"ရာဇဝင် တွင်လောက်တယ်"
အပိုင်း-၃
"သမီးရယ် ဘယ်လို ဖြစ်လာရတာလဲ"
ခြေထောက်ကို ဆေးလိမ်းနေရင်း ပိုးပြုံးလိုက်သည်။ဒေါ်မြမြက ပိုးခြေထောက်လေးကို ကြည့်ရင်း မျက်နှာမကောင်း။
"ဘာမှမဖြစ်ပါဘူး မေမေရယ် ခြေခေါက်သွားရုံပါ"
"အိုကွယ် မေမေက သမီးကို ပိုးဥသလို မွေးထားရတာ ခုလို သမီးခြေထောက်နုနုလေး ရောင်တတ်လာတာ မေမေ ရင်ထဲ မချိလိုက်တာကွယ်"
"မေမေ ဇက်ကြောတင်းနေလား သမီးလျော့ပေးမယ်လေ"
"နေ နေ သမီးရယ် ဒဏ်ရာကြီးနဲ့"
"မေမေကလဲ နည်းနည်းလေး ယောင်သွားရုံကို"
ပိုးက ဒေါ်မြမြ ကိုယ်လေးကိုဖက်ပြီး ချွဲချွဲလေး ပြောလိုက်၏။ဒေါ်မြမြ မျက်နှာပြုံးသွားရပြီး၊
"သမီးအဖေ လာရင်သာ ကြည့်ကျက်ဖြေစမ်းပါကွယ်"
"ဟုတ် ပိုးတာဝန်ထား"
ဒေါ်မြမြက ပိုးဆံပင်ရှည်လေးကို ဖြီးပေးရင်း
"မိချွဲလေး ချွဲတော့မယ်"
"မချွဲပါဘူး မေမေရာ ပိုးက ဖေနဲ့မေကို ချစ်မဝလို့ပါ"
"ခုတော့ ပြောထားပေါ့"
"ခုလဲ ပြောတယ် နောင်လဲ ပြောနေအုံးမှာပဲ"
"အဟင်းဟင်း"
"ခစ်ခစ်"
"ဒီသားအမိ ဘာတွေ သဘောကျနေကြတာလဲ"
ဦးကျော်မင်းက အိမ်ပေါ်တက်လာရင်း မေးလိုက်သည်။
"ဖေကြီး ပြန်လာပြီ"
ပိုးက ဝမ်းသာအားရ ပြောလည်းပြော ဦးကျော်မင်း အိတ်ကို လာယူ၏။ဦးကျော်မင်းက ပိုးခြေထောက် ထော့နင်းကို မြင်သွားပြီး
"ဟင် သမီးခြေထောက် ဘာဖြစ်တာလဲ"
"ဟို...ဟိုလေ မေမေ"
ပိုးကပြောပြီး ဒေါ်မြမြကို လှမ်းကြည့်၏။ဒေါ်မြမြက ပြောလိုက် ဆိုတဲ့သဘောနဲ့ ခေါင်းညိတ်ပြ၏။
"ဖေကြီး ထမင်းစားရင်း ပြောကြမယ်လေ ဗိုက်ဆာလာတယ်မလားဟင် ဖေကြီး"