loud summer days : 14

305 50 28
                                    

ဥယျာဉ်ခြံထဲသို့ ထိုင်ချလိုက်ပြီးနောက် မက်သရူးက သူ့အစ်မ ခိုင်းစေထားခဲ့သည့် ကျူးလစ်များကို ခူးရန်အမှုကို စတင်ပြင်ဆင်ရန် ကြိုးစား၏ ။ ကျူးလစ်များကို ထည့်ရန် ကြိမ်ခြင်းတစ်ခုလိုသည် ။ သိပ်ပြီးလည်း ပင်ပင်ပန်းပန်းလုပ်ရမည့် အလုပ် မဟုတ်သဖြင့် ဂျီအွန်းကိုတော့ ခေါ်ရန် မဆုံးဖြတ်ခဲ့ပါ ။

ဂျီအွန်းကတော့ ယခုအချိန် ဧည့်ခန်းထဲတွင် အေးအေးလူလူ ဖုန်းသုံးလျှင်သုံး သို့မဟုတ်လည်း ယခုမှ နိုးလာသည့် အကြီးများနှင့် စကားပြောလျှင်ပြောနေလောက်မည် ။ Summer house သို့ ရောက်ရှိလာသည်မှာ နှစ်လ တင်းတင်းပြည့်ပြီးနောက် ဂျီအွန်း၏ တစ်ကိုယ်တည်းသာ သီးသန့်နေတတ်သည့် အကျင့်ကလေး၏ ရာခိုင်နှုန်း အနည်းငယ်ကိုတော့ မက်သရူးက လျှော့ချနိုင်ခဲ့သည်ဟုထင်သည် ။

အိမ်သို့ စစရောက်စဉ်က ရေသေအိုင်ကဲ့သို့သော မျက်နှာအနေအထားနှင့် ဂျီအွန်းက ယခုတွင်တော့ သူနှင့်ရွယ်တူများ၏ စကားဝိုင်းထဲ သက်တောင့်သက်သာနှင့် ဝင်ရောက် စီးမျောနိုင်သည်အထိ ။ မက်သရူးအဖို့ ယင်းက စိတ်ကျေနပ်စရာဖြစ်သည်ကိုတော့ ဝန်ခံရမည် ။

ဂျီအွန်းက သူ့အား အရင်စိတ်ဝင်စားခဲ့သော်ငြား သူ့အနားသို့ရောက်ရန် သို့မဟုတ် သူနှင့် အံဝင်ခွင်ကျဖြစ်ရန် ရက်ပေါင်းများစွာ လိုအပ်ခဲ့သေးသည် ။ ထို့ကြောင့် နေသားကျသွားသည့် အခိုက်၌ သူ့အနားကပ်သည်က မထူးဆန်းတော့သော်လည်း ဤအိမ်တွင် ရှိနေသည်က သူတို့ နှစ်ဦးတည်း မဟုတ်ခဲ့ ။ ဂျီအွန်းတွင်လည်း ကိုယ်ကိုယ်ပိုင် ပေါင်းသင်းဆက်ဆံရေးအချိန်က ရှိသင့်သည်ဟုထင်သည် ။ ဤအချက်က Summer house စကာတည်ထောင်ရခြင်း၏ အဓိကရည်ရွယ်ချက်ပင် ။

မက်သရူးက ဖြူဖြူစင်စင် ကျူးလစ်ပန်းကလေးအား ရိုးတံမှ ဆွဲနှုတ်လိုက်ပြီး နေရောင်ထဲတွင် ဘာရယ်မဟုတ် ထောင်ကာ ငေးကြည့်သည် ။

" ပန်းတွေခူးနေတာလား ? "

" ဟုတ်တယ် ... ပြီးရင် သွားပို့ဖို့လေ "

" ဘယ်လိုလုပ်ရတာလဲ "

ဂျီအွန်းက ဘေးနား ထိုင်ချရင်း မက်သရူးထံ ရိုကျိုးသည့် အကြည့်ကလေးများ ပစ်လွှတ်ရင်းမေးသည် ။ မသိလျှင်တော့ ခုဏလေးကပင် သူ့အား အားပြင်းပြင်းနှင့် ဆွဲချုပ်ကာ နမ်းရှိုက်ထားသည့်သူမှ ဟုတ်ပါလေစ ။

Summer Scent Opowieści tętniące życiem. Odkryj je teraz