[ Unicode ]
အိမ်ပြန်လမ်းရဲ့ နေလုံးဟာ နီရဲရဲ။ တစ်ဖက်တစ်ချပ်စီမှာ အရောင်အသွေးစုံလင်တဲ့ စက္ကူပင်တွေ ကာရံထားတဲ့ မကျဥ်းမကျယ်လမ်းမဟာ တိတ်တဆိတ်။ စနောက်သံတွေမရှိ၊ ရယ်မောစကားပြောသံတွေ နတ္ထိ။
ခန္ဓာကိုယ်ထက် နှစ်ဆလောက်ရှိတဲ့အနွေးထည်ရဲ့အိတ်ကပ်ထဲ လက်နှစ်ဖက်ကိုထည့်လို့ တည်ကြည်တဲ့ ဟန်ပန်ပေမယ့် ခပ်မြန်မြန်လျှောက်လှမ်းနေမိတဲ့ Renjun ကို Haechanမကြာခဏ အကဲခတ်နေမှန်း သိနေသော်ငြား ဘာမှမတုံ့ပြန်ဖြစ်တော့ဘူး။
အရင်ကဆိုရင်တော့ စိတ်ဆိုးဒေါသထွက်ပြီး ထုရိုက်တာမျိုးတွေရှိနေနိုင်ပေမယ့် သည်နေ့ရဲ့ Renjun ကတော့ တည်တည်ငြိမ်ငြိမ်။ ဒါပေမယ့် ဒါတွေဟာ ဟန်ဆောင်ခြင်းတွေပါပဲ။
" အစ်ကိုက Renjun ယောကျ်ားတဲ့လား " ..။
သူဘယ်လိုလုပ်ပြီး သည်လိုစကားမျိုးတွေကို ဘာမှမဟုတ်တဲ့ ဟာသတစ်ခုလိုမျိုး သက်သောင့်သက်သာ ပြောနိုင်ရတာလဲ။
ရှင်းပါတယ်။ Haechan ရဲ့ စိတ်ထဲမှာ ဘာမှမရှိလို့။ တကယ်ကို .. Renjun နဲ့ ပတ်သတ်ပြီး တကယ်ကို ဘာခံစားချက်မှမရှိလို့။ Haechan က မိန်းကလေးတွေကိုပဲ သဘောကျမှန်း Renjun သိပါတယ်။ ဒါပေမယ့် သည်လိုအပြုအမူတွေက Renjun ကို အထင်မှားစေမှန်း သူနားမလည်ဘူးလား။
" Renjun .. "
ခပ်တိုးတိုးခေါ်သံတစ်ခုကြောင့် အောက်စိုက်လျက်သား ခေါင်းကိုတော့ ပြန်မထောင်ဘဲ ခေါင်းညိတ်ပြလိုက်တယ်။
" ခုနက ငါဆိုင်မှာ ပြောလိုက်မိတာကို စိတ်ဆိုးသွားတာလား "
" မဆိုးပါဘူး "
မုသားလို့မဆိုအပ်တဲ့ မုသားတစ်ခုပါပဲ။ စိတ်မဆိုးပေမယ့် စိတ်မကောင်းဖြစ်ရတာ။ ထွေထွေထူးထူးဒေါသမဖြစ်မိပေမယ့် နှလုံးသားထိခိုက်ရတာ။
" ငါသက်သက်နောက်လိုက်မှန်း သိတယ်မလား "
ဒါပေါ့ ..။ သိလွန်းလို့ ခံရခက်နေတာ။
" သိသားပဲ "
နောက်ပြီး ဘာကြောင့် သည်လောက်ခံရခက်နေသလဲဆိုတဲ့ အကြောင်းပြချက်ကိုလည်း Renjun သိသလိုရှိတယ်။