အပိုင်း ၇

138 11 0
                                    

ငွေစတွေကို ဆုံးရှုံးပြီးမှ ပြန်ရလိုက်သောကြောင့် အကိုကြီးလီ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုနှင့် ဝမ်းသာမှုများ ဖြစ်ပေါ်လာပြီး မရီးလီကတော့ မျက်နှာပေါ်မှ နာကျင်မှုများကိုပင် မေ့သွားကာ ငွေအိတ်အား လွတ်ထွက်တော့မတတ် ရင်ဘတ်ထဲထည့်ကာ ဖက်ထားလေတော့သည်။


လူရမ်းကား သုံးယောက်လုံးလည်း ဆွံ့အသွားပြီး သူတို့ မျက်နှာပေါ်တွင် လေးစားမှုများ ဖြစ်ပေါ်လာ၏။ ထိုငွေများမှာ နည်းနည်းနောနော မဟုတ်ပေ။ အချိန်တော်တော်ကြာသည့်အထိ အေးဆေးသုံးနိုင်ပေမည်။ သို့သော် သူက အလွယ်တကူပင် မြေကြီးပေါ် ပစ်ချခဲ့၏။ အရင်တုန်းက သူတို့သည် လီကျင်းရှန်အပေါ် ကြောက်ရွံ့မှုတစ်ခုသာရှိသော်လည်း ယခုအခါတွင်တော့ လီကျင်းရှန်၏ နောက်ကျောကို ကြည့်ရင်း ပိုပို၍ လေးစားလာမိလေသည်။


သူတို့က ထိုကဲ့သို့သော ကျေးဇူးတရားနှင့် အာဃာတများကို ရှင်းရှင်းလင်းလင်း ခွဲခြားထားတတ်သည့် သူမျိုးအား ယုံတမ်းပုံပြင်ပြောသူများ၏ ပါးစပ်ထဲ၌သာ ရှိသည်ဟု ထင်ခဲ့မိ၏။ ယခုကဲ့သို့ သူတို့၏ မျက်စိရှေ့တွင် ကိုယ်တိုင်မြင်ရမည်ဟု မမျှော်လင့်ထားခဲ့ကြချေ။ ဤမျှငယ်ရွယ်သည့် အချိန်၌ပင် ထိုကဲ့သို့ ပြုမူလျှင် နောင်အနာဂတ်မှာ သူက အမှတ်သင်္ကေတတစ်ခု ဖြစ်လာပေလိမ့်မည်။ အသက်ငယ်သောကြောင့် လီကျင်းရှန်အပေါ်ထားသည့် သူတို့၏ အထင်အမြင်သေးမှုများ အားလုံးသည်လည်း ကွယ်ပျောက်သွားလေတော့သည်။


လီကျင်းရှန်သည် သူတို့၏ရှေ့မှ ခြေလှမ်းကျဲကျဲဖြင့် ခပ်မြန်မြန် လျှောက်နေ၏။ အနောက်ဘက် တောင်များတွင် ညအမှောင်က ကန့်လန့်ကာချလိုက်ပြီဖြစ်ပြီး တောင်တန်းစိမ်းများကလည်း တိတ်ဆိတ်ငြိမ်သက်နေသည်။ လီကျင်းရှန်တစ်ယောက် နှိုင်းယှဉ်၍ မဖော်ပြနိုင်သည့် အေးချမ်းတိတ်ဆိတ်မှုအား ခံစားလိုက်ရ၏။ သူ၏ရင်ဘတ်ထဲမှ မမြင်ရသော နှောင်ကြိုးတစ်ခုက ပြေသွားသည့်နှယ်။ သူ၏ ခန္ဓာကိုယ်မှ အားအင်အသစ်များ ထွက်ပေါ်လာလေသည်။ အကယ်၍ သူသာ ယခုအချိန်တွင် ကျွဲနတ်ဆိုးကျင့်စဥ်အား လေ့ကျင့်ပါက နေ့ခင်းကထက်ပို၍ အဆင်ပြေချောမွေ့မည်ဟု ယုံကြည်မိ၏။

လီကျင်းရှန်နဲ့အန်ကလေးWhere stories live. Discover now