အခန်း.၉

9.9K 127 2
                                    

နံနက်ခင်းနေရောင်သည်ကား နွေးထွေးစွာ ဖြာကျလျက် ခြံဝန်းတစ်ခုလုံးအား အဝါဖျော့ဖျော့အရောင်များဖြင့်လွှမ်းခြုံထားလေသည် ။ နံနက်ခင်း၏အေးမြသော လေပြေညင်းသည်လင်း တသုန်သုန်တိုက်ခတ်လျက် မွှေးရနံ့ပေါင်းစုံတို့၏အနံ့များကို ဟိုမှသည်မှ သယ်ယူပို့ဆောင်ပေးကာ ကူးလူးသွားလာလျက်ရှိပေသည် ။ သလင်းနှင်းဆီစံအိမ်ကြီး တွင်မူ အလုပ်သမားများသည် သူ့တာဝန်နှင့်သူအလုပ်ရှုပ်လျက်ရှိနေပေသည် ။ ယနေ့တွင် ဦးမင်းမောင်သည် အလုပ်သို့ ၇ နာရီခန့်ကတည်းကပင် ထွက်သွားပြီးဖြစ်သည် ။ ဝဏ္ဏမောင်သည်ကား ဘိလပ်သို့သွားရောက်ကာ ပညာသင်ကြားနိုင်ရန် လိုအပ်သော စာရွက်စာတမ်းများအား ပြင်ဆင်ခြင်း ၊ အချို့သော ဘာသာစကားဆိုင်ရာကျွမ်းကျင်မှုများ ပိုမို တိုးတက်လာစေရန် နံနက်စာစာပြီးကတည်းက ကြိုးစားလေ့ကျင့်နေလျက်ရှိပေသည် ။ ထို့အတွက်ကြောင့် အိမ်ကြီးသည် တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေသည်ကိုတွေ့ရပေမည် ။ သို့သော်အိမ်ခြံကြီးအတွင်းရှိ တင်းနစ်ကွင်းနေရာ၌မူ လူငယ်လေးများ၏ အသံများဖြင့် ဆူညံလှုပ်ရှားတက်ကြွလျက် ရှိနေပေသည် ။
'' ဟား....ဟား..... ဖြိုးသူရေ.. မင်းအရှုံးပေးလိုက်ပါတော့ကွာ....နိုင်မှာလည်းမဟုတ်ဘဲနဲ့ကို..''
'' အေးလေကွာ....နှစ်ပွဲရှုံးရင်ကိုရှုံးတော့တဲ့ဟာကို..မင်းမလို့ဆက်ပြိုင်ချင်နေသေးတယ်...''
'' ဟုတ်သားပဲ....အမှတ်ကပ်လျက်နဲ့ရှုံးရင်လည်းခံသာသေးကွာ....အခုကအမှတ်ပြတ်ကြီးနဲ့...ဆက်မပြိုင်နဲ့တော့ဟေ့....''
'' ဟာ..မင်းတို့ကောင်တွေကလည်းကွာ...ငါနဲ့ပြိုင်နေတဲ့ ဒီပါကဘာမှမပြောရဘူး....မင်းတို့ကချည်းပြောနေတော့တာပဲ....''
'' ဟာ...ဟေ့ကောင်ရေ....ဒီပါကတော့ဘာမှပြောမှာမဟုတ်ဘူးဟေ့...ငါတို့ကပဲပြောမှာပေါ့.....သူကအခုချိန်ထိ ဆက်တိုက်ရိုက်လာတာလေ...''
'' အေးလေကွာ...ငါတို့ပဲမရိုက်ရတော့ဘူး...''
'' ေဟး...ဟေး...ဒီပါရော...ဖြိုးသူရော..တော်တော့...ငါတို့ရိုက်ဦးမယ်...''
'' ဟား...ဟား...ဟုတ်ပါပြီကွာ...မင်းတို့ရိုက်ကြပါ..လာဟေ့....ဖြိုးသူ...ငါတို့နားရအောင်....''
'' အေး...အေး....လာပြီ...လာပြီ ''
'' ဟေး...ဟိုနွားတွေ...ငါတို့ဖို့ချန်ဦး....ဒေါ်ဒေါ်လှ လာချပေးထားသမျှ အကုန်သုတ်မနေနဲ့ဦး...''
'' ရှိပါတယ်ကွ....လာဟေ့...အာကာ....ရိုက်မယ်...''
'' အေး..လာပြီ..မြင့်ဦးရေ..''
တင်းနစ်ကွင်းထဲမှ ထွက်လာပြီးနောက် လက်ထဲတွင်ကိုင်လာသော တင်းနစ်ရိုက်တံကို မြင့်ဦးအားပေး၍ တင်းနစ်ကွင်းနှင့်ရေကူးကန်အကြား ဆောက်လုပ်ထားသော နားနေဆောင်ထဲသို့ ဒီပါမောင်ဝင်လာခဲ့လေသည် ။ ပေါင်လယ်ခန့်သာရှိသော အားကစားဘောင်းဘီ အနီရောင်နှင့် လက်ပြတ်အင်္ကျီ အနက်တို့ကိုတွဲဖက်ဝတ်ဆင်ထားရာ ဒီပါမောင်၏ ဝါစိုသောအသားအရေမှာ နေရောင်အောက်တွင် ဝင်းနေလေတော့သည် ။ ခြောက်ပေနီးပါးရှိသောအရပ် ၊ ကြံ့ခိုင်သောခန္ဓာကိုယ်အပေါ်ပိုင်းတို့နှင့် တောင့်တင်းသန်မာသောခြေတံရှညှ်ရှည်တို့တွင် ချွေးတို့ဖြင့်စိုစွတ်နေရာ မြင်ရသူများအတွက် ရင်ခုန်အားကိုးဖွယ်ဖြစ်နေလေတော့သည် ။ ဒီပါမောင်သည် အမောပြေစေရန်အတွက် ဖန်ခွက်ထဲရှိ ဆိုဒါရည်အေးအေးလေးအား မော့ကာသောက်ရင်းဖြင့် သူငယ်ချင်းများတင်းနစ်ရိုက်နေသည်ကို ကြည့်ကာ ချွေးတိတ်အောင်စောင့်နေလေသည် ။
အချိန်ကြာလာသောအခါတွင် နေအပူရှိန်မြင့်တက်လာသည့်အတွက် အဖော်များအား နားရန်သတိပေးလိုက်လေသည် ။
'' ေဟ့ကောင်တွေ...နေပူလာပြီဟ.. တော်ကြတော့.... ချွေးထွက်လွန်နေမယ်...တော်ကြဟ....''
'' ဟုတ်တယ်ဟေ့...တော်ကြတော့ဟ....ဆယ်နာရီကျော်နေပြီ....''
'' အေး...အေး...လာပြီ လာပြီ ''
အော်သံအဆုံးတွင် ပြေးလာသော အာကာနှင့်မြင့်ဦးအပြင် ဒိုင်လုပ်ပေးနေသော သူရတို့ပါနားနေဆောင်ထဲသို့ဝင်ကာ ခဏမျှအမောဖြေကြလေသည် ။
''ဟေ့...အာကာတို့..သူရတို့...ထမင်းစားပြီးမှပြန်ကြနော်... မြင့်ဦးနဲ့ဖြိုးသူရောပဲ...''
'' တော်ပါပြီကွာ....မစားတော့ဘူးငါ့ကောင်ရေ....ဒီနေ့ ​ေမရီတို့ မာဂရက်တို့နဲ့ချိန်းထားတယ်ကွ...အာ့ကြောင့်မစားတော့ဘူး...''
'' အော်....မင်းတို့ ရောလား...''
'' အေး...နောက်ခါတွေကျမှ စားတော့မယ်ကွာ...''
'' အေးပါကွာ....နေပူတယ်...မြန်မြန်လေးကြွကြပါ''
'' ဟား...ဟား....သွားပြီ...ကိုယ့်လူရေ ''
ပြောပြောဆိုဆိုဖြင့် ဖန်ခွက်ထဲကအအေးများအား အပြောင်အစင်မော့ကာ ကားပေါ်တက် ထွက်ခွာသွားသော သူငယ်ချင်းများအား ကြည့်ကာ ဒီပါမောင် နှစ်ခြိုက်စွာ ရယ်မိလေတော့သည်။

ရှုပ်ထွေးစွာ ငြိတွယ်မှု Donde viven las historias. Descúbrelo ahora