အခန်း.၁၁

8.6K 131 10
                                    

သာယာသောနေ့သစ်တစ်နေ့၏ အစအချိန်ကာလဖြစ်သော နံနက်ခင်းအစောပိုင်းတွင် သလင်းနှင်းဆီစံအိမ်ကြီးရှိ လူများအားလုံးတို့၏ မျက်နှာများတွင် အပြုံးပန်းများ ဝေဆာဖူးပွင့်လျက်ရှိပေသည် ။
ဤနေ့သည်ကား သလင်းနှင်းဆီစံအိမ်ကြီး၏သခင် ဦးမင်းမောင်၏ မွေးနေ့ရက်မြတ်မင်္ဂလာပင်ဖြစ်ပေသည် ။ မှန်ပေ၏ ။ ဤနေ့သည် ဦးမင်းမောင်၏ မြန်မာခုနှစ်အရ ၄၅ နှစ်ပြည့်မြောက်သော မွေးနေ့ရက်မြတ်ဖြစ်သည် ။ သို့်ဖြစ်၍ ဖခင်၏ မွေးနေ့တွင် သားနှစ်ဦးဖြစ်သူက ဦးမင်းမောင်နှင့်အတူ နံနက်ပိုင်းတွင် ဘုရားသွားကြမည်ဖြစ်သည် ။ နေ့လယ်ပိုင်းတွင်မူ စံအိမ်ရှိ အလုပ်သမားများအား မုန့်ဖိုးပေးပြီး အားလပ်ရက်ပေးမည်ဖြစ်သည့်အပြင် ညနေပိုင်းတွင် ပွဲရုံများ နှင့်ဟိုတယ်ရှိ ဝန်ထမ်းများအား မုန့်ဖိုးပေးကာ ညစာကိုအပြင်ဆိုင်တွင်စားခဲ့မည်ဖြစ်သည် ။ ညဘက်တွင်မူ သားအဖသုံးဦး မြို့ကိုလှည့်ပတ်ကာ ပျော်စရာများဖန်တီးကြမည်ဖြစ်ပေသည် ။ သို့ဖြစ်၍ နံနက်ပိုင်းတွင် ဤမိသားစုရှိအလုပ်သမား ဝန်ထမ်းများအားလုံးအား နာမည်ကြီးလှသော တရုတ်ခေါက်ဆွဲကြော် ကျွေးမည်ဖြစ်သည့်အတွက် ဟိုတယ် နှင့် ပွဲရုံများရှိအလုပ်သမားများထံသို့ ခေါက်ဆွဲကြော်ရရှိစေရေးနှင့်အစေ့အငှ ဖြစ်စေရန် စီမံနေသောဒေါ်ဒေါ်လှနှင့် အလုပ်သမားများ၏ အသံများမှာ တိုးတိုးတစ်ခါ ကျယ်ကျယ်တစ်လှည့် ထွက်ပေါ်လျက်ရှိပေသည် ။
'' ဟဲ့...မောင်မြရေ...ဆန်ပွဲရုံက လူဘယ်နှစ်ယောက်ရှိတာတုန်း...''
'' ဟုတ်...အစိတ်လောက်ရှိမယ်''
'' ရော်...အစိတ်လောက်ဆိုတာကမသေချာဘူးဟဲ့... အဲ့ဒီတော့...ဘူး၃၀ ယူသွား...မင်းနဲ့အတူ မြခင်ကိုပါခေါ်သွား....ဟဲ့...မြခင်...ဒီမှာညည်းကမောင်မြနဲ့လိုက်သွားအေ့..''
'' ဟုတ်...ဟုတ်ကဲ့...ဒေါ်ဒေါ်လှ...''
'' ​လန်ချားငှားစီးသွားကြနော်...အပြန်ကျဘယ်လောက်တုန်းငါ့ဆီလာတောင်း...ဟိုးက..ငတုတ်ရေ...ဒီကိုလာဦးဟဲ့....တကတည်းမှပဲ....မင်းတို့ဟာတွေနားပဲကပ်မနေကြနဲ့ဟေ့...''
'' ဟုတ်သားပဲ...ကိုမောင်တုတ်ကလည်း...မိသီနဲ့မတွေ့ရမှာစိုးနေတာမလား....''
'' ဟာ....ခင်ဗျားတို့ကလည်းဗျာ....လာပြီ..ဒေါ်ဒေါ်လှရေ....''
'' ဟင်း....အဟင်း.....ဟင်း....''
မိန်းမပျိုများ၏ရယ်မောသံများ ဆွေးနွေးသံများ နှင့်အတူ လူများဝင်ချည်ထွက်ချည်ဖြင့် စည်ကားနေလေတော့သည်.... ။

ရှုပ်ထွေးစွာ ငြိတွယ်မှု Wo Geschichten leben. Entdecke jetzt