|10|

1.7K 148 42
                                    

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ကနေ အချိန်တစ်နာရီခွဲလောက် လှမ်းတဲ့နေရာမှာ Ecotourism Village လေးတစ်ခုရှိတယ်။ သစ်တောကြိုးဝိုင်းထဲက ရွာလေးဖြစ်ပြီး၊ အုပ်အုပ်ဆိုင်းဆိုင်းရှိတဲ့ တောအုပ်လေးတွေရှိတာမလို့ ခရီးသွားအပန်းဖြေလို့ကောင်းတဲ့ နေရာတစ်ခုအဖြစ် သိထားကြသလို၊ ကော်ဖီခြံတွေနဲ့ ကော်ဖီဆိုင်တွေ ပေါတဲ့နေရာဆိုပြီးတော့ပါ နာမည်ကြီးတယ်။

မိုးရာသီကုန်ခါနီးပြီ။ Titicharoenrak မိသားစုအပိုင် ဟိုတယ်လုပ်ငန်းက ဒီတစ်ခေါက် ဆန်းသစ်မှုတစ်ခုအနေနဲ့ ဟိုတယ်မှာလာတည်းတဲ့ ဧည့်သည်တွေကို အခမဲ့ကော်ဖီဝန်ဆောင်မှုပေးဖို့အတွက် စီစဉ်ထားခဲ့ကြတယ်။ ဝန်ဆောင်မှုဆိုပေမယ့် ကော်ဖီရဲ့အရည်အသွေးပိုင်းကို အကောင်းဆုံးဖြစ်အောင် ဂရုစိုက်ထားတယ်ဆိုတဲ့အချက်နဲ့ ဧည့်သည်တွေဆီက စိတ်ကျေနပ်မှုကို ရယူချင်ခဲ့တာမလို့၊ Gemini က အဲဒီနေရာမှာရှိတဲ့ သူတို့ရဲ့မိသားစုအပိုင် ကော်ဖီခြံစိုက်ခင်းကို ကိုယ်တိုင်ကိုယ်ကျ သွားပြီးတော့ အတည်ပြုစစ်ဆေးဖို့ ဆုံးဖြတ်ခဲ့တာ။

"ဒီနေရာက မိုးရာသီဆိုရင် တော်တော်လေးလှတယ်လို့ လူတွေပြောကြတာမှန်တယ်"

မနက်ဆိုရင် Fourth က ကျောင်းတက်ရတာရယ်၊ Gemini ကိုယ်တိုင်ကလည်း သူ့အလုပ်တွေကို မြန်မြန်အပြီးသတ်ချင်တာကြောင့် များသောအားဖြင့် သူတို့နှစ်ယောက် ဗီဒီယိုကောလ်ပြောဖြစ်တာက ညဘက်တွေမှာပဲ။ Gemini က သူခရီးသွားနေတုန်း အိမ်မှာ Fourth တစ်ယောက်တည်း ရှိနေမှာစိုးတာမလို့ Jirochtikul မိသားစုအိမ်ကို ပြန်နေဖို့ပြောပေမယ့် သူကတော့ ခေါင်းမာမာနဲ့ပဲငြင်းမိတယ်။ သူ့မိသားစုအိမ်နဲ့မတူတာက အနည်းဆုံးတော့ ဒီအိမ်မှာဆိုရင်.. လူကိုယ်တိုင်ရှိမနေရင်တောင် Gemini နဲ့သက်ဆိုင်တဲ့ အငွေ့အသက် တချို့တလေ ရှိနေနိုင်သေးတယ်လေ။ ဒါက သူ့ရဲ့သတိရစိတ်ကို မဆိုစလောက်ပဲဖြစ်ဖြစ် ပြေပျောက်စေလိမ့်မယ်လို့ Fourth က ယူဆမိတာကြောင့်ပဲ ။

အဲဒီကိုရောက်တာ ရက်နည်းနည်းလောက်ရှိပြီဆိုပေမယ့် Gemini က ညတိုင်းလိုလို မပျက်မကွက် Fourth ကို ဖုန်းခေါ်တတ်တယ်။ ဒါကြောင့်မလို့ Fourth က သူကျောင်းကပြန်ရောက်ကတည်းက ရေချိုးပြီးလို့ ညစာအမြန်စားပြီးတာနဲ့ အပေါ်ထပ်ဧည့်ခန်းကဆိုဖာမှာ Gemini ရဲ့ဖုန်းကို ထိုင်စောင့်နေမိတော့တာပဲ ။ ပုံမှန်အားဖြင့်တော့ သူတို့နှစ်ယောက်လုံးက ပြောတာနဲ့ နားထောင်တာကို ညီတူမျှတူ လုပ်တတ်ကြပေမယ့် ဒီနေ့တော့ Fourth က Gemini ပြောတဲ့စကားတွေကိုပဲ ငြိမ်ငြိမ်လေး နားထောင်နေဖို့အတွက် ဆန္ဒရှိနေတယ်။ သူအခု Gemini ကို သတိရနေမိတယ်။

This Little Omega is Damn Cute!Where stories live. Discover now