"ပိုး .... ပိုး ...."
ပိုးက သူ့ကိုလှည့်မကြည့်။ သူပိုးဆီပြေးသွားလိုက်သည်။ နီးသလိုနဲ့ ဝေးသွားလိုက်တာပိုးရယ်။ မ ကိုလှည့်ကြည့်ပါအုံး။
လမ်းမပေါ် ခွေခွေလေး လဲနေတဲ့ ပိုး။
ပိုး .... ပိုးက ဘယ်လိုဖြစ်တာလဲ။ ပိုး က ဘာလို့ လဲနေတာလဲ။ ကားတစ်စီး သူ့ဆီတည့်တည့်ကြီး ဝင်လာသည်။ သူမျက်စိမှိတ်ချလိုက်သည်။
"ဒုန်း....."
အသံကျယ်ကြီး ကြားလိုက်ရသည်။ လမ်းမပေါ်မှာ ပိုးက ခွေခွေလေး။ သူပိုးဆီပြေးသွားလိုက်သည်။ ပိုးကမရှိတော့ပြန်။
"ပိုး .... ပိုး....."
မျက်လုံးဖွင့်လိုက်တော့ မျက်နှာကျက်အဖြူရောင်ကိုတွေ့ရသည်။
"ဆူးခက် သတိရပြီလား"
အသံကြားရာ ကြည့်လိုက်တော့ ပန်းချီ့ကိုတွေ့လိုက်သည်။
အိပ်မက်လား။ ဒါဆို ပိုးရော။
"ပိုးရော ပိုးဘယ်မှာလဲ"
ဆူးခက်ရုတ်တရက် ထထိုင်လိုက်သည်။ ထလို့ မရလောက်အောင် နာကျင်မှုကို ခံစားလိုက်ရသည်။
"အ..."
"မထနဲ့လေ ဆူးခက်။ နင် ထလို့မရသေးဘူး"
ချက်ချင်းဆရာဝန်တွေရောက်လာကြပြှီး စစ်ဆေးပြီး ပြန်ထွက်သွားကြသည်။
"ပန်းချီ ပိုးကိုခေါ်ပေးပါလား"
ပန်းချီက ဘာမှ ပြန်မပြော။
"ငါ့ဖုန်း ငါ့ဖုန်းယူပေးပါ"
"ခဏနားလိုက်ပါအုံး ဆူးခက်ရယ်"
"ပိုး ဆီ ဖုန်းခေါ်ရမယ်"
ပန်းချီကိုသေချာကြည့်လိုက်တော့ သူလဲ လက်မှာ ပတ်တီးနဲ့။
ဒါဆို အိပ်မက်မဟုတ်ဘူးလား။
ဒါဆို ပိုး... ပိုးကရော။
လမ်းမပေါ်မှာ လဲကျနေတဲ့ ပိုး။
ဆူးခက်ရအောင်ထလိုက်ပြီး လက်မှာထိုးထားတဲ့ ပိုက်တွေ အကုန်ဆွဲဖြုတ်လိုက်သည်။
ဆူးခက် မတ်တပ်မရပ်နိုင်။ လဲကျသွားသည်။
"ဆူးခက် စိတ်အေးအေးထားစမ်းပါ"
လဲကျနေရာက သူထပ်မေးလိုက်သည်။
"ပိုး ဘာဖြစ်သွားသေးလဲ"
ပန်းချီက မဖြေ။
ဆူးခက် မျက်ရည်က အလိုလိုကျလာသည်။ မဟုတ်လောက်ပါဘူးလို့ပဲ ထပ်တွေးလိုက်ပြီး မတ်ထပ်ရအောင်ရပ်လိုက်သည်။ တကိုယ်လုံး နာကျင်လိုက်တာဆိုတာ ရင်ဘတ်နံရိုးတွေနားက အနာဆုံးပဲ။အတင်းကုန်းရုန်းထနေသော ဆူးခက်ကို ပန်းချီ လာတွဲသည်။
"ပန်းချီ ငါ့့ကိုပြောနော်"
ပန်းချီက ပြန်မပြော။
"ဟဲ့ ငါ့ကိုပြောလို့"
ဆူးခက်အော်ချလိုက်သည်။
"ပိုး ဆုံးသွားပြီ ဆူးခက်"
သူ့ကို တွဲထားတဲ့ ပန်းချီ့လက်ကို ဖယ်ချလိုက်သည်။ ဆူးခက် ထပ်မံလဲကျသွားသည်။
"ပိုး က ဘာလို့ သေရမှာလဲ။ မဟုတ်လောက်ပါဘူး"
ကြမ်းပြင်ပေါ် လဲကျနေရင်းက မျက်ရည်တွေ တပေါက်ပေါက်ကျနေတော့သည်။ ပြုံးရွင်စွာလက်လေးလှမ်းပြနေတဲ့ ပိုး မျက်နှာလေးကို မြင်ယောင်လာသည်။
ပိုး မသေလောက်ပါဘူးဟု ထပ်တွေးလိုက်
ပြန်သည်။ လမ်းမပေါ် လဲကျနေတဲ့ ပိုးပုံစံကပေါ်လာပြန်သည်။ ပိုး မရှိပဲ မ က ဘယ်လို အသက်ရှင်နေရမှာလဲ။
ကြမ်းပြင်ထက်မှာ ရှိုက်ကြီး တငင်ငိုနေတဲ့ ဆူးခက်ကို ပန်းချီမမြင်ရက်တော့။
"ဆူးခက်ထတော့နော်"
သူ့ကိုလာထူသော ပန်းချီ့လက်တွေကို ပုတ်ချလိုက်ပြီး ပန်းချီ့ကို နားကျည်းစွာကြည့်လိုက်တော့သည်။
"ပိုး က နင့်ကြောင့်...."
မျက်ရည်က ထိန်းမရအောင် တချိန်လုံးကျနေခဲ့သည်။
"ဟုတ်တယ် ငါ့ကြောင့်ပါ"
ဆူးခက် အပြင်ထွက်ဖို့ ကြိုးစားလိုက်သည်။ ပိုးကိုတော့ သွားကြည့်ရမယ်မဟုတ်လား။
"ဆူးခက် နင်သွားလို့မရဘူး"
"ငါပိုးဆီသွားမလို့"
"သူ့ကို သဂြိုလ်လိုက်ကြပြီ"
နောက်ဆုံးအကြိမ်ဆိုတာတောင် သူ့မှာ မရှိတော့ပါလား။ ပိုးကို ခဏလောက်ဖြစ်ဖြစ် ထပ်တွေ့ချင်မိတယ်။ ခဏလေးဖြစ်ဖြစ်ပါ။ လမ်းမပေါ် လဲကျနေတဲ့ ပိုးရဲ့ ပုံရိပ်တွေ ပေါ်လာပြန်တယ်။
ပိုး ရယ် မ ကြောင့် ခုလိုဖြစ်တာပါ။ မ ကြောင့်......
ဆူးခက်ကို ကုတင်ပေါ်ပြန်တင်ပေးလိုက်တော့ ဆူးခက်က ငြိမ်သက်သွားပြန်သည်။ပန်းချီ အပြင်ခဏထွက်ခဲ့လိုက်သည်။
သူ ဆူးခက်ရှေ့မှာ မငိုချင်။ သူ့ကြောင့် ပိုးသေသွားရတာ။ ကျန်ခဲ့တဲ့ ဆူးခက်ကိုတော့ သူစောင့်ရှောက်ရမည်ဖြစ်သည်။
ဆေးရုံတက်နေတဲ့ တလျောက်လုံး ဆူးခက် စကားတခွန်းမှ မပြောတော့။ သူ့ဘာသာငြိမ်ငြိမ်လေးနေနေပြီး တခါတခါ မျက်ရည်တွေ ကျနေတတ်တာကို တွေ့ရသည်။
အထူးသဖြင့် ပန်းချီကို ကြည့်ပင်မကြည့်တော့ပေ။
ဆူးခက် ဆေးရုံကဆင်းလို့ရတော့ သူ့အခန်းလေးကိုသာပြန်လာခဲ့လိုက်သည်။
အခန်းထဲရောက်တော့ ကုတင်ဘေးက စားပွဲလေးပေါ်မှာထောင်ထားတဲ့ သူနဲ့ပိုးရဲ့ ဓာတ်ပုံလေးကို တွေ့ရတော့ သူငိုမိပြန်သည်။ အသက်ရှင်နေရတာ ဘာမှ အဓိပ္ပါယ်မရှိတော့။ သူ ပါတခါထည်းသေသွားရင် ကောင်းသားလို့ တွေးလိုက်မိသည်။
သူ ညဘက်တွေ ပိုး ကိုအိပ်မက်မက်သည်။ ပိုး က သူ့ကိုပြုံးပြုံးလေးကြည့်နေသည်။ တခါတလေ လမ်းမပေါ် လဲကျနေတဲ့ ပိုးကို မြင်ရပြန်သည်။ တခါတလေ ဝမ်းနည်းစွာနဲ့ သူ့ကိုကြည့်နေပြန်တယ်။
ဆူးခက် ဘာဆက်လုပ်ရမည်မသိတော့။ ပိုးရေ မ ဘယ်လိုများ အသက်ဆက်ရှင်နေရမလဲ။ မ လေ ပိုး ကိုပဲ တချိန်လုံး မြင်နေရတယ်။ မ ဆီခဏလောက်ဖြစ်ဖြစ် ပြန်လာခဲ့ပေးပါလား။ ခဏလေးဖြစ်ဖြစ် မ ပိုးကို ဖက်ထားချင်လို့ပါ။ ခဏလေးပဲဖြစ်ဖြစ်ပါ.....
YOU ARE READING
"ချစ်ခြင်း၏ အလွန်"
Romanceပန်းချီ "ဆူးခက်ဆိုတာ သူ ချစ်စရာမလိုလောက်အောင်ကို သူပိုင်ဆိုင်ထားပြီးသားသူလို့ထင်ခဲ့တာ တကယ်တမ်း သူ ဆူးခက်ကို မပိုင်ဆိုင်ခဲ့" ပိုး "ပိုးကိုယ်ပိုးထက် မ ကိုပိုချစ်တယ်" ဆူးခက် "ဘဝမှာ ကိုယ်ချစ်ရတဲ့သူ ပျောက်ဆုံးသွားတာလောက် နာကျင်ရတာမရှိဘူး"