ရက်သတ္တပတ်ကြာပြီးနောက်.......
အထက်တန်းကျောင်းသားတို့၏ ဒုတိယအကြိမ်လပတ်စာမေးပွဲဖြေရမည့်အချိန် ရောက်ရှိလာခဲ့သည်။
အတန်းက၁၃အထိရှိပြီး လူပေါင်းထောင်ချီရှိတာမို့ စာကူးချခြင်း၊ ခိုးချခြင်းများမရှိစေရန် အယောက်တစ်ရာကို သုံးခန်းခွဲ၍ဖြေစေသည်။ သို့မှသာ ဆရာဆရာမများက တစ်ပြိုင်တည်း အသေးစိတ်စောင့်ကြည့်နိုင်မည်ဖြစ်၏။
အခန်းများလောက်ငှရန်အတွက် တချို့သောအငယ်တန်းများကို ကျောင်းပိတ်ပေးထားရပြီး စာမေးပွဲခန်းများအဖြစ်အသုံးပြုရသည်။
ဟန်သစ်၏အတန်းသည်လည်း စာမေးပွဲခန်းအဖြစ်သုံးရမှာဖြစ်တာကြောင့် ကျောင်းပိတ်ရက်ရရှိလေသည်။ သို့သော် ဟန်သစ်ကိုယ်တိုင်ကတော့ စာမေးပွဲခန်းစောင့်အဖြစ်ဝင်ကူရမည်ပင်။
စာမေးပွဲဖြေဆိုမည့်ရက်မတိုင်ခင် တစ်ရက်အလို၌ သူစောင့်ကြည့်ရမည့်စာမေးပွဲခန်းရှိ အယောက်သုံးဆယ်ကျောင်းသားစာရင်းအား ရရှိလာခဲ့ပြီး မစိမ်းသက်သောနာမည်ကိုပါ တွေ့လိုက်ရသည်။
"Alex...... စာမေးပွဲခန်း 8 ၊ ခုံအမှတ်()"
ကြည့်ရတာ သူတို့ရေစက်ကမပြတ်သေးဘူးပဲ......။
-
စာမေးပွဲဖြေမည့် ပထမရက်။
Alexကား ကျောင်းသို့ အစောကြီးရောက်ရှိလာခဲ့ပြီး စာမေးပွဲခန်းထဲဝင်ကာ မှောက်အိပ်လိုက်၏။
ကျောင်းသားများတစ်ယောက်ပြီးတစ်ယောက် ဝင်လာသည့်တိုင် Alexက ခေါင်းပြန်မထောင်နိုင်သေး။
ပြင်းထန်သောအကြည့်စူးစူးကိုခံစားမိတော့မှ မျက်လုံးများကိုမဖွင့်ချင်ဖွင့်ချင်နဲ့ ကြိုးစားဖွင့်လိုက်သည်။
"အိုး...... နောက်ဆုံးတော့နိုးလာပြီပေါ့"
ခပ်ရွဲ့ရွဲ့အမေးစကားကို မေးပေါ်လက်တစ်ဖက်ထောက်ရင်း ပျင်းရိပျင်းတွဲပြန်ဖြေလိုက်သည်။
"အင်း......"
"မင်းကိုကြည့်ရတာ တော်တော်လေးကိုသက်တောင့်သက်သာနဲ့အိပ်နေပုံပဲ"