မတိုး။ ဆူးခက်ကို ဝယ်ခိုင်းသည်။
ဆူးခက်လည်း အနားရှိတဲ့ အားလူးကြော် နှစ်ထုပ်နဲ့ ပီကေသာဝယ်ခဲ့လိုက်သည်။
"ရော့ လူတွေ တိုးနေတာ ဒါပဲရလာတယ်"
ဆူးခက်ပေးသောမုန့်ကိုကြည့်ပြီး စိိတ်ညစ်သွားပုံရသည်။
"နင့်မုန့်တွေက ပျင်းစရာကောင်းလိုက်တာဟာ"
ဆူးခက်လည်း သူပျော်စေမယ့် မုန့်မျိုး ဘယ်ဟာလဲဆိုတာ မသိ။ နောက်များတော့ သိလာလိမ့်မည်ထင်ပါသည်။
နှစ်ယောက်သား အားလူးကြော်ထုတ်လေးတွေဖောက်စားရင်း အတန်းထဲပြန်လာခဲ့ကြသည်။
"ဟဲ့ ပန်းချီ နင်မုန့်ဝယ်စားနေတယ် ဟုတ်လား"
YOU ARE READING
"ချစ်ခြင်း၏ အလွန်"
Romanceပန်းချီ "ဆူးခက်ဆိုတာ သူ ချစ်စရာမလိုလောက်အောင်ကို သူပိုင်ဆိုင်ထားပြီးသားသူလို့ထင်ခဲ့တာ တကယ်တမ်း သူ ဆူးခက်ကို မပိုင်ဆိုင်ခဲ့" ပိုး "ပိုးကိုယ်ပိုးထက် မ ကိုပိုချစ်တယ်" ဆူးခက် "ဘဝမှာ ကိုယ်ချစ်ရတဲ့သူ ပျောက်ဆုံးသွားတာလောက် နာကျင်ရတာမရှိဘူး"