သောကြာနေ့ ဖြစ်ပြီး ပါမောက္ခဖြစ်သူကလည်း သင်ကြားပို့ချမှုကို ခါတိုင်းအချိန်များထက် ပိုမိုကာ အတောမသတ်နိုင်သေးပုံအရ ပိတ်ရက်တွင် အလုပ် ခပ်ကြီးကြီးတစ်ခု ပေးမည်က သေချာသလောက် ရှိနေပြီ ဖြစ်၍ ကျန်းဟာအိုမှာ တိတ်တခိုးသာ သက်ပြင်းချမိတော့သည်။
သူမေ့လဲချိန်မှစ၍ မူမမှန်သည့်အရာ တစ်ခုခု ဖြစ်နေကြောင်း ရိပ်မိနေသလောက် ယနေ့တွင်တော့ သာမန်ထက်ပိုကာ အိပ်ရာထချိန်မှစ၍ ကြုံတွေ့နေရသော မအီမသာ ခံစားချက်ကြောင့် အိမ်သို့ ချက်ချင်းပြန်ပြီး အိပ်ရာထဲတွင် ခွေခေါက်ချင်နေသော်လည်း သူ့ထက် ပိုမို အခြေအနေဆိုးပြီး အိပ်ရာမှ မထနိုင်လောက်အောင် နေမကောင်းဖြစ်နေသော ဆောင်းဟန်ဘင်းကြောင့် ကျန်းဟာအိုမှာ အစွမ်းကုန် သည်းခံပြီး အတန်းလာတက်နေရသည်။
အမှန်စင်စစ် ကျန်းဟာအိုမှာ သူကိုယ်တိုင်ပါ အတန်းသွားမတက်ဘဲ အနားတွင် ဂရုစိုက်ပေးမည်ဟု ပြောခဲ့ခြင်း ဖြစ်သော်လည်း ဆောင်းဟန်ဘင်းက သူ့အနားတွင် မနေဘဲ သူ့အတွက် ကျောင်းသွားပြီး မှတ်စုသာရေးပေးခဲ့ရန် တောင်းဆိုခဲ့ခြင်းကြောင့် နေမကောင်းဖြစ်ချင်နေသည်ကို ဘေးချိတ်ကာ နေအိမ်တွင် ကျန်ခဲ့သူကိုလည်း စိတ်ပူရင်း အတန်းတက်ရန် ရောက်ရှိလာခဲ့ခြင်းသာ ဖြစ်လေသည်။
ပထမနှစ်ကျောင်းသားများ ဖြစ်ကြသည့် သူတို့အဖို့ အရာရာကို မိမိကိုယ်တိုင် လေ့လာရန် မဖြစ်နိုင်သေးသည့် အခြေအနေတွင် ကနဦး အတန်းတွင်း သင်ကြားသမျှကို ယေဘုယျအားဖြင့် အနည်းအကျဥ်းဖြစ်စေ လိုက်လံမှတ်သားရန်က အဓိကဖြစ်လေရာ ကျောင်းသားအများစုမှာ အကြောင်းအမျိုးမျိုးကြောင့် အတန်းမတက်နိုင်ကြသည့် အချိန်များတွင် အတန်းဖော်များဆီမှ မှတ်စုတစ်ချို့ ငှားယူလေ့ရှိကြသော်လည်း ခေါင်းကြောမာသော ဆောင်းဟန်ဘင်းက သူ့ဆီမှလွဲ၍ မည်သူ မှတ်သားထားသည်ကိုမျှ ကြည့်မည့်သူ မဟုတ်လေသောအခါ ကျန်းဟာအိုမှာ ပိုမိုအားစိုက်ရပြီး ၂ဆ ပိုပင်ပန်းရလေသည်။
ပျင်းရိဖွယ် စာသင်ချိန်ကို စာလိုက်မှတ်ရင်း၊ တွေးရင်း၊ ဆွေးရင်းဖြင့် ရုတ်တရက် ဆရာဖြစ်သူက ထိန်းချုပ်ဆိုသည့် စကားလုံးကို ထုတ်ပြောလာမှ Pheromones ထိန်းချုပ်ဆေး ကိစ္စကို သူ သတိရတော့သည်။