နေ့တစ်နေ့၏အစ နေထွက်ချိန်မှစတင်ခဲ့သည့် ရုန်းကန်လှုပ်ရှားမှုတို့သည် နေ့၏အဆုံး ညဘက်အမှောင်ယံကြီးစိုးသည့်အချိန်တွင် အဆုံးသတ်ခဲ့ရသော်လည်း နေ့တစ်နေ့ပြန်လည်စတင်သည်နှင့် အစမှတစ်ဖန် ပြန်လည်ရုန်းကန်လှုပ်ရှားရဦးမည် ဖြစ်သည် ။ နောက်တစ်နေ့ နံနက်ခင်းတွင် သလင်းနှင်းဆီစံအိမ်ကြီး အတွင်းရှိ လူများအားလုံး မိမိတို့၏သက်ဆိုင်ရာ အလုပ်များကိုလုပ်နေကြပေသည် ။ အိမ်ကြီးရှင်များဖြစ်ကြသော လူများပင်လျှင် ကိုယ်စီလှုပ်ရှားနေကြရပေသည် ။
'' သားကြီးရေ.....ဝဏ္ဏ...ပြီးပြီလား.... ပြီးရင်သွားကြရအောင်....နောက်ကျလို့မကောင်းဘူး....''
'' ဟုတ်...ဖေဖေ ပြီးတော့မှာပါ... အောက်ကနေစောင့်လေ ဖေဖေ ''
'' အေး...အေး...မြန်မြန်လေးပြင်ဆင်ပြီးဆင်းလာခဲ့... ဖေဖေ အောက်ကနေစောင့်နေမယ်....''
'' ဟုတ် ..ဖေဖေ ''
သားကြီးအားပြောပြီး သားငယ်အား တစ်ဖန်ပြောရသေးသည် ။ သားငယ်ထံမှ မြန်မြန်ဆင်းခဲ့မည်ဟု ပြန်စာရသည်နှင့် ဦးမင်းမောင်လည်း အိမ်ကြီး၏ မဟော်ဂနီရောင်လှေကားမှတစ်ဆင့်အောက်သို့ဆင်းလာခဲ့ပေသည် ။ အသက် ၄၅ နှစ်ထဲရောက်နေသော်လည်း ခန့်ညားနုပျိုနေဆဲ ဖြစ်သည့် ဦးမင်းမောင်သည် ယနေ့တွင် မိုးပြာရောင်စတစ်လက်ရှည် ကို နက်ပြာရောင်အခံပေါ်တွင် အဖြူရောင်ခရေပွင့်ပြောက်များပါသော ယောပုဆိုးဖြင့် တွဲဖက်ဝတ်ဆင်ထားရာ လူငယ်လေးတစ်ဦးသဖွယ် ပျိုမျစ်နုနယ်လျက်ရှိပေသည် ။ သားနှစ်ယောက်ကိုစောင့်ရင်းဖြင့် ဦးမင်းမောင်သည် ဧည့်ခန်းထဲတွင် သတင်းစာတစ်စောင်ကို ကောက်ယူဖတ်ရှုနေလေတော့သည် ။
'' ဟော...ဖေဖေ...ေစာင့်ရတာကြာနေပြီလား....သားတို့ကိုမစောင့်ဘဲ အရင်စားနှင့်တာတော့မဟုတ်ဘူး....''
'' ဟုတ်သားပဲ.. ဖေဖေရ..........ဗိုက်ဆာနေမှာပေါ့...မစောင့်ဘဲစားနှင့်ရမှာကို ''
'' အဲ့လောက်လည်းမဆာသေးပါဘူးကွာ... ပြီးတော့ ဖေဖေက သားတို့နဲ့အတူ အမြဲလက်ဆုံစားဖြစ်အောင်လို့စောင့်နေတာ.... ''
သားများ၏အမေးကိုဖြေရင်းမေ့ကြည့်လိုက်ရာ သားငယ် ဒီပါမောင်သည် အားကစားဝတ်စုံကိုဝတ်ဆင်ထားပြီး လက်ထဲတွင်လည်းအားကစားပစ္စည်းများထည့်ထားသောအိတ်ကိုဆွဲထားလေရာ ငယ်ရွယ်ပျိုမျစ်သောလူငယ်လေးတစ်ယောက်ဖြစ်နေပေသည် ။ သားကြီး ဝဏ္ဏမောင်ကတော့ မတူပေ ။ အစိမ်းပုပ်ပုပ် ပိုလိုရှပ် လက်တိုကို ကာကီရောင်စတိုင်ပင်ဖြင့် တွဲဖက်ဝတ်ဆင်ထားပြီး ရှူးအနက်ရောင်စီးထားသည့်အပြင် လက်တွင်လည်း အနက်ရောင်သားရေကြိုးပတ်နာရီကို ဝတ်ဆင်ထားသေးရာ တည်ကြည်ရှင်းသန့်သော ပုံရိပ်ကိုဖော်ဆောင်နေပေတော့သည် ။ မိခင်၏လှပသောအစိတ်အပိုင်းများနှင့် မိမိ၏ တည်ငြိမ်ခန့်ညားသောအသွင်အပြင်များပေါင်းစပ် ဖွဲ့စည်းထားသော သားချောများအားကြည့်ရင်း ဦးမင်းမောင်မှာ ကိုယ့်ကိုကိုယ်ဂုဏ်ယူစွာ ပြုံးမိလေတော့သည် ။
'' ဖေဖေ... နံနက်စာ စားရအောင်လေဗျာ...စောနားကဖြင့်မြန်မြန်လုပ်...နောက်ကျတော့မယ်..အော်နေပြီးတော့.....အခုကျ....''
'' ဟုတ်သားပဲ..ညီရာ...နော့...ဟား...ဟား.. ''
'' ဟား...ဟား...ဖေ့သားတွေက အဖေ့ကိုစနေကြတယ်ပေါ့လေ...''
''မစပါဘူးဖေဖေရာ... သားကပြောပြတာကို....''
''ကဲ...ကဲ...ထားတော့...နံနက်စာစားကြရအောင်''
''ဟုတ် ဖေဖေ''
သံပြိုင်ပြောကရှေ့မှထွက်သွားသော သားချောနှစ်ယောက်ကိုကြည့်ကာ ဦးမင်းမောင်ကြည်နူးရပါသည် ။ တွေဝေရှက်ရွ့ံမှုများမရှိတော့ဘဲ စိတ်ဆုံးဖြတ်ချက်ကိုအောင်မြင်စွာပြုလုပ်ပြီးခဲ့သောဥးီမင်းမောင်၏ မျက်ဝန်းများမှာ ကြည်လင်လျက်ရှိပေသည်..။ ဦးမင်းမောင်...ဒီနေ့တကယ်ပျော်နေပါသည် ။
ESTÁS LEYENDO
ရှုပ်ထွေးစွာ ငြိတွယ်မှု
Fantasía၁၉၂၀ ပြည့်နှစ်များဆီက အပြာရောင်ညများဆီသို့ သွားကြည့်ရအောင်.......