"ရာဇဝင် တွင်လောက်တယ်"
အပိုင်း-၇
"ဘိုးလေး "
"ဟေ"
ဦးဓနဂုဏ် ခေါ်သံကြောင့် လှည့်ကြည့်လိုက်သည်။မိုးကောင်းကင်က မျက်နှာ ပြုံးဖြီးဖြီးနှင့်၊
"ပြန်လာတာ စောတယ်နော်"
"အေးလေ စနေနေ့ကြီးကို သားက စာမသင်ဘူးလားကွ"
"သင်နေတာပဲ ဦးဂုဏ်က..."
"ဂုဏ် ပြန်ရောက်နေပြီလား အပေါ်ထပ်မှာလား"
"ဟုတ် ရောက်နေပြီ အပေါ်ထပ်မှာတော့ မဟုတ်ဘူး"
မိုးကောင်းကင်က ခေါင်းကုပ်ခြေကုပ်နှင့် ဖြေ၏။ဦးဓနဂုဏ်က မိုးကောင်းကင်ကို နားမလည်သလို
ကြည့်ပြီး၊"မင်းဆရာမ ပြန်သွားပြီလား"
"မပြန်သေးဘူး"
"ဘယ်မှာတုန်း"
"စာဖတ်ခန်းထဲမှာ"
"ဂုဏ်ရော"
"စာဖတ်ခန်းထဲမှာပဲ"
"ဘယ်လို"
"ဘိုးလေး သွားမနှောင့်ယှက်နဲ့နော် သား ကစားကွင်းမသွားရဘဲ နေအုံးမယ်"
"ဟမ်"
"ဦးဂုဏ်က ခဏရှောင်ပေးရင် ကစားကွင်းလိုက်ပို့မှာတဲ့"
ခုမှ ဦးဓနဂုဏ် သဘောပေါက်သွားရသည်။
ထိုစဉ်
ပိုးက မျက်နှာနီလေးနဲ့ စာအုပ်လေးပိုက်ပြီး ထွက်လာ၏။ဦးဓနဂုဏ်ကို မြင်တော့ လန့်သွားသလိုရှိသွားပြီး၊
"သား ဆရာမ ပြန်ပြီနော်"
"ဟုတ်ကဲ့ ဆရာမ"
ဆံပင်ရှည်ရှည် မြန်မာဆန်ဆန်လေးနဲ့ ပိုးကို မြေးအဘိုးနှစ်ယောက် မျက်စိတဆုံး လိုက်ကြည့်မိကြသည်။
ခဏကြာတော့ ဂုဏ် ထွက်လာ၏။ဦးဓနဂုဏ်က ဂုဏ်ကို မျက်ထောင့်နီနဲ့ ကြည့်ပြီး
"ဂုဏ် ပြောစရာရှိတယ် လိုက်လာခဲ့"
"ဟုတ်ကဲ့"
ဂုဏ်က သားကောင်းကို ဘာဖြစ်တာလဲလို့ မေးဆက် မေး၏။သားကောင်းက မသိဘူး ဆိုတဲ့ သဘောဖြင့် ပုခုံးတွန့်ပြ၏။