တွေ့ဆုံမှု (uni code)

6.5K 134 5
                                    

ဆိုင်ထဲကို ၀င်ဝင်ချင်းမှာပဲ စပြီးသတိထားမိတာ ကိုယ့်ကိုယ်ကို တစ်ခုခုဖြစ်နေပြီဆိုတာပါပဲ။
ဘာများဖြစ်နေတာလဲလို့တွေးရင်း ကိုယ့်ရုပ်လွှာပေါ်နေတဲ့ မှန်ထဲကို လှမ်းကြည့်မိလိုက်သေးတယ်။
မနေ့ညကမှ အိပ်ရာဝင်ခါနီးခေါင်းလျှော်ထားလို့ ဆံပင်တွေက ကော်တာက ကောက်၊ ဖြောင့်တာက ဖြောင့်နဲ့ ကာရံ မညီစွာပခုံးထက် ပျံ့ကျဲလို့နေတယ်။
ကိုယ်က ဆံပင်သန်တာမျိုး၊ ဆံသားလှတာမျိုးမရှိဘူးဆိုတော့ ဒီမနက်အိပ်ရာထ၊ မျက်နှာသစ်ပြီးတုန်းက ဆံပင်တွေ သိပ်ပြီး မပွယောင်းတော့အောင် Hair Coad နဲနဲထည့်ခဲ့သေးတယ်။
ဆံသားပါးတယ်လို့ပြောလို့ရတဲ့အထဲ ကိုယ်ပါ၀င်တယ်ဆိုတော့ ဆံပင်ကို ဖြောင့်လေ့မရှိဘူး။
အပြင်ထွက်တိုင်း ဆံပင်နဲ့ပတ်သတ်ပြီး စိတ်ချကျေနပ်မှု အပြည့်အဝရခဲ့ဖူးတယ်ဆိုတာမျိုးလည်း ကိုယ့်ဘဝထဲမှာ မရှိဖူးသေးဘူး။

တကယ်တော့ ဒီနေ့ဟာလည်း အဲဒီလို စိတ်အနှောင့်ယှက်ဖြစ်ရတဲ့ နေ့ရက်တွေထဲက နေ့ရက်တစ်ခုပါပဲ။

အခုလည်းကြည့်။
ကားမှန်ကိုပိတ်ပြီး မောင်းခဲ့တာတောင် ဆံပင်တွေက ကြည့်မကောင်းအောင်ပွရှုတ်နေကြပြီ။
ထည့်ခဲ့မိတဲ့ Hair Coad ကလည်း အပေါ်ယံပဲဖြစ်သလို ပွတ်ခဲ့မိလို့လား မသိ။ အပေါ်ယံခပ်ပြောင်ပြောင်တောက်နေပေမဲ့ ဆံသားအောက်ပိုင်းတွေက ထုံးစံအတိုင်း ကြွေမွကောက်ပွနေကြပြီ။

အင်းလေ... ဒါကလည်း ကိုယ့်ဘဝပေးကုသိုလ်ပဲပေါ့။
ဒီဘဝမှာ ဒီလိုဆံပင်အမျိုးစားနဲ့ပဲ ယှဉ်သန်ခွင့်ရမယ်ဆိုတဲ့ သတ်မှတ်ချက်မျီုးနဲ့ လူဖြစ်လာရတယ်ဆိုတော့လည်း ထားလိုက်ပါတော့။

အဲဒီအချိန်မှာပဲ ကိုယ့်အမြင်အာရုံထဲပေါ်လာတဲ့ ရုပ်လွှာတစ်ခု။ ဆံပင်တွေက သပ်ရပ်စွာ ဖြောင့်ပြီး ပုံစံတကျလှပနေတယ်။
ပါးနီခပ်ပါးပါးထည့်ထားတဲ့ သူ့ပါးပြင်ဟာ သာမာန်ထက်ပိုပြီးနူးညံ့နေလိမ့်မယ်လို့ ကိုယ်တွေးမိလိုက်တယ်။
သူ့မျက်ခုံးတွေက ကိုယ့်လို မပါးဘူး။ ထူပြီးနက်မှောင်နေတယ်။ ဒါပေမဲ့ အရိုင်းဆန်ဆန်ပေါက်နေတာမျိုးမဟုတ်ပြန်ဘူး။ သေသေချာချာပုံသွင်းပြီးမှ အလှဖော်ထားတာမျိုး။
နောက်ပြီး သူ့နှုတ်ခမ်း။ သူ့နှုတ်ခမ်းက ကိုယ့်လို ထူထူထဲထဲမဟုတ်ဘူး။ အပေါ်နှုတ်ခမ်းလွှာက အောက်နှုတ်ခမ်းလွှာထက် နဲနဲလေး မစိုသလောက်ပိုပြီးပါးတယ်။
သူ့မျက်ဝန်းတွေက ၀ိုင်းစက်ပြီး စူးရှပေမယ့် အဲဒီမျက်ဝန်းထဲက ဖြစ်ပေါ်နေတဲ့အကြည့်တွေကတော့ တည်ငြိမ်အေးစက်နေတယ်။
သူ့နှာခေါင်းက သင်္ဘောထိပ်ဦးတစ်ခုလိုပဲ။ မော့မော့လေးနဲ့ ချွန်နေတာမျိုး။ သူ့မျက်တောင်တွေက ထူပိန်းပြီး ကော့နေတယ်။
သူက သူ့ရှေ့မှာရှိတဲ့ ဆိုင်ကအရောင်းကောင်မလေးတွေပြပေးနေတဲ့ လက်ဝတ်ရတနာတွေကို စိတ်ကြိုက်ရွေးချယ် နေရင်းနဲ့ အလုပ်ရှုတ်နေရှာတာ... ကိုယ်ရှိနေတယ်ဆိုတာကိုတောင် သိပုံမပေါ်ပါဘူး။

အနက်ရောင် ... သုခဘုံWhere stories live. Discover now