တိတ်ဆိတ်နေသည့် ညနေခင်းတွင် မက်သရူးနှင့် ဂျီအွန်းတို့ ချစ်သူနှစ်ဦးသားမှာ အနောက်ဘက်ရှိ စိမ်းစိုစို ဥယျာဉ်ခြံထဲတွင် ချွေးတဒီးဒီးနှင့် ကြိုးစားကာ အလုပ်လုပ်နေကြလေသည် ။
အကြောင်းမှာ လွန်ခဲ့သော နှစ်များစွာကတည်းက တောရိုင်းပန်းများ အရောင်စုံ ပွင့်လန်းသည့် ဥယျာဉ်ခြံတွင် အများနှင့်မတူညီဘဲ အလှဖျက်နေသည့် ပျက်စီးနေသောရေပန်းအား စိတ်ရှည်လက်ရှည်နှင့် ပြန်ပြင်နေကြခြင်းပင် ။ ဤနေ့က ပိတ်ရက်ဖြစ်သည့်အလျောက် မိန်းကလေးများမှာ မြို့ထဲသို့ အလည်အပတ်ထွက်သွားသည်မို့ အိမ်တွင်ကျန်ခဲ့သည့် ယောက်ျားသားနှစ်ဦးကပဲ ပြုပြင်ရန် သဘောတူခဲ့ကြ၏ ။
ပျက်စီးသည်ဆိုသည်မှာ ပြိုလဲကျခြင်းကို ပြောသည်မဟုတ် ။ ရေညှိများနှင့် ဖုံးအုပ်ကာ အလှပျက်နေပြီး ရေပင်မလာတော့သော ရေပန်းအား တစ်ဖန်ပြန်လည် အသက်ဝင်စေရန် ပြုပြင်ကြခြင်းပင် ။ နေ့လည်ပိုင်းက စတင်လိုက်သော နှစ်ဦးသား၏ လုပ်အားကြောင့် ရေပန်း၏ စကျင်ကျောက်ပေါ်တွင် နယ်ချဲ့နေသည့် ရေညှိများမှာ ပျောက်ကွယ်သွားပြီး လင်းထင်းသည့် နဂိုအရောင်မှာ ပြန်ပေါ်လွင်လာခဲ့၏ ။
ကိုယ်ထည်အား တောက်ပြောင်အောင် တိုက်ချွတ်ပြီးနောက် ဂျီအွန်းက ရေမရှိတော့သည့် ရေပန်းအတွင်းသို့ ကြည်လင်နေသည့် ရေများအား ရေပိုက်နှင့် သွယ်တန်းကာ ဖြည့်စေပြီး မက်သရူးကမူ မျက်စိပသာဒ ရှိစေရန် တဖြည်းဖြည်းနှင့် မြင့်တက်လာသည့် ရေထုထဲသို့ ခြံတွင်းမှ ခူးယူထားသည့် တောရိုင်းပန်းရောင်စုံကလေးများအား အပြည့်ဖြည့်ပစ်သည် ။
နှစ်ဦးသား၏ စုပေါင်း လုပ်ဆောင်မှုကြောင့် နာရီအနည်းငယ်အတွင်းတွင် ပန်းရောင်စုံနှင့် တင့်တယ်နေသည့် ဥယျာဉ်ခြံအတွင်း သူတစ်ဦးတည်း အိုဟောင်းကာ အထီးကျန်နေသည့် ရေပန်းမှာ တောက်ပစွာ သက်ဝင်လာတော့၏ ။
မက်သရူး၏ နားစည်ထဲတွင် မကြားရသည်မှာ ကြာမြင့်နေသော ရေစီးသံက သစ်ဆန်းလျက် ။ ရေအိုင်ငယ်အတွင်း အရောင်စုံသော ပန်းရိုင်းကလေးများက နေရာသစ်တွင် ရွှင်မြူးစွာ ကူးခတ်နေကြ၏ ။ ညနေခင်းအချိန်တွင် မာန်လျှော့ကာ ကျဆင်းလာသည့် နေရောင်ခြည်တန်းကလေးများက အဆင့်ဆင့်ကျနေသည့် ရေပန်းမှ ခုန်ထွက်လာသည့် ရေစက်မှုန်မွှားလေးများနှင့် မိတ်ဆက်မိကာ တောက်ပသည့် ရောင်စဉ်ကလေးများအား ထုတ်လွှတ်ပေးကြသည် ။
YOU ARE READING
Summer Scent
Fanfiction' Share your summer with me ' language - burmese Kim Jiwoong x Seok Matthew