Part 1

1.2K 23 2
                                    

Unicode

#ခြွေသော်မကြွေ…ကြွေသော်မစဲ
#အပိုင်း(၁)

ဒီဇယ်ဆီရွှဲစိုနေသော အဝတ်စ တစ်ခု…။
ငယ်ငယ်ကတော့ ထိုဒီဇယ် အနံ့ရရင် ခေါင်း အရမ်းမူးခဲ့တာ…။အခုတော့ ထိုအနံ့က နေ့တိုင်း စွတ်နေကျ ရေမွှေးတစ်ခုလို ကျင့်သားရနေပြီဖြစ်သည်။

ကျင့်သားမရလို့လဲ မဖြစ်…
လက်မှာပေနေတဲ့ ဆီချေးတွေက ဆပ်ပြာနဲ့တိုက်လို့မှ မပြောင်ဘဲ…။
ဒီဇယ်ဆီစွတ်ထားတဲ့ အဝတ်စနဲ့ အရင်ပွတ်
ပြီးမှ ဆပ်ပြာနဲ့တိုက်ရသည်။

စိတ်ပြေနပြေစိတ်ကြိုက်ဆေးလိုက်၍ ဖွေးဖွေးရေးရေးလက်ရုပ်ထွက်လာပြီဖြစ်သည်။
မျက်နှာမှာလည်း အလုပ်လုပ်ရင်း သတိလက်လွတ် ကိုင်လိုက်မိတဲ့ ဆီချေးကြောင်းရေးရေးလေးကို
တစ်သျူးနဲ့ခပ်ကြမ်းကြမ်းဆွဲပွတ်လိုက်တော့ မဲသော်လည်း ပြောင်သော်ရှိ…။
"တော်ပါပြီကွာ…ကားဝပ်ရှော့မှာ တစ်နေကုန်လုပ်ခဲ့တာပဲ…
ဒီရုပ်ပဲ ရမှာပေါ့…ဟု စိတ်ထဲတွေးနေမိသည်။

ရှပ်အကျီအကွက်စိတ် လက်ရှည်လေးကို စိတ်ရှည်လက်ရှည် သပ်သပ်ရပ်ရပ်ခေါက်တင်လိုက်သည်။
ရှပ်လက်ရှည်ကို လက်တံတောင်ဆစ်အထိ
ခေါက်ပြီးဝတ်ရတာကိုသူနှစ်သက်သည်။
ပြီး လွယ်အိတ်ကိုကောက်လွယ်…
အိမ်ပြန်ရန် တက်ကြွလို့နေ၏။
ဒီနေ့ကလစာထုတ်ရက်။လစာလေးပြေးမြင်ရင်ပဲ အလိုလိုကို ပြုံးနေမိသည်။

"ဟေ့ ဟေ့ ဒါကဘယ်လစ်မလို့လဲ"

သွားရန်ဟန်ပြင်ပြီးမှ ရဲရင့်က သူ့အိတ်ကို နောက်မှဆွဲထားလေသည်။

"ပြန်တော့မယ်…စောစောပြန်လာဖို့ အမေက မှာထားတယ်…"

"မင်းကလဲကွာ…လစာထုတ်ရက်လေးတော့
အေးဆေးနေစမ်းပါ…အိမ်ကဘယ်အချိန်ပြန်ပြန်ရပါတယ်…ဘာလဲ…မင်းတို့အိမ်ကကြိုးတွေနဲ့ဆိုင်းထားလို့လား…
အချိန်မရွေးပြိုကျသွားနိုင်လို့လား…"

ရဲရင့်က သူ့ကိုကြည့်ကာ ရွဲ့တဲ့တဲ့မေးသည်။

"အေး… အဲ့ထက်ဆိုးတယ် ငါတို့အိမ်က လမ်းဘေးမှာ… အိမ်တိုင်မရှိဘူး…ဘီးလေးနဲ့…စည်ပင်တွေလာရင်အဲ့ဒီအိမ်ကို
တွန်းပြီးပြေးရတာ…အမေတစ်ယောက်တည်းမတွန်းနိုင်ဘူး…ငါပါဝိုင်းတွန်းရမှာ…go ပြီ… go ပြီ…"

ခြွေသော်မကြွေ...ကြွေသော်မစဲ ( Completed )Where stories live. Discover now