Winter Breeze

408 59 15
                                        

FINE

အေးခဲနေတဲ့ရာသီဥတုနဲ့ပြုတ်ကျသွားတဲ့စာအုပ်ထဲကစာမျက်နှာတစ်ခုကြောင့် တစ်ညလုံးဟိုတွေးဒီတွေးနဲ့ နောက်ကျမှအိပ်ပျော်သွားတဲ့အဖြစ်ကတော့ရယ်စရာပင်။

လူတွေနဲ့ဆက်ဆံရတဲ့ကော်ဖီဆိုင်ပိုင်ရှင်က ဒီနေ့တော့ အရင်ကသိခဲ့ဖူးတဲ့မျက်နှာတွေနဲ့၊ ကြုံရတော့မယ့်မေးခွန်းတွေအတွက်တကူးတကပြင်ဆင်နေရသည်။

ကော်ဖီဆိုင်မှာ သူနေ့စဉ်ဆက်ဆံနေရတဲ့လူတွေက သူစိမ်းတွေမလား၊ သူနဲ့လည်းမသိ၊ သူ့အကြောင်းတွေလည်းမသိ၊ဘာကိုမှလည်း တကူးတကမေးမှာမဟုတ်တဲ့သူစိမ်းတွေသာ။

မေးခွန်းတွေကိုကြောက်တာကြောင့် အပြင်မထွက်ရဲတဲ့လူကခုတော့ ပထမဆုံးအကြိမ် လူတွေနဲ့ထိတွေ့ဆက်ဆံဖို့ကြိုးစားရတော့မည်။ ဂယူဗင်းသူ့ကို အိမ်ကဆွဲထုတ်ဖို့ကြိုးစားသည်မှာ မမှား။ သူ ၅ နှစ်လောက်ထွက်ပြေးလာခဲ့ပြီးပြီဘဲ။ ဒီ့ထက်ထွက်ပြေးစရာလမ်းလည်းမရှိတော့။

ကျောင်းသားဟောင်းတွေ့ဆုံပွဲအတွက် ထွေထွေထူးထူးဝတ်စရာအစား ပုံမှန်ပွဲသွားပွဲလာ အဖြူရောင်ကော်လာရှုပ်နဲ့ အမည်းရောင် style pants သာ။ လိုရမယ်ရ ကုတ်အနက်ကို လက်မှာတင်ထားလိုက်သည်။ တကူးတက ပြင်ဆင်စရာလည်းမလိုတာမို့ သပ်သပ်ရပ်ရပ်ရှိရုံသာ ဆံပင်ကိုလှန်တင်ထားလိုက်သည်။ မနေ့ညကကျေးဇူးနဲ့ မျက်ကွင်းအနည်းငယ်ကျနေပေမယ့် သိပ်မသိသာလောက်ပေ။

ချိန်းထားတဲ့အချိန်ထက် ပိုစောပြီး ဂယူဗင်းတို့အတွဲလေးက အိမ်အောက်ရောက်နေပြီ။ သူ့အိမ်အောက်ထပ်က အသံတွေအရ နှစ်ယောက်သား မီးဖိုချောင်ကိုကြည့်နေပုံ။မနေ့ကအပြင်ထွက်ထားလို့သာ တော်သေးသည်။မဟုတ်လို့ ရေခဲသေတ္တာဗလာဖြစ်နေပါက ကျောင်းမရောက်ခင် စူပါမားကတ်မှာ သုံးယောက်သားစျေးဝယ်ပွဲတော် ကျင်းပပြီး ချစ်ကြည်နူးစရာအတွဲလေးရဲ့ အိမ်တစ်အိမ်မှာမီးဖိုချောင်နဲ့ရေခဲသေတ္တာပြည့်နေဖို့ ဘယ်လောက်အရေးပါကြောင်း ပညာပေးဟောပြောပွဲအား သူအရင်တက်ရပေလိမ့်မည်။

လမ်းခွဲပြီးစ နှစ်တွေမှာ သူ့နေထိုင်ပုံစနစ်ကြောင့် နှစ်ယောက်သားအကျင့်ပါစွာ စစ်ဆေးနေကြတဲ့ပုံ။ဘာမှမရှိတော့မှ သွားဖြည့်ထားတဲ့ မနေ့ကမှပြည့်သွားတဲ့ရေခဲသေတ္တာအားမသိရှာဘဲ နှစ်ယောက်သားက သူ့တိုးတက်လာမှုအပေါ် ပျော်ရွှင်နေဟန်။ တကယ်တော့ သူလည်းဘဲလမ်းခွဲပြီးစ ရက်တွေက သူမဟုတ်တော့။ အနည်းဆုံးတော့ တနေ့တာကို ဘယ်လိုဖြတ်သန်းရမလဲ၊ အစားအစာနဲ့နေထိုင်မှုစနစ်တွေကို ဘယ်လိုပြန်စီမံရမလဲ သိလာပြီဖြစ်သည်။ ဒီနေ့အတွက်ကတော့ လူမှုဆက်ဆံရေးသင်ခန်းစာ။ တနည်းအားဖြင့် အတိတ်ကလူတွေနဲ့လူမှုဆက်ဆံရေးသင်ခန်းစာ။

The Moment I KnewWo Geschichten leben. Entdecke jetzt