"ဒေါ်မူယာ ကျွန်မကျောင်းတက်ချင်လို့"
မနက်ထမင်းစားဝိုင်းမှာရုတ်တရက်ကြီးပြောလာတဲ့မောင့်စကားကြောင့်
မူယာသည် သက်ပြင်းကိုမသိမသာချသည်။ မေမေလေးတို့ကလည်း
မူယာ့ကိုဖုန်းဆက်ပြီး အကယ်၍ခွင့်တောင်းလာရင် ငြင်းပစ်လိုက်ဖို့ကို တတွတ်တွတ်ပြောနေခဲ့တာမို့ ဒါဟာမောင်မူယာ့ကိုပထမဆုံးပြောတာဖြစ်ပေမယ့် မူယာသိနေတာတော့ကြာပြီ။ မောင်ကအိမ်ကိုပူဆာနေတာရက်သတ္တပတ်ခန့်ရှိပြီလေ။"မောင်ရယ် ကျန်းမာရေးကလည်းကောင်းသေးတာမဟုတ်ဘူး ဒီတစ်နှစ်တော့နားလိုက်ပါ မေမေလေးတို့ကလည်းခွင့်ပြုမှာမဟုတ်ဘူးဆိုတာသိရဲ့သားနဲ့"
လူကြီးတွေကစကားတစ်ခွန်းတည်းကိုပဲတစ်ထေရာတည်းပြောတတ်ကြသလား။ ဒေါ်မူယာပြောနေတဲ့စကားတွေက မနေ့ကပဲ ဦးစိုင်းတို့ဆီကနေကြားခဲ့ရပြီးလို့ နားရည်ဝနေပြီ။
"သိလို့ ဒေါ်မူယာ့ကိုခွင့်တောင်းနေတာပေါ့"
"နော် ဒေါ်မူယာ မေမေတို့ကိုပြောပေးပါ"
အားကိုးတကြီးနဲ့ကြည့်လာတဲ့မောင့်အကြည့်တွေကို မူယာတောင့်ခံဖို့ကြိုးစားခဲ့ပါသေးတယ် ဒါပေမယ့်လည်း နောက်ဆုံးမူယာရောက်သွားတာက ဖုန်းရှိရာဆီ။
မေမေလေးတို့မူယာ့ကိုပြောချင်ရာသာပြောပါစေတော့ မေမေလေးတို့ကမှမောင်နဲ့အတူမနေရတာ မူယာကမဟုတ်ဘူးလေ မောင်နဲ့တစ်အိမ်ထဲနေရတာ လိုချင်တာမရရင် ညိုးငယ်နေတဲ့မျက်နှာလေးကို မူယာကကြည့်နေရတာ။"ဘာတဲ့လဲ ဒေါ်မူယာ"
"မေမေလေးတို့ခွင့်ပြုလိုက်ပြီ ဒါပေမယ့် မောင်ရယ်"
စကားမဆုံးမီပင် ပါးစပ်ကိုလက်နှစ်ဖက်ဖြင့်အုပ်ကာ တအံ့တဩဖြင့်
မူယာ့အနားသို့ရောက်လာသည့်မောင်ကြောင့် ပြောရမည့်စကားများကိုရပ်ရသည်။"ခွင့်ပြုလိုက်ပြီ ဟုတ်လား ဒေါ်မူယာ ကျွန်မအာပေါက်အောင်ပြောတာတောင်လုံးဝခွင့်မပြုတာ ဒေါ်မူယာကျ ငါးမိနစ်တောင်မပြောလိုက်ရဘူး ခွင့်ပြုတယ်တဲ့လား ဟိုး ဟိုး ဒီလိုကျတော့လည်း ဒေါ်မူယာ ဘယ်ဆိုးလို့လဲ"