ဂင်ဖိုမြို့။
ဂျုန်းဂျုန်းဂျက်ဂျက် ရထားသံနှင့်အတူ မက်သရူးသည် ဂင်ဖိုမြို့လေးသို့ ဆိုက်ရောက်ခဲ့ရပြန်သည်။ ဂင်ဖိုမြို့ဟူသည် မေမေ၏မွေးရာဇာတိတစ်ဖြစ်လည်း ဆွေမျိုးများနေထိုင်နေဆဲဖြစ်သော မြို့ငယ်လေးဖြစ်သည်။ မြို့ထဲသို့ဝင်ဝင်ချင်းပင် မက်သရူးသည် ရထားပြတင်းပေါက်ကိုဖွင့်ကာ မြို့ငယ်လေးမှကြိုဆိုနေသော လေအေးများကို မိမိမျက်နှာအား လာရောက်ရိုက်ခတ်စေလိုက်သည်။
ညနေစောင်းချိန်ဖြစ်၍ ကောင်းကင်တစ်ခွင်သည် ပုဇွန်ဆီရောင်သန်းကာ မြို့ငယ်လေးကိုဖြန့်ကျက်ထားလေသည်။ မကြာခင် အိပ်တန်းတက်တော့မယ့် နေလုံးကြီးကိုလည်း တိမ်တွေကြားမှမြင်တွေ့လိုက်ရသည်။ "အရုပ်ဆိုးသူများပင်လှသောအချိန်" ဟု တင်စားထိုက်သော ညနေရီတရောအချိန်လေးတွင် ဂင်ဖိုမြို့လေးသည် မက်သရူးအား အေးအေးဖျဖျနဲ့ကြိုဆိုလို့နေသည်။
ဘူတာရုံသို့ဆိုက်သောအခါ မေမေပေးသွားခဲ့သော လိပ်စာကလေးအတိုင်း အငှားယာဉ်ငှားလိုက်သည်။ လမ်းတစ်လျှောက်တွင် နွေရာသီသာဖြစ်သေးသဖြင့် အခုမှမျိုးစေ့ကျဲထားခါစ လယ်ကွင်းများကိုတွေ့ရလေသည်။ ဒေလီယာပန်းများ၊ကျူးလစ်ပန်းများ၊ဒေစီပန်းများနှင့် နေကြာပန်းများအပြည့်ရှိသော ပန်းခင်းများကလည်း မျက်စိတစ်ဆုံးပင်။ လေတစ်ချက်ဝေ့လေတိုင်းလည်း ပန်းမျိုးစုံတို့ရောထွေးနေသော ရနံ့ပေါင်းသည် လေထုတစ်ခွင်ကို လွှမ်းခြုံကာ မွှေးကြူစေသည်။
၁၀မိနစ်တောင်မကြာလိုက်သောအချိန်တွင် လိပ်စာထဲတွင်ပါသော အိမ်လေးကိုရောက်လေသည်။အညိုရောင်အိမ်လေးသည် အိမ်ရှေ့တွင်စက္ကူပန်းကလေးများအပြည့် ခြံကိုကာထားသည်အထိ စိုက်ထားလေသည်။မေမေပေးခဲ့သည့်လိပ်စာအတိုင်းဆို မေမေ့ညီမတစ်ဝမ်းကွဲမဒမ်လီယွန်းဟွာ၏ အိမ်ဟုဆိုထားသည်။ ကိုးရီးယားတွင်ကျန်ခဲ့သော မေမေ့ဆွေမျိုးဟုသာသိထားသဖြင့် ဒီလောက်သေသပ်သော အိမ်သည် သူ့ဒေါ်လေးအိမ်ဟု မထင်ထားခဲ့ပေ။
ခြံတံခါးတွင်တပ်ထားသော ဘဲလ်လက်ကွင်းလေးကို နှစ်ချက်ခေါက်လေတော့ အိမ်၏အထိန်းတော်ဖြစ်ဟန်တူသော အဒေါ်ကြီးထွက်လာလေသည်။

KAMU SEDANG MEMBACA
Apocalypse
Romansa"မက်ချူးသိလား မင်းရဲ့ အပြုံးတွေကလေ အခု အစ်ကိုတို့ပုံမှန်မြင်နေကျ နေရောင်ခြည်တွေထက်တောင်လှတာ။ တိတိကျကျပြောရရင် မိုးတွေသည်းကြီးမည်းကြီးရွာပြီးမှ သက်တံ့နဲ့အတူ ဖြာကျလာတဲ့ နေရောင်ခြည်နုနုလေးလို ကြည်နူးဓာတ်ပါတဲ့ အပြုံးမျိုးကွ" "ဟုတ်လား၊ အဲ့ဒါဆိုတော့ အဲ့သက...