loud summer days : 8

929 91 45
                                    

မက်သရူးတစ်ယောက် မျက်စိရှေ့မှ Lemonade ခွက်အားအတော်အတန်ကြာသည့်အထိ ငေးငိုင်နေမိသည် ။
ကြည်ကြည်လင်လင်ဖန်ခွက်အတွင်းသို့ တိုးဝင်သွားသည့် နေရောင်တန်းက အထဲရှိ အဝါရောင်လီမွန်စိပ်ကလေးများနှင့် မိတ်ဆက်မိသောအခါ ရွှေရောင်သန်းနေသည့် မြင်ကွင်းတစ်ခုကို ဖန်တီးပေးသည် ။

မက်သရူးက ထိုဖန်ခွက်ကိုပင့်မကာ နှုတ်ခမ်းဖျားနား တွန်းပို့ရင်း တစ်ငုံနှစ်ငုံသောက်သုံးလိုက်သည့်အခါ နွေရာသီပင် ဖြစ်လင့်ကစား ပူပန်ကြောင့်ကျရမှုများနှင့် ရစ်ပတ်လွှမ်းခြုံထားခံရသည့် နှလုံးသား၏ အပေါ်ယံအလွှာမှာ တမဟုတ်ချင်းပင် အရည်ပျော်ကျလာသည် ။ သင်းပျံ့သည့်အချဉ်ရနံ့နှင့်အတူ စူးရှရှအရသာက လျှာဖျားပေါ်မှတစ်ဆင့် လည်ချောင်းသို့သွားရာလမ်းတွင် အရသာခံအဖုများပေါ်သို့ ပျော်ပျော်ပါးပါးကခုန်သွားသလိုပါပင် ။ တစ်ခါမြည်းစမ်းပြီးလျှင် ဆက်တိုက်သောက်ချင်လာသည်အထိ အာသာမပြေမှုကိုလည်း ပတ်ဝန်းကျင်၏ ခပ်ပြင်းပြင်းအပူဒဏ်က တွန်းပို့ပေးနေသေးသည် ။

" ဟူး "

မက်သရူးက များသောအားဖြင့် အတွင်းစိတ်ထဲတွင် ပူပန်စရာအစိုင်အခဲကလေးများ ဖြစ်တည်လာပြီဆိုသည်နှင့် တစ်နည်းမဟုတ်တစ်နည်းနှင့် ကြာကြာမခံအောင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အာရုံလွှဲပြောင်းတတ်သည် ။ သို့သော် ယခုတစ်ခါ သူ့စိတ်ထဲတွင် ပိတ်ဆို့နေသည့် အစိုင်အခဲတစ်ခုအား ဂရုမပြုမိဟန်ဆောင်ကာ နေထိုင်၍မရ ။ ကိုယ့်အားကိုယ်ကိုးကာ ချေဖျက်နိုင်မှ ကျေပျက်သွားမည့် ကိစ္စရပ်ပင်ဖြစ်နေသည်မို့ ။

ပြင်းထန်စွာ လောင်မြိုက်နေသည့် ရာသီဥတုကပါ မက်သရူး၏စိတ်ကို ကျဉ်းကြပ်စေရန် အားပေးအားမြှောက်ပြုနေသည်အလားပင် ။ သူ၏ နွေအပေါ်ထားသည့် ချစ်မြတ်နိုးမှုက နှစ်ပေါင်းများစွာကြာမြင့်သည်အထိ မယိမ်းယိုင်ခဲ့သည်မှာ မှန်ကန်သော်လည်း သူ့ဘ၀စာမျက်နှာထဲသို့ တစ်ယောက်သောသူ၏ အမည်နာမအား ရေးထိုးပြီးချိန်တွင်တော့ ထိုသူနှင့် အတူရှိခွင့်ရသော နွေနေ့ရက်များက အနက်အဓိပ္ပာယ်များစွာ ပေးစွမ်းလေသည် ။

Summer Scent Where stories live. Discover now