အပိုင်း၁
တောင်ကိုးရီးယားနိုင်ငံ၊ဆိုလ်းမြို့
လက်ရှိအချိန်သည် တောင်ကိုးရီးယားနိုင်ငံအား ဖက်ဆစ်ဂျပန်တို့ အုပ်စိုးနေကြချိန်ဖြစ်သည်။ ၁၉၃၉မှစတင်ခဲ့သော ဒုတိယကမ္ဘာစစ်တွင်လည်း ပါဝင်ခဲ့ကြသော ဂျပန်တို့သည် ဖက်ဆစ်စနစ်ကိုသုံးကာ နိုင်ငံအများအပြားကို အုပ်ချုပ်ထားကြသည်။ ဂျပန်တို့သည် အင်မတန်မှရက်စက်လွန်းလှသည်။ နေရာတကာတွင် သေနတ်မိုး ဓားမိုးလုပ်တတ်သည်ကာမက သူများသမီးပျိုလေးများကို အဓမ္မပြုကျင့်တတ်ကြသည်။ သို့ရာတွင် ဤသို့ရက်စက်မှုအပေါင်းခညောင်းနေသော တောင်ကိုးရီးယားနိုင်ငံသို့ ကနေဒါသားဖြစ်သော မက်သရူးဟာ ခြေချခဲ့လေသည်။
မက်သရူးသည် ကနေဒါနိုင်ငံသားဆိုသော်လည်း စင်စစ်မှာ ကိုးရီးယားသွေးနှောနေသည်။ မက်သရူး၏မေမေသည် ကိုးရီးယားအမျိုးသမီးဖြစ်ပြီး မိမိနိုင်ငံကိုအလွန်ချစ်သူလည်းဖြစ်သည်။ ဖူးစာကံကြောင့် ကနေဒါသားဖေဖေနှင့်အကြောင်းပါလာရသော်လည်း ကနေဒါမှနေ၍ တောင်ကိုးရီးယားနိုင်ငံ၏ သတင်းများကို အစဉ်နားစွင့်ကာ စိတ်မချမ်းမမြေ့ဖြစ်နေရသူဖြစ်သည်။ ယခုဆိုလျှင် မေမေဆုံးသွားသည်မှာ တစ်လကျော်လာပြီဖြစ်သည်။ သို့ရာတွင် မေမေ၏နောက်ဆုံးဆန္ဒအရ မေမေ့အရိုးပြာအိုးလေးက်ို ဤတောင်ကိုးရီးယားမြေတွင် မြုပ်ပေးရင် ကနေဒါမှ တောင်ကိုးရီးယားသို့ မက်သရူးလာခဲ့ရခြင်းပဲဖြစ်သည်။
လေယာဉ်ပေါ်မှဆင်းပြီးနောက် မက်သရူးခေါင်းထဲတွင် ဤမြေသည် မေမေ့၏ မွေးရပ်ဖြစ်သည်ဟူသော အသိနှင့်အတူ ဆိုလ်းမြို့၏ လေကို တဝကြီးရှုရှိုက်လိုက်သည်။ ယခုအချိန်သည် နွေရာသီသာဖြစ်သဖြင့် ကြားထားသလောက် သိပ်တော့မချမ်းအေးပေ။
သူသည် လေယာဉ်ကွင်းမှ တက္ကစီငှားလိုက်သည်။ ဆိုလ်းတွင် နှစ်ရက်လောက် တစ်ထောက်နားပြီးမှ မေမေ့၏ ဇာတိမြို့လေးဖြစ်သော ဂင်ဖိုကိုသွားရန်ရည်ရွယ်ထားသည်။ ယခုတော့ ကနေဒါမှ ကိုးရီးယားသို့ မရပ်မနားလေယာဉ်စီးခဲ့ရသဖြင့် သူအလွန်ပင်ပန်းနေပြီဖြစ်သည်။
"ဦးလေးကြီး ဒီနားက အနီးဆုံး ဟိုတယ်ကိုပို့ပေးပါ"
မက်သရူးသည် တက္ကစီပေါ်ထိုင်ရင်းမှ ပေါင်ပေါ်က အမေ့အရိုးပြာအိုးကို ပွတ်သပ်လိုက်သည်။ မေမေ့ကျေးဇူးကြောင့် သူသည် ကိုးရီးယားစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်သည်။ နိုင်ငံရပ်ခြားတွင်နေသော်လည်း မေမေသည် မက်သရူးကို ကိုးရီးယားယဉ်ကျေးမှုနှင့် မကင်းကွာစေရအောင် သွန်သင်ပေးခဲ့သည်။ အမြဲတစေကိုးရီးယားအစားအစာများကို ချက်ပြုတ်ကျွေးလေ့ရှိသည်။ တွေးရင်းနှင့်ပင် မက်သရူးသည် မေမေချက်ပေးသော ရေညှိဟင်းညိုလေးကိုပဲ လွမ်းလှပါသည်။ သို့ရာတွင် သူဝမ်းမနည်းမိပါ။ မေမေ့ဆန္ဒကိုဖြည့်ဆည်းရန် သူသည် မေမေ၏ အငွေ့အသက်အပြည့်ရှိသော တောင်ကိုးရီးယားကို ရောက်နေသောကြောင့်ဖြစ်သည်။

YOU ARE READING
Apocalypse
Romance"မက်ချူးသိလား မင်းရဲ့ အပြုံးတွေကလေ အခု အစ်ကိုတို့ပုံမှန်မြင်နေကျ နေရောင်ခြည်တွေထက်တောင်လှတာ။ တိတိကျကျပြောရရင် မိုးတွေသည်းကြီးမည်းကြီးရွာပြီးမှ သက်တံ့နဲ့အတူ ဖြာကျလာတဲ့ နေရောင်ခြည်နုနုလေးလို ကြည်နူးဓာတ်ပါတဲ့ အပြုံးမျိုးကွ" "ဟုတ်လား၊ အဲ့ဒါဆိုတော့ အဲ့သက...