8

851 96 69
                                    

ပိုင်ဆိုင်လိုခြင်းလောဘကို ဟီဆွန်းက ချွန်းအုပ်ထားခဲ့ရတယ်ဆိုသော်လည်း ပတ်ဆောင်းဟွန်း ရာဇဝင်တွင်တော့ ဒါမျိုးရှိမနေ။

ပိုင်ဆိုင်လိုခြင်းလောဘမဟုတ်ပေမဲ့ ပိုင်ဆိုင်ချင်တဲ့အတ္တဟာ လူရမ်းကားလေးရဲ့စာမျက်နှာတွေမှာ အပြည့်ပင်။ ပိုင်ဆိုင်မှုတစ်ခုလို့သတ်မှတ်ထားသော အရာတွေထဲတွင် ဒြပ်မဲ့တွေအပြင် ဟီဆွန်းပါ ပါနေခဲ့သည်။ တစ်သက်လုံးပိုင်လာတာ ငါ့အပိုင် ဆိုသည့်စိတ်ဟာ သိပ်ကလေးဆန်နေမှန်းသိသော်လည်း မတတ်နိုင်ပါ။

ပိုင်ဆိုင်မှုတွေထဲ Accessories လှလှလေးတွေ၊ အဝတ်အစားကောင်းကောင်းလေးတွေ ၊ ဈေးကြီးကြီးရေမွှေးတွေနဲ့ အမှတ်တရလက်ဆောင်တွေအပြင် ဟီဆွန်းနှင့်ပက်သက်လျှင်ပါ ဆတ်ဆတ်ထိမခံဖြစ်တတ်သည်။ ဒါသည် ဘယ်အချိန်ကတည်းက စဖြစ်နေခဲ့မှန်းမသိပေမဲ့ သိပ်လည်းအရေးတယူမလုပ်ဖူးခဲ့။ ဟီဆွန်းကို စိတ်ကြိုက်ကိုင်တွယ်စီမံနိုင်ခွင့်ရှိတဲ့ ဖယောင်းပျော့တစ်ခုလိုစိတ်ထဲသတ်မှတ်ထားပြီး ဟီဆွန်းနဲ့ပက်သက်လာလျှင် အေးဆေးပါ ဆိုသောကိစ္စတွေသည် တဖြည်းဖြည်းစိတ်ရှုပ်စရာကောင်းလာသည်။ ထိုသို့စိတ်ရှုပ်ရခြင်းတွေသည် ဂန်ယူယောင်းကောင်းမှုကြောင့်လည်း ဖြစ်နိုင်သည်။

ထားရာနေ စေရာသွားပုံစံခွက်ထဲ ဟီဆွန်းကိုထည့်ထားရခြင်းတွေမှာ ဆောင်းဟွန်းက နေ့သားကျနေခဲ့ပြီးသားဖြစ်သည်။ သခင်တစ်ယောက်လို သူအိပ်ခိုင်းတဲ့အချိန်မှာအိပ်ရမယ် ဆိုတာမျိုးလေးတွေနှင့် ဆယ်နှစ်ကျော်လုံး ကြီးပြင်းလာခြင်းတွေဟာ ငါ့အပိုင်ဆိုသော အတ္တလေးကို အရောင်တင်ပေးနေခဲ့သည်။ ဟီဆွန်းဘဝကို သူပိုင်ပါတယ် ဆိုတဲ့အထိ သတ်မှတ်ထားကာ ဟီဆွန်းအပေါ် အာဏာစက်ပြင်းခဲ့၏။

ဂန်ယူယောင်းနှင့် လူသူကင်းရှင်းသည့်နေရာတွင် တစိုက်မက်မက်နမ်းနေသည်ကိုမြင်လိုက်ရခြင်းဟာ စိတ်ထဲဟာလာဟင်းလင်းဖြစ်သွားစေပြီး ဒေါသကို ကြီးကြီးကျယ်ကျယ်ဖိတ်ခေါ်စေသည်။ မှန်သည်မှားသည်မသိ။ နှစ်ယောက်လုံးကို ရမ်းကားခဲ့လိုက်ကာ အိမ်ကိုပြန်လာတော့လည်း ထိုင်မရထမရပင်။

ဟီဆွန်းကတော့ ဂန်ယူယောင်းနဲ့
လုံးဝမဖြစ်။ တစ်ယောက်တည်း ဗြောင်းဆန်နေတတ်လွန်းလို့ တစ်ကျောင်းလုံးက ကျပ်မပြည့်လေးလို ဘေးမဲ့ပေးထားသော အရူးမျိုးနှင့် ဟီဆွန်းဟာ လုံးဝမဖြစ်ပါ။ ငါးနှစ်ကျော်လုံး သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာပေါင်းသင်းနေခဲ့ခြင်းကို ဂရုမစိုက်ခဲ့သော်လည်း ဘာဘာညာညာ အခြေ‌အနေကိုမြင်လိုက်ရသောအခါ နားထင်ကြောတွေပင် ထောင်ခဲ့ရသည်။ စီးသွားခဲ့သော စက်ဘီးကိုပင် အနိုင်နိုင်ဖြစ်ပြီး လွှတ်ချလိုက်ရသည်အထိ ဟီဆွန်းနှင့်ဂန်ယူယောင်းအခြေအနေဟာ အဆန်းတကြယ်ပင်။

Memory PoemWhere stories live. Discover now