Alexက ထိုညမှာပဲ သူ့အမေနဲ့အတူ Xနိုင်ငံသို့ထွက်ခွာခဲ့လေသည်။
တစ်ရက်ကြာပြီးနောက် Alexက သူ့ဆီ ချက်ချင်းဖုန်းခေါ်လာခဲ့ပြီး စိတ်အခြေအနေကလည်းကောင်းပုံမရ။
"ဘာဖြစ်နေလို့လဲ"
သူ့မေးခွန်းပြီးနောက် Alexမျက်ခုံးက ပိုပြီးတော့တောင် တွန့်ချိုးလာခဲ့သေးရဲ့။
"ကျွန်တော့်အဖေနဲ့ သူ့နောက်မယားရဲ့ခပ်ရှုပ်ရှုပ်ဇယား ကျစ်!"
ပြောရင်းနဲ့စုပ်သပ်လိုက်ပုံက တော်တော်ကြီးကို စိတ်အလိုမကျဖြစ်နေပုံ။
"အင်း...... မင်းအဆင်ပြေရဲ့လား"
"မပြေဘူး...... တစ်ယောက်ယောက်ကိုရိုက်ပစ်ချင်နေတယ်၊ ဒါပေမယ့်ရိုက်လို့မရဘူး"
တစ်ယောက်သူ့အဖေ၊ တစ်ယောက်ကလည်းအမျိုးသမီး။
ဟန်သစ်ကတော့ဘယ်လိုမှတ်ချက်မှမပြုပေ။ ပတ်ဝန်းကျင်စကားအရ Alexဟာအဖေမရှိ၊ အဖေကိုမသိရဘဲ ကြီးပြင်းလာခဲ့တာဖြစ်၏။
အကြောင်းရင်း နောက်မိန်းမရပြီး နိုင်ငံခြားမှာအခြေချလိုက်တာဖြစ်ပေမည်။
"ကျွန်တော်တို့သားအမိက သူနဲ့အဆက်အသွယ်မလုပ်တာဘယ်လောက်ရှိနေပြီလဲ၊ သူ့ကိုမြင်ကိုမမြင်ဖူးတာ။ ဟမ့်! ကျွန်တော့်မာမီကြီးပွားလာခါကြမှ သွေးသားပေါ်ဗန်းပြပြီး လက်ရှိမိန်းမအတွက် မာမီ့ကိုအမြတ်ထုတ်ချင်နေတာလေ"
"သူတို့ကွဲနေရင်တောင် ကျွန်တော်ကသူ့သားဖြစ်နေတုန်းပဲတဲ့....... တာဝန်ယူမယ်ဆိုပြီး သူနဲ့နေခိုင်းတယ်၊ ကျွန်တော်ရလာမယ့်အမွေကြီးတွေကို တော်တော်မျက်စိကျနေတာ ရွံစရာကောင်းချက်ပဲ..... "
Alexရဲ့စိတ်အခြေအနေဆိုးဝါးနေတာကြောင့် ဟန်သစ် မည်သည့်နည်းနှင့် နှစ်သိမ့်ပေးရတော့မည်မသိဘဲ........
"စိတ်လိုက်မာန်ပါမလုပ်နဲ့၊ နိုင်ငံခြားမှာတစ်ခုခုဖြစ်ရင် မကောင်ဘူး။ ကိစ္စတွေပြီးရင် အမြန်ဆုံးပြန်လာ"
ထိုအခါမှ Alexမျက်နှာ နည်းနည်းပြန်ကြည်သွားကာ........
"ခင်ဗျားလည်း ဟိုလူနဲ့ပတ်သက်တဲ့ပိုင်ဆိုင်မှုတွေ သေချာခွဲထုတ်လိုက်၊ မြူမှုန်တစ်မှုန်စာတောင် မကျန်ခဲ့စေနဲ့။ ပြီးရင် အိမ်ကိုရောင်းပြီး အသစ်ဝယ်ကြမယ်"
