[Zawgyi]
မနက်ခင်း၏နေရောင်သည် လောကကြီးအပေါ်ထိုးထွက်ကာဖြာကျလာလေသည်။လူသားတွေအားလုံးကတော့ ဝမ်းစာအတွက်ပြေးလွှားကြရပေအုံးမည်။ထို့အတူပါပဲ ဒီနေ့နေမင်းမဟော်အိမ်တော်ကြီးအတွင်းမှာလည်း အစေခံတွေအားလုံးခြေချင်းလိမ်အောင်ရှုတ်ထွေးနေကြရ၏။
"မိန်းကလေးတွေရေ...လိပ်ကာစတွေကိုသေချာဖြုတ်နော်...အားလုံးအသစ်လဲရမှာ.."
"ဟုတ်ကဲ့...မမ..."
ကြိမ်တစ်ချောင်းကိုင်ကာ အထက်ကျသည့်ဂါဝန်ရှည်ကြီးကိုဝတ်ဆင်ထားသည့်အမျိုးသမီးက ခြေဖျားထိတိုက်အောင်ရှည်လျားလှသည့်စာရွက်ကိုကိုင်ကာ ဟိုဟိုဒီဒီလျှောက်ရင်း လှမ်းအော်လေသည်။
အစေခံအချို့ကတော့ ပြောင်လက်နေသည့်ကြမ်းခင်းကိုပင် အထပ်ထပ်တိုက်နေကြပြီးအလုပ်ရှုတ်နေကြ၏။
နေမင်းမဟော်စံအိမ်ကြီးတွင်အလုပ်သမားပေါင်းရာချီပြီးရှိသည်။လစာလည်းကောင်းသလို စည်းကမ်းလည်းတင်းကြပ်လွန်းသည်။စံအိမ်ကြီး၏ဧည့်ခန်းတွင် အရွယ်အစားအမျိုးမျိုးရှိသည့် ရိုင်ဖယ်များကိုချိတ်ဆွဲထား၏။ထိုရိုင်ဖယ်များကိုပင် တယုတယဖြင့်နေစဉ်သန့်ရှင်းရေးလုပ်ပေးရသည့် အလုပ်သမားများသည်သပ်သပ်ကိုရှိလေသည်။အမြဲတောက်ပြောင်နေပြီးရတနာတစ်ပါးတစ်ဖွယ် ယုယထားကြရသည်။
"ဟဲ့...ရေ ...နင်စဉ်းစားကြည့် ဒီနေ့ဘာလို့အားလုံးကအလောတကြီးဖြစ်နေရတာလို့ထင်လဲ.."
ကြမ်းသုတ်အဝတ်နှစ်ထားသည့် သစ်သားပုံးတစ်ခုအား အိမ်အနောက်ဘက်သို့ဆွဲလာရင်းမှ မိန်းကလေးတစ်ဦးကမေးလေ၏။ရေတွင်းနားတွင်ရှိနေသည့်မိန်းကလေးသည်ဘေးဘီဝဲယာအားလှည့်လည်ကြည့်လိုက်လေသည်။အလုပ်လုပ်နေစဉ်မှာ စကားမပြောရအမိန့်ထုတ်ထားပြီး မိလျှင်လည်းကြိမ်စာမိမည်ဆိုးတာကြောင့် သူမကထိတ်လန့်နေရခြင်းဖြစ်၏။
"နင်မသိဘူးလား...မေမေကြီးမနေ့ကပြောသွားတယ်...ညနေကျရင် သခင်ကြီးပြန်ရောက်လာမယ်တဲ့...အဲတာကြောင့်အားလုံးအလုပ်ရှုတ်နေကြတာပေါ့..."
"အယ်...သခင်ကြီးပြန်လာမှာလား.."
"အေး...အဲ့တာမို့ နောက်ဆို ငါတို့သတိထားပြီးနေရတော့မယ်.."