မနက်က ကိုကို့မေမေအိမ်လာသွားသည်။အိမ်ကိုလာခဲ့ပါဟုလည်းမှာခဲ့သေးသည်။ဒါပေမဲ့ သူသွားဖို့တွန့်ဆုတ်နေမိသည်။ကျောင်းပိတ်ရက်ဖြစ်တဲ့အတွက် ကိုကိုအိမ်မှာသေချာပေါက်ရှိနေနိုင်သည်။သူအခုအချိန်မှာ ကိုကိုနဲ့မျက်နှာချင်းမဆိုင်ချင်သေးပါ။သူလုပ်ခဲ့တဲ့လုပ်ရပ်အတွက် ကိုကိုသူ့ကို ဖြေရှင်းချက်တွေအများကြီးပေးဖို့ကျန်သေးတယ်မဟုတ်လား။ဒီလောက်နဲ့သူအလျော့မပေးနိုင်ပါ။
" သးငယ် အန်တီတို့အိမ်သွားလိုက်အုံး ၊ အခုမှပြန်တွေ့ရတာ လေ ၊ သားငယ်ကို သူတို့သိပ်သတိရနေကြတာ ၊ ကျောင်းတက်နေရတော့သားငယ်လည်းမအားဘူးမဟုတ်လား ၊ ဒီနေ့သွားလိုက်ပါအုံး "
ဆောနူသိပါတယ်။ကိုကို့မေမေကဆောနူကိုသိပ်ချစ်တာကို။ဒါပေမဲ့ ကိုကို့ကြောင့် ဆောနူ အန်တီတို့ကိုပါစိမ်းကားသလိုဖြစ်နေမိသည်။ စိတ်မကောင်းပေမဲ့ ကိုကို့ကိုသူအလျှော့မပေးချင်။ဒါပေမဲ့ မနက်ကသေချာမှာသွားတဲ့အန်တီ့ကိုတော့အားနာမိတာကြောင့်ခဏလောက်တော့သွားလိုက်ပါမည်ဟုစဉ်းစားလိုက်သည်။
_____
" ဟယ် သားငယ် "
အန်တီကသူ့ကိုမြင်တော့ဝမ်းသားအားရကြိုဆိုရှာ၏။ သိပ်ဝမ်းသာနေသည့်အန်တီ့ကိုမြင်တော့ ဆောနူပိုအားနာရသည်။
သူ့ကိုသားအရင်းလိုချစ်ပေးခဲ့သည့်အန်တီတို့ကို ပစ်ထားမိသလိုဖြစ်နေခဲ့သည်။" ခဏထိုင်အုံးနော် သားငယ် "
အိမ်ပေါ်တက်သွားသည့်အန်တီ့ကိုသူတားလို့မမှီလိုက်တော့။သေချာပေါက်ကျွန်ဝောာ်ရောက်နေကြောင်းကို ကိုကို့ကို အန်တီသွားပြောတော့မှာ။မျက်နှာချင်းမဆိုင်ချင်ပါဘူးဆို အခုဘယ်လိုလုပ်ရပါ့မလဲ။ လှည့်ပြန်သွားလို့လည်းမဖြစ်တော့ဘူး။
စိတ်လှုပ်ရှားမှုကြောင့် တကိုယ်လုံးချွေးတွေ ပျံကာလက်ဖျားတွေအေးစက်လာ၏။ခေါင်ငုံ့ထားပေမဲ့ လှေကားမှအလျင်စလို ဆင်းလာသံကိုသူကြားနေရသည်။သေချာပေါက် ကိုကိုပဲဖြစ်နိုင်သည်မဟုတ်လား။
" ဆောနူ "
သူမော့မကြည့်ဖြစ်ပါ။
" သား သားငယ်ကိုအခန်းထဲခေါ်သွားလေ ၊
မေမေမုန့်လာပို့ပေးမယ် "