Epilogue

1.8K 99 2
                                    

Unicode

အပိုင်း ၃၇။ ထင်ယောင်ထင်မှား သို့မဟုတ် အစစ်အမှန်

ရက်အလီလီ ကုန်ဆုံးလာခဲ့ပြီ။ သူ၏ ဝမ်ဖေး သူ့ရှေ့မှာတင် ပျောက်ကွယ်သွားပြီး ပြန််မလာတော့သည်မှာ သုံးလပင် ရှိတော့မည်။ သူ့ဝမ်ဖေးမရှိသည့် နေ့ရက်များကို တစ်​ယောက်တည်းဖြတ်သန်းရသည်က အလွန်ကို ပင်ပန်းရပါသည်။ အိမ်တော်အနှံ့အပြား၊ မြို့တော်အနှံ့အပြားက နေရာတိုင်းတွင် သူနှင့် ဝမ်ဖေးတို့၏ အမှတ်တရများရှိနေလေ၏။ တစ်ချိန်က ပျော်ရွှင်ဖွယ်အမှတ်တရများက ယခုတွင် သူ့ရင်ကို ထိုးဖောက်နာကျင်စေသည့်ဒဏ်ရာများသာ ဖြစ်လို့နေသည်။ သူ့ကိုယ်သူ လိမ်ညာရသည်မှာ မောပန်းလှပြီ။ ကံကြမ္မာကို အရှုံးပေးပစ်ချင်ပါသည်။ သို့သော် အကယ်၍ သူ၏ဝမ်ဖေး ပြန်ရောက်လာခဲ့ပါက သူ့ကိုမတွေ့လျှင် စိတ်ပူဝမ်းနည်းမည်ကိုလည်း စိုးရိမ်ရပါသေးသည်။

အိမ်တော်ဥယျာဉ်တွင် သစ်ပင်တစ်ပင်၏ ပင်စည်ကို မှီထိုင်၍ သေရည်များကို သောက်နေသည့်မင်းသားဝမ်က သူ့ရင်ထဲမှ နာကျင်မှုကို မေ့ပျောက်နိုင်ရန် ကြိုးစားနေပုံရသည်။ နံဘေးတွင်လည်း များစွာသော သေရည်ဘူးခွံများက နေရာယူလျက်။ လရောင်ဖျော့ဖျော့က ဥယျာဉ်ထက်သို့ ဖြာကျလျက်ရှိသည်။ မျက်ဝန်းသေများကို မှိတ်ချလိုက်သည့်မင်းသားဝမ်၏ မျက်လုံးထောင့်မှ တိတ်တဆိတ်ကျဆင်းလာသည့် မျက်ရည်တစ်စက်က ကုန်စင်သွားပြီဖြစ်သည့် လက်ထဲရှိ သေရည်အိုးပေါ်သို့ သက်ဆင်း၏။ ဒူးတစ်ဖက်ကိုထောင်၊ တစ်ဖက်ကိုချ၍ ဖရိုဖရဲထိုင်နေသည့် မင်းသားဝမ်က တစ်ချိန်က ဂုဏ်သရေရှိမင်းသားဝမ်၊ ဂုဏ်သတင်းကျော်ဇောခဲ့သည့်စစ်သူကြီးဝမ်နှင့် လားလားမျှ မဆိုင်သလိုပင်။ သူ၏ တာဝန်အလုံးစုံကို လျစ်လျူရှု၍ တစ်လောကလုံးကို မေ့ပျောက်ထားသည့် မင်းသားဝမ်က နေ့နေ့ညည သူ၏ ဝမ်ဖေးကိုသာ လွမ်းဆွတ်သတိရနေပါ၏။ ခမည်းတော်ဖြစ်သည့် မင်းကြီးကတောင် သူ၏ အခြေအနေကို စိတ်ပျက်နေပါတော့သည်။ သို့သော် သူဘာများတတ်နိုင်ပေလိမ့်မည်နည်း။ ​မေ့လျော့ခြင်းမြစ်ကို ရှာတွေ့ခဲ့၍ ထိုမြစ်ထဲသို့ တွေဝေခြင်းမရှိ ခုန်ဆင်းခဲ့လျှင်တောင် သူ၏နှလုံးသားက ကျန့်အာကို အမြဲတစေ သတိရနေပေလိမ့်မည်။

Forced to Woo Prince Wang ⟪Completed⟫Where stories live. Discover now