"ကျောင်းသွားမှာမလား....... ကိုယ်လိုက်ပို့ပေးမယ်"ဟန်သစ် အံ့ဩသွားရင်းမှ မေးလိုက်သည်။
"အချိန်ရရဲ့လား......"
ဖြစ်နိုင်ရင် အရင်ကအတိုင်း Mikeကိုလိုက်မပို့စေချင်မိ။ ကျောင်းကပြဿနာအိုးလေးအား သူနဲ့Mikeကို တွဲမမြင်စေလိုပေ။
သို့သော်လည်း Mikeရဲ့အမြင်မှာတော့ အရင်ကပျက်ကွက်မှုတို့ကြောင့် ဟန်သစ်မကျေမနပ်ဖြစ်နေတယ်ဟုသာ......။
"ရပါတယ် နောင်ဆို ကိုယ်အားတာနဲ့လိုက်ပို့ပေးပါ့မယ်....... အခုတော့သွားရအောင်လေနော်"
ဟန်သစ် စိတ်မချမ်းမြေ့စွာဖြင့် ခေါင်းညိတ်ရင်း ကားထဲဝင်ထိုင်လိုက်၏။
Mikeက မနေ့ညကရော ဒီနေ့မနက်မှာပါ သူ့ကိုအဖော်ပြုနေပုံအရ တစ်ခုခုတော့ရှိနေပေလိမ့်မည်။
ဟန်သစ် ရုတ်တရက်ထိတ်လန့်သွားမိ၏။
Mikeနဲ့ သူ့ဇယားလေး ပြတ်စဲသွားတာတော့မဟုတ်လောက်ဘူးမလား......။ ဒါဆိုရင် Alexအတွက် အချိန်ဖဲ့ပေးဖို့ Mikeသံသယမဝင်အောင် ဘယ်လိုလုပ်သင့်လဲ......။
Mikeမှာ ဘယ်တုန်းကမှဇယားမရှိခဲ့ဖူးဘဲ သူကချည်းသံသယဝင်မိတာဆိုတာတော့ မဖြစ်နိုင်ချေ။ အကယ်၍ ထိုသို့သာဖြစ်ခဲ့ရင် အိမ်ထောင်ရေးဖောက်ပြန်ပြီး တစ်ဦးတည်းအပြစ်ရှိသူက သူဖြစ်သွားပေလိမ့်မည်။
တွေးလေလေ စိတ်ကဂနာမငြိမ်နိုင်လေ။
စာသင်နေတဲ့အချိန်မှာလည်း စိတ်ခဏခဏလွတ်နေပြီး လက်သည်းများကိုက်နေမိသည်။
Alexက သူစိတ်နဲ့လူမကပ်တာက သတိထားမိပုံရသည်။
အတန်းချိန်ပြီးသည်နှင့် သူ့အား လူမမြင်ကွယ်ရာဆွဲခေါ်ကာ နံရံနဲ့ဖိ၍ နမ်းရှိုက်လာလေသည်။
ယစ်မူးဖွယ်ရာ အငွေ့အသက်ကိုရတော့ တစ်မနက်ခင်းလုံးတင်းရင်းနေခဲ့တဲ့ ဟန်သစ်၏အာရုံကြောတို့က အနည်းငယ်မျှပြေလျော့သွားခဲ့လေသည်။
"ပြော........ ဘာဖြစ်နေတာလဲ"
သူရှေ့ကလူငယ်လေး၏နှုတ်ခမ်းကို ဟန်သစ် ဖိနမ်းမိလိုက်ပြန်သည်။ ထို့နောက်တွင် သူ့အတွေးများကိုထုတ်ပြောလိုက်သည်။
