အလုပ်စားပွဲကနေ ထရပ်လိုက်ရင်းလက်ပတ်နာရီကို ကြည့်မိတော့ ညနေ ခြောက်နာရီ။ကားစီကို အမြန်သွားလိုက်ရင်း ကိုကို့အကြောင်းကိုတွေးမိတော့ပြုံးလိုက်မိသည်။
"ပြန်ရောက်ပြီလား ဒီနေ့စောသားပဲ"
"ကိုကို့ကိုမြန်မြန်တွေ့ချင်လို့ အကုန်လက်စသတ်လာတာ ဒီဘက်လှည့်ပါဦး မျက်နှာလေးကြည့်မိ အလွမ်းသယ်ရအောင်လို့"
အေပရွန်ဝတ်ထားတဲ့ ကျန်းဟောက်ကိုပခုံးကကိုင်ကာ သူ့ဘက်ကိုဆွဲလှည့်လိုက်သည်။
"အားး ချစ်စရာလေး အရမ်းလွမ်းနေတာ တကယ် ကိုကိုရောကျွန်တော့်ကိုမလွမ်းဘူးလား"
"မလွမ်းပဲနေမလားကွာ"
သူ့နှာခေါင်းကိုဆွဲညှစ်ရင်းပြုံးစိစိလေးပြောနေတဲ့ကိုကို့ရဲ့ အပြုအမူကြောင့်အသည်းယားရစမြဲ။ကျန်းဟောက်က ဖျော်ဖြေပွဲတစ်ခုအတွက် တခြားနယ်ကို သုံးရက်လောက်သွားရတာမလို့ ရစ်ခီ့ရဲ့ သဘောသဘာဝအတိုင်း ပြန်ရောက်ရောက်ချင်း အကြာဆိုအကြာကြီး အလွမ်းသယ်နေရော။
အရင်တုန်းကလိုသာဆို သူလည်းကိုကိုသွားသမျှနောက်ကတကောက်ကောက်လိုက်သွားနိုင်မှာ မှန်ပေမဲ့အခုတော့ သူလည်းအလုပ်တစ်ခုရနေပြီ ကိုကိုလည်းအလုပ်တစ်ခုရနေပြီလေ။မေမေ့အလုပ်တွေကို အောက်ခြေက စ သင်ယူရင်း သူလည်း ဟိုနည်းနည်း ဒီနည်းနည်း စီးပွါးရေးအကြောင်းတွေသင်ယူနေရပြီ။ကိုကိုကတော့ သူ့ဝါသနာပါတဲ့တယောတီးတာကို အသက်မွေးဝမ်းအကြောင်း ပြောင်းလုပ်နိုင်တဲ့အထိကို တော်ပါသည်။
ဒီလို အလုပ်ကိုယ်စီနဲ့ဆိုလို့ အရင်လိုအချိန််မပေးနိုင်တော့ဘူးထင်ရင်တော့အမှားကြီးမှားပြီ။အင်း..သူနဲ့ကိုကို အခုတစ်အိမ်တည်းမှာတူတူနေ နေကြပြီ။
"ကိုကို သွားထိုင်နေတော့ ကျွန်တော်ဆက်လုပ်လိုက်မယ်"
ကိုကို့ခါးနားက အေပရွန်ကြိုးကိုဖြည်ချလိုက်ရင်း သူပြောလိုက်မိတော့ ကိုကို့လက်က သူ့လက်ပေါ်ကို ထပ်လာသည်။
"မင်း အရင်ရေချိုးလိုက် ပြီးမှ လာ"
"ဟာ ကိုကိုကလည်း ရေချိုးပြိီးမှတော့ဘာလို့ဟင်းပြန်ချက်နေဦးမှာလဲ အခုကျွန်တော်လုပ်လိုက်မယ် ကိုကိုက ဆိုဖာပေါ်မှာဇိမ်လေးနဲ့သွားထိုင်နေလို့ရပါပြီခင်ဗျာ"