loud summer days : 5

644 81 24
                                    

မက်သရူးသည် ရင်ဖိုစရာအိမ်မက်တစ်ခုမှ ကိုင်လှုပ်နှိုးခံလိုက်ရသည် ။ သို့သော် အိစက်သည့်မွေ့ယာက သူ့တစ်ကိုယ်လုံးအား ထွေးပွေ့ထားဆဲကြောင့် အိမ်မက်ကမ္ဘာထဲ ခရီးဆက်ရန် ပြန်လည်ကြံရွယ်လိုက်စဉ် အသိစိတ်၏ သတိပေးခေါင်းလောင်းသံကြောင့် မျက်လုံးအစုံမှာ ပြူးကျယ်လျက်သား ။ ပြန်လည်တွေးတောလိုက်မှ တရေးရေးပေါ်လာသည့် မှတ်ဉာဏ်ကြောင့် ပါးစပ်များ အဟောင်းသား ဖြစ်သွားရသည်အထိ ။

ထို့အပြင် သူသည် ခန္ဓာကိုယ်အောက်ပိုင်းတစ်နေရာမှ စိုစွတ်လျက်ရှိသည့် ခံစားချက်ကြောင့် ဆယ်ခါပြန်သာသေချင်စိတ်ပေါက်သွားရတော့သည် ။ သူ အလျင်အမြန်ပင် စောင်ကို ခြေထောက်နှင့် ကန်ထုတ်လိုက်ပြီးနောက် သေချာစေရန် အိပ်ရာခင်းကို စစ်ဆေးလိုက်ရတော့၏ ။

အမှန်ဖြစ်သည်မှန်းကို မျက်လုံးအစုံမှ အတည်ပြုလိုက်ပြီးနောက် မက်သရူးသည် ခပ်တိုးတိုးလေးဆဲရေးလိုက်ပြီး ကုတင်ပေါ်မှထကာ ညစ်ပေသွားသည့် အိပ်ရာခင်းစအား ခပ်သွက်သွက် ဆွဲဖယ်လိုက်တော့သည် ။ ထို့နောက် အခန်းထောင့်မှ မလျှော်ရသေးသည့် အိပ်ရာခင်းအဟောင်းကိုပါကြည့်ရင်း ယနေ့တော့ အဝတ်လျှော်ရင်း ဖြတ်သန်းရတော့မည်ဟု ကောက်ချက်ချလိုက်သည် ။

အချိန်အားဖြင့် မနက်ခုနစ်နာရီကျော်သာ ရှိသေးသော်လည်း အိမ်ထဲတွင် ပစ္စည်းချသံ ၊ အပေါ်ထပ်သို့တက်ရာ လှေကားတွင် တက်လိုက်ဆင်းလိုက်လုပ်သံ ၊ မက်သရူး၏ အခန်းအောက်ရှိ မီးဖိုချောင်တွင် လှုပ်ရှားသံများနှင့် သက်ဝင်လှုပ်ရှားနေပြီဖြစ်သည် ။ ထိုဆူညံသံများက အစောကတည်းကပင် ကြိုတင်ကာ မက်သရူး၏ အသိစိတ်များအား ယယ်ဘင်းတို့ ခရီးမှပြန်လည်ကာရောက်ရှိလာခဲ့သည်ဟု သတင်းပို့ထားပြီးဖြစ်သည် ။

" ဘာမှမဖြစ်ပါဘူး ... ဒါက သဘာ၀ပဲကို "

မက်သရူးသည် ဘောင်းဘီလဲရင်း ကိုယ့်ကိုယ်ကို အားပေးစကားပြောကြားလိုက်မိသည် ။ မနက်ခင်းနေခြည်နုနုက အခန်းပြတင်းပေါက်မှ တစ်ဆင့် ကုတင်ပေါ်သို့ ထိုးကျနေသည် ။ အမြင်အာရုံကောင်းခဲ့လျှင်တော့ ဖြာကျနေသည့် နေရောင်ခြည်တန်းများတွင် ဝေ့ဝဲမျောလွင့်နေသည့် ဖုန်မှုန့်ကလေးများကိုပါ မြင်တွေ့နိုင်ဦးမည်ဖြစ်သည် ။ လေပြည်အေးက ပြတင်းပေါက်ဘေးမှ လီမွန်ပင်၏ သစ်ရွက်များကို ထိခတ်ရုံသာ ဖြတ်တိုက်ကာ ကျီစားသွားသည် ။ လတ်ဆတ်သော လီမွန်နံ့သင်းသင်းက သူ၏ အခန်းထဲကိုပါ နယ်မြေကျူးကျော်လာသောကြောင့် နောက်ကျိနေသောစိတ်မှာ အနည်းငယ်မျှ ပြန်လည် လန်းဆန်းသွားရတော့သည် ။

Summer Scent Opowieści tętniące życiem. Odkryj je teraz