[ Unicode ]
ကျောင်းစာကြည့်တိုက်ရှေ့ကနေ ဦးဆောင်ဆွဲခေါ်သွားသူဟာ psychology ဌာနဘက် ရောက်ရှိခါနီးအထိ Renjun ရဲ့ လက်ကောက်ဝတ်တစ်ဖက်အတွက် လွတ်မြောက်ခွင့်မပေးသေး။
စာကြည့်တိုက်ဘက်မှာ လူသူသိပ်မရှိတာမို့ ကိစ္စမရှိပေမယ့် Renjunတို့ဌာနနားမှာကျ သည်လိုပုံစံအခြေအနေမျိုးနဲ့က နည်းနည်း ..။
" ဘယ်အချိန်အထိ ငါ့လက်ကို ဆွဲထားဦးမှာလဲ Lee Donghyuck "
ခြေလှမ်းတွေကို ရပ်တန့်ရင်း မေးခွန်းထုတ်တော့ သူ့ရဲ့ ခြေစုံတွေဟာလည်း လှုပ်ရှားမှုတွေ ကင်းမဲ့လို့။Renjun ကိုတစ်လှည့်၊ ဆုပ်ကိုင်ထားတဲ့ လက်ကောက်ဝတ်ကိုတစ်လှည့် ကြည့်ရင်း သူကသက်ပြင်းချတယ်။ သူကဘာများ စိတ်ညစ်စရာရှိလို့လဲလေ။
" မင်း မရုန်းထွက်သွားသရွေ့ဘဲ "
ဘာစိတ်ကူး၊ ဘာရည်ရွယ်ချက်နဲ့ သည်လိုရုပ်ရှင်ဆန်ဆန် စကားမျိုးကို ရွေးပြောနေမှန်း မသိပေမယ့် မရယ်ဖြစ်လိုက်။ အခုက ရယ်နေရမယ့်အချိန်မှမဟုတ်ဘဲလေ။
အရာအားလုံးဟာ အတည်ဖြစ်နေတာ။ Jeno ရှေ့တည့်တည့်မှာ " Huang Renjunက ငါ့အပိုင်ပဲ " လို့ ကြွေးကြော်သွားခဲ့တာတွေ၊ အရာအားလုံးက ရုပ်ရှင်မဟုတ်ဘူး။ လက်တွေ့ဘဝမှာဖြစ်ပျက်သွားတာတွေချည်းပဲ။
သို့သော်ငြား ရုပ်ရှင်တွေထဲကလို ရင််ခုန်စရာမဟုတ်တာတော့ အမှန်။ အင်းလေ .. Haechan ကို သူ့ဘက်ကလည်း ဘာခံစားချက်မှမရှိသလို၊ Haechan ဟာလည်း မိန်းကလေးတွေကိုပဲ သဘောကျတတ်တဲ့သူတစ်ယောက် ဖြစ်နေတာကိုး။ အခြေအနေတွေက မနေ့ကထက် ဆိုးရွားနေသလား Renjun မသိဘူး။ ဒါပေမယ့် ဖြေရှင်းရမယ့် ပြဿနာကတော့ အသင့်ရှိနေပြီ။
" ခုနကအကြောင်း ငါ့ကိုရှင်းပြပါဦး "
အဲ့သည်စကားကို ပြောလိုက်တဲ့သူက Renjun မဟုတ်ဘူး။ လက်ပိုက်လျက်နဲ့ Renjun ကို အပြစ်သားလို ကြည့်နေတဲ့ Haechan .. Lee Haechan က စပြောလိုက်တာ။
Renjun သူ့ကို တစ်ချက်လောက်ကိုင်ပေါက်လိုက်တော့ရင် နေသာထိုင်သာရှိသွားလောက်မလား။