အပိုင်း၇

1.6K 116 28
                                    

Unicode

"အခုချက်ချင်း အပေါ်ထပ်ကို လိုက်ခဲ့..."

ဒေါ်နီလာလင်းဦး​၏ အသံမှာ ကျယ်လောင်တင်းမာနေလျက်။ ရောင်နီသည်လည်း ထိုအခြေအနေကို နားမလည်ပါ။ အမေ အပြင်ကနေ ဘာတွေများ ပြဿနာဖြစ်လာသလဲ သူ မသိပေ။ အမေက သူတို့နှစ်ဦးကြားကနေ ဖြတ်သွားပြီး ကြက်တောင်စည်းလေးကို မျက်လုံးစွေ၍ ကြည့်သွားသည်။ လူပျိုပေါက် အကြောမခံလေး မော်ကွန်းမြတ်က တစ်ချက်မျှပင် မျက်နှာပျက်မသွား။

"သွားပြီနော် ကြက်တောင်စည်းလေး...နောက်နေ့တွေကျမှ တွေ့ကြမယ်..."

မော်ကွန်းလေးက ခေါင်းငြိမ့်၍သာ အဖြေပေး​၏။

ရောင်နီ အမေ့နောက်သို့ အမြန်ပြေးလိုက်ရသည်။ အမေနှင့်သူ အသေအချာစကားမပြောဖြစ်သည်က ဆေးကျောင်းစတက်ကတည်းက မဟုတ်ပါလား။ စကားပြောဖြစ်ပြန်တော့လည်း သည်လိုတင်းမာမှုတွေနဲ့တဲ့လေ။

"အမေ သား------"

"မင်း အဲ့ကောင်လေးနဲ့ ရောရောနှောနှောမနေစမ်းနဲ့..."

အမေ့အသံက တိကျပြတ်သားနေလျက်။ အမေဟာ သန်မာသည့် အာဂအမျိုးသမီးတစ်ဦး။ လင်ယောက်ျားမရှိတော့သည့်တိုင် သားဖြစ်သူကို ဆေးကျောင်းသားတစ်ဦးဖြစ်လာသည်အထိ ပြုစုစောင့်ရှောက်ပေးခဲ့သူ။ ထို့ကြောင့် ရောင်နီ့မှာ သူ့အမေ​၏ အရှိန်အဝါတို့အောက် ကွယ်ပျောက်တိုးလျှိုးနေသကဲ့သို့ ခံစားနေရသည်။

"အဲ့ကောင်လေးဆိုတာက---"

ရောင်နီ နားမလည်နိုင်စွာ မေးလိုက်သည်။ အမေက သူ့ကို ဘာအလိုမကျဖြစ်နေသလဲ သူ မတွေးတတ်။

"အဲ့အောက်ထပ်က မော်ကွန်းမြတ်ဆိုတဲ့ကောင်လေးပေါ့..."

အမေက အံကြိတ်ကာ ဆို​၏။ ရောင်နီနားမလည်နိုင်သေးပါ။ ဘာကြောင့်များ ကြက်တောင်စည်းလေးလဲ။ ကြက်တောင်စည်းလေးက ဘာများဖြစ်နေလို့လဲ။ ကြက်တောင်စည်းလေးနဲ့သူက ဘာတွေများ ဖြစ်နေကြလို့လား။
ခေါင်းထဲမေးခွန်းများတန်းစီသွားပါသော်လည်း အပြင်တွင်တော့ တစ်ခွန်းသာ ထုတ်ပြောမိသည်။

"ဘာလို့လဲ အမေ..."

အမေ့ပုံစံမှာ သိပ်ပြီး စိတ်မရှည်တော့သလိုပင်။ ရောင်နီ့လက်မောင်းကို ကိုင်ဆွဲကာ သူ့ရှေ့သို့ တိုးစေလျက် အံကြိတ်သံဖြင့် သတိပေးလာသည်။

ကိုယ့်ရဲ့ ကြက်တောင်စည်းလေး (ကိုယ့္ရဲ့ ကြက်တောင်စည်းလေး)Where stories live. Discover now