အပိုင်း ၁၉ - What do you want?
တိုက်ရိုက်ထုတ်လွှင့်နေသည့် စာမျက်နှာကိုမြင်မြင်ချင်း လင်းယွိတကယ်ကို လန့်သွားတာဖြစ်သည်။ သူတခြားဟာတွေ ကလိနေတုန်း ဒီလိုလုပ်ဆောင်ချက်မျိုးကို မထင်မှတ်ပဲ ဖွင့်ထားမိလိုက်မယ်လို့ လုံးဝထင်မထားခဲ့ပေ။
“ကျွန်တော် တမင်လုပ်တာမဟုတ်ဘူး။”
လင်းယွိခေါင်းကို ထောင်ကာရှင်းပြလိုက်သော်လည်း တစ်ဖက်က ယန့်ကျီဟန်ကတော့ အခုထိ စခရင်ကို စူးစိုက်ကြည့်နေတုန်းပင်။
ထိုတိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်သည်နှင့်တစ်ပြိုင်နက် ဤစက်ကလေးထံ ပို့ထားသော ကိုယ်ပိုင်စာတိုတွေပါ ပေါ်လာကြတော့၏။
လင်းယွိ၏ နေစဉ်တိုက်ရိုက်ထုတ်လွှင့်မှုအောက်က ကောမန့်တွေဆိုတာပင် စခရင်ကိုပြေးလျက်မတတ် ပြောနေကြသည်များဖြစ်ရာ ကိုယ်ပိုင်စာပို့ထားသည့် စနစ်မှာဆို ပိုတိုက်ရိုက်ဆန်ကာ ပိုထိန်းချုပ်မထားကြသည့် စာတွေသာ ဖြစ်နေတော့သည် အထိ။
ယန့်ကျီဟန်ထိုစာများကို ကြည့်နေရင်း စိတ်တိုလာတာကြောင့် သူ့နားနောက်မှာဆို အနက်ရောင်နဂါးကြေးခွံတွေပါ ပေါ်လာကြတော့သည်။
“မင်း သူတို့ကိုဘာတွေပြခဲ့တာတုန်း?”
လင်းယွိ ယန့်ကျီဟန်၏ အေးစက်နေသောအကြည့်တွေနှင့် ဆုံလိုက်တာနဲ့ ချွေးစေးတွေက ထွက်လာတော့သည်။
အရင်က ယန့်ကျီဟန် စိတ်တိုနေပြီဆိုလျှင် ကြောက်ဖို့ကောင်းသည်မှာမှန်သော်လည်း သူ့မျက်နှာပေါ် စိတ်ဆိုးနေမှန်းအမူအရာ သိပ်မပြတတ်ပဲ တစ်ခါတစ်လေဆို အေးစက်စက်အပြုံးပါ ရှိနေတတ်သေးသည်။
သို့သော် အခုတစ်ခါမှာတော့ ယန့်ကျီဟန်ဘက်က ပထမဆုံး အထိန်းအကွပ်မဲ့ကာ ဖုံးထားလို့ပင်မရအောင် ဒေါသထွက်နေသည်ကို ပြလာချင်းဖြစ်ပေသည်။
“ဘာဖြစ်ချင်နေတာလဲ မင်းက၊ ဇက်မျိုးနွယ်စုကို ပြန်ထောင်ချင်တာလား? မင်းစိတ်တိုင်းကျ တစ်ယောက်ပြီးတစ်ယောက်နဲ့ အိပ်လိုက်ရပြီးရောလား?”
လင်းယွိမျက်လုံးပြူးသွားကာ ခေါင်းကိုအသေခါပြီး ပြန်ပြောလာသည်၊ “မဟုတ်ဘူး၊ ကျွန်တော် မသိဘူး။”
သို့သော် ဒီတစ်ကြိမ်မှာတော့ ယန့်ကျီဟန်ကြည့်ရတာ သူပြောနေတာတွေကို နားထောင်ဖို့စိတ်ကူးမရှိပုံပင်၊ ကျစ်ကျစ်ဆုပ်ထားသည့် လက်သီးတွေဆို တုန်ရီနေကြတော့သည်။
လင်းယွိသူ့ကို ကြောက်ကြောက်နှင့်သာ ကြည့်နေနိုင်တော့သည်။
အခုချိန်သူ့ကို ယန့်ကျီဟန်သာ ထိုးလိုက်မယ်ဆို သူသေသွားနိုင်သည်။
သေချာပေါက် ယန့်ကျီဟန်ကလည်း ဒါကိုသိသည်။
သူ့လက်သီးတွေကိုသာ တင်းကျပ်စွာ ဆုပ်ထားလိုက်သည်။ သူ့ရှေ့ကလူက အလွန်အားနည်းလှရာ သူနေရာကပင် မရွေ့နိုင်ပေ!
သူလင်းယွိ ဘေးကနံရံကိုသာ ထိုးချလိုက်တော့သည်။
ဘေးကနံရံဆို အပေါက်တစ်ခုအလား အထဲနစ်ဝင်သွားကာ လင်းယွိကြောက်ကြောက်နှင့် မျက်လုံးတွေကိုသာ မှိတ်ထားလိုက်လေသည်။
“ဒီကြယ်အစုအဝေးတစ်ခုလုံးမှာ အဲ့လောက်ဇက်မျိုးစပ်တွေများတယ် ဆိုတာငါမသိခဲ့ဘူးပဲ။ မင်းကျော်ကြားမှုက တစ်ကယ်ကို အံ့ဩစရာပဲ! မင်းက ငါ့ကိုအဲ့လူတွေအကုန်လုံးကို ဒီကိုမင်းအတွက် ဖိတ်ပေးစေချင်တာလား? မင်းအတွက် တန်းစီကြ အဲ့လိုလား! မင့် သောက်ကိုယ်လုပ်တော် ရွေးနေတာမလို့လား!”
ယန့်ကျီဟန်စကားတွေက ရှာလကာရည်တစ်ပုလင်း လောင်းချလိုက်သလိုမျိုး ရင့်သီးကာ ဆိုးရွားလှသည်။
“မဟုတ်ဘူး! ကျွန်တော် တကယ်မသိဘူး၊ ဘယ်လိုသုံးရမယ်ဆိုတာတောင် မသိဘူး….”
လင်းယွိ တစ်ကယ်ကိုကြောက်နေတာဖြစ်ကာ ခေါင်းကိုသာ ခါယမ်းနေပြီး ယန့်ကျီဟန်လက်ကို ကိုင်ရန်အရှေ့သို့သာ ဖြည်းဖြည်းချင်းလျှောက်နိုင်လေသည်။
သို့သော် ယန့်ကျီဟန်တုန့်ပြန်လာမှုက အလွန်ကြမ်းတမ်းကာ သူ့ကိုအဝေးသို့ တွန်းထုတ်လိုက်လေသည်။
"ငါ့ကိုမထိနဲ့!”
လင်းယွိ နံရံကိုပါ ဆောင့်သွားရာ သူလည်းနာသွားလေသည်။
လင်းယွိမျက်မှောင်ကျုံ့သွားသည်ကိုမြင်ပြီး ယန့်ကျီဟန်မသိစိတ်က လက်ကိုဆန့်ကာ ကူထူပေးလိုက်ချင်သော်လည်း သူ့တွေးနေတာကို ပြန်သဘောပေါက်လိုက်သည်နှင့် မျက်နှာကချက်ချင်း ဆိုးရွားသွားကာ အနောက်ကိုဆုတ်လိုက်ပြီး လှောင်ပိတ်ထားခံရသည့် သတ္တဝါတစ်ကောင်အလား အခန်းကို ပတ်လျှောက်နေတော့သည်။
“ငါမင်းကို သတ်ပစ်ခဲ့ရမှာ။ ငါဒါမျိုးတွေ ဖြစ်လာမယ်ဆိုတာကို သိခဲ့တာကို မင်းကိုအစကတည်းက သတ်ပစ်ခဲ့ရမှာ။”
ယန့်ကျီဟန်ကတော့ လင်းယွိအခုလုပ်နေတာမှန်သမျှက တမင်လုပ်နေတာဟုသာ ခံယူထားတာဖြစ်လေသည်။
ဇက်အင်ပါယာဆိုတာမျိုးက မျိုးရိုးနှင့်ပတ်သက်လျှင် စည်းမျဉ်းတင်းကျပ်ကာ ဇက်အထီးပိုသန့်လျှင် စိတ်စွမ်းအင်ပမာဏပိုမြင့်လေဖြစ်သည်။
အထီးတစ်ကောင်၏ ဖယ်ရိုမုန်းက ပိရမစ်ထိပ်ဆုံးအရည်အသွေးဖြစ်ရာ သူ့ထက်နိမ့်ကျသည့် အထီးတွေကို သူ့လက်အောင်နာခံလာအောင် လုပ်နိုင်သည်သာမက ရာချီသော အမတွေကိုလည်း ဆွဲဆောင်နိုင်သေးသည်။ သူတို့အတွက်ဆို သေဆိုသေ ရှင်ရှိရှင်ဆိုသည်အထိပင်။
အမတွေ၏ ဗီဇက မထင်မှတ်ထားပဲ အထီးတွေကို သစ္စာရှိဖို့ဆိုလျှင် ဇက်အထီးတွေ၏ ဗီဇကတော့ သူတို့စိတ်တိုင်းကျသလောက် အမတွေကို ထိန်းချုပ်ဖို့သာ ဖြစ်လေသည်။ ထိုနည်းအားဖြင့် သူတို့ဖယ်ရိုမုန်း၏ အရည်အသွေးကောင်းပုံနှင့် အသုံးကျပုံကို ဖော်ကျူးတတ်ကြလေသည်။
သူအရင်ကတည်းက ကြိုတွေးထားခဲ့သင့်သည်။ ဒီပိုးကောင်က သူ့အပေါ်ဒီလောက် လွှမ်းမိုးနိုင်နေတာ ဘယ်လိုလုပ်လူလုပ် အရုပ်တစ်ရုပ်ဖြစ်နိုင်မှာတုန်း။ သူကသောက်ကျိုးနည်း အထီးကြီးလေ။
Sအဆင့်တဲ့လား ဟ! တစ်ကယ်လို့သာ ဇက်အင်ပါယာကြီးရှိနေမယ်ဆို ဒီပိုးကောင်က မင်းသားတစ်ပါးဖြစ်နေမှာပဲ! ဒါက တကယ်တော့ စန်းကုန်းနဲ့ခြောက်ခုမြောက်ဝင်း တစ်ခုလုံးမှာ လူပေါင်းထောင်ချီပြီး သူ့ကိုကိုးကွယ်နေကြသလိုပင်၊ ပြီးတော့ အဲ့လူတွေကလည်း သူတို့လိုချင်တာ မှန်သမျှရနေကြဦးမည်။ သေချာပေါက် အဲ့လိုမှတော့ သူကငါတစ်ယောက်ထဲနဲ့ စိတ်ကျေနပ်မှုက ဘယ်ရှိပါ့မလဲ!
“မာရှယ်။”
တပ်မှူး ရှေ့တိုးကာ ပြောလာသည်။
ယန့်ကျီဟန်မျက်နှာက မှုန်ကုပ်နေလေသည်။
“ဖမ်းမိလား?”
“အခုထိတော့…..”
“အဲ့ဒါဆို မင်းဒီမှာဘာလာလုပ်နေတာလဲ!”
တပ်မှူး သူ့ချွေးအေးတွေကို သုတ်လိုက်ကာ
“အခုလေးတင် ကျွန်တော်တို့ကို ဆက်သွယ်ချင်ပါတယ်ဆိုပြီး တောင်းဆိုမှုတွေ လက်ခံရရှိလာလို့ပါ။”
ယန့်ကျီဟန်မျက်မှောင်ကျုံ့လိုက်ကာ
“မင်းဘာပြောချင်တာလဲ?”
တပ်မှူးလည်း နာမည်အနည်းငယ်ကို မြန်မြန်ပြောပြလိုက်သည်။ ထိုအမည်စကားလုံးတွေက ကြယ်အစုအဝေးထဲက နာမည်ကြီးသူတွေဖြစ်ကြသည်။ “သူတို့….အကုန်လုံးက မာရှယ်နဲ့စကားပြောချင်နေကြတယ်။ ဒါပေမယ့် သူတို့ဘာလို့ ဒီကိုရောက်လာတာလဲဆိုတာကို ပြောဖို့တော့ ငြင်းဆန်နေကြပါတယ်။”
ယန့်ကျီဟန် အေးစက်စက်ပြုံးလိုက်သည်။
အချိန်ကွက်တိကျနေပုံက အရမ်းမတိုက်ဆိုင်လွန်းဘူးလား! ရည်ရွယ်ချက်က ဘာလဲဆိုတာရော ရှင်းပြဖို့လိုလိုသေးလို့လား!
သူတို့က သေချာပေါက် တိုက်ရိုက်ထုတ်လွှင့်မှုကနေ သူ့နေရာကို တွေ့လာလို့ရောက်လာကြတာပဲ နေမှာပေါ့။
“မင်းသူတို့ကို အသက်ရှင်စေချင်တယ်ဆိုရင်၊ ထွက်သွားခိုင်းလိုက်။”
“ဟုတ်ကဲ့။”
တပ်မှူးလည်း အစီအရင်ခံပြီးပြီးချင်း ထွက်ဖို့ပြင်လိုက်သော်လည်း သူ့တာမီနယ်ကနေ အနီရောင်အလင်းလေးက ပေါ်လာပြန်သည်။ သူအောက်ကို ငုံ့ကြည့်လိုက်ကာ သူအနည်းငယ်လန့်သွားတော့သည်။
“မာရှယ်…..ဒီတစ်ခေါက်က၊ အဖွဲ့ချုပ်ဆီကပါ။”
ဒီ ကမ္ဘာပေါ်မှာ ယန့်ကျီဟန် လွယ်လွယ်ကူကူ ရန်မစရဲတာမျိုးရှိခဲ့မယ်ဆိုလျှင် ထိုအရာသည် သေချာပေါက်ကို အဖွဲ့ချုပ်သာဖြစ်လေသည်။
ယန့်ကျီဟန်အံသာကြိတ်လိုက်ကာ လင်းယွိကို ပြန်စိုက်ကြည့်လာပြန်သည်။
“မင်းငါ့ကို ထွက်သွားစေချင်နေတာမလား?”
“မဟုတ်ပါဘူး။” တစ်ဖက်က ယန့်ကျီဟန်ကြည့်ရတာ သူပြောသမျှ နားထောင်ချင်သည့်ပုံလည်း မပေါ်တာကြောင့် လင်းယွိလည်း ဆက်ပြီးငြင်းမနေနိုင်တော့ပေ။
“မင်းက တကယ်တော်တာပဲ၊ ဟမ် မင်းကတော်တော်ကို တော်တာ၊ ကြည့်ပါဦး အခုဆို မင်းကတစ်ကယ့် အကောင်ကြီးတွေနဲ့ပါ အိပ်ဖို့လုပ်နေပြီ။” ယန့်ကျီဟန်ကိုယ်တိုင်လည်း သူတွေးထားတာကသာ အမှန်မှန်းလက်ခံထားလိုက်သည့်ပုံပင်။ ပြောမယ်ဆို အကုန်လုံးက အကျိုးအကြောင်းသင့်နေတာကြောင့်လည်းဖြစ်ပေသည်။
“မင်းကို သူတို့ကခေါ်ထုတ်သွားနိုင်မယ် ထင်နေတာလား? ငါပြောမယ် ယောင်လို့တောင်မစဉ်းစားနဲ့။”
ယန့်ကျီဟန် သူ့စစ်တပ်ယူနီဖောင်းကနေ ငွေရောင်သံကြိုးတစ်ခုကို ထုတ်လိုက်ပြီး လင်းယွိလက်ကောက်ဝတ်ပေါ်ကနေ လက်ပြန်ကြိုးတုပ်ကာ ကုတင်တိုင်နှင့်တစ်ပါတည်း ချည်ထားခဲ့လိုက်လေသည်။
အခန်းထဲက ဦးနှောက်အသေးလေးကိုလည်း ယူသွားကာ အပြင်ရောက်သည်နှင့် အခန်းတံခါးကိုပင် သော့ပါခတ်ခဲ့လိုက်သေးသည်။
လင်းယွိကို ခုချည်ထားခဲ့တဲ့ပုံက သူ့ကိုမက်မက်ထိုင်တာနှင့် လုံးလုံးထိုင်ချလို့မရအောင် လုပ်ထားသည့်အလား အခုတော့ သူ့မှာတစ်ဝက်ခန့် ငုတ်တုတ်သာ ထိုင်နေရတော့သည်။ မဟုတ်လျှင် သူ့လက်ကောက်ဝတ်တင်းသွားကာ နေရတာ အလွန်အဆင်မပြေ ဖြစ်လာသောကြောင့် ဖြစ်လေသည်။
လင်းယွိ ငုတ်တုတ်ထိုင်လိုက် ခဏလောက် မတ်တပ်ရပ်လိုက် နောက်တစ်ကြိမ် ငုတ်တုတ်ပြန်ထိုင်လိုက်နှင့် အချိန်အတန်ကြာ ထိုအတိုင်းသာ နေနေရလေသည်။
သူဇက်မျိုးနွယ်တွေ အကြောင်းကိုဘာဆိုဘာမှမသိရာ ယန့်ကျီဟန်ဘာကိုဆိုလိုချင်မှန်း သူစဉ်းစားကြည့်လို့ကို မရသေးပေ။
ယန့်ကျီဟန် ဘာလို့ သူ့ကိုမယုံတာလဲ?
သူ သူ့ဦးနှောက်ကို ဘယ်လိုသုံးရမလဲ မသိတာမှန်တယ်ထားဦး။ တခြားဟာတွေက ယန့်ကျီဟန်တစ်ယောက်ထဲ လေကိုလိုက်ဖမ်းနေသလိုပင်။ ယန့်ကျီဟန်တွေးနေသမျှက သူ့ကိုမယုံကြည်တာရယ် ဆူနေတာတွေရယ်သာ ဖြစ်သည်။
လင်းယွိ အခန်းထဲအချိန်အကြာကြီးနေနေရင်း သူထိုင်ချလိုက်တိုင်း ပိုအဆင်မပြေဖြစ်လာကာ တစ်ဖက်ကလည်း သူပိုတွေးမိလေလေ သူ့ဘက်ကမတရားခံနေရတယ်လို့သာ တွေးမိလာတော့သည်။
ယန့်ကျီဟန်တံခါးကို ဖွင့်ဝင်လာသည်ကို မြင်လိုက်သည်နှင့် လင်းယွိပထမဆုံး ခံစားချက်က ကြောက်နေတာမဟုတ်တော့ပဲ ဒေါသကသာ အစားထိုးဝင်လာတော့သည်။
“ငါပြောတယ်လေ ငါဘာမှမသိဘူးလို့၊ ငါမရည်ရွယ်ထားပါဘူးဆို! ခင်ဗျား ယုံပေးမှာလည်း မဟုတ်ဘူးမလား။”
သူအံကိုသာကြိတ်လိုက်ကာ စိတ်တိုတိုနှင့်ဆက်ပြောလိုက်သည်။
“အစကတည်းက ငါဘာမှမမှားပဲနဲ့ ငါ့ပဲသတ်ချင်နေတာမလား? ငါဘာမှားထားလို့လဲ? သတ်ချင်ရင် သတ်ပစ်လိုက်! ငါလည်း မေ့သွားမှာပဲကို၊ သတ်ပစ်လိုက်။”
ယန့်ကျီဟန်နေရာမှာ ရပ်နေကာ သူ့ဆီအလျင်အမြန်လျှောက်လာလေသည်။
လင်းယွိနောက်ဆုံးတော့ သူ့နှလုံးသားထဲက ဒေါသတွေကို လွှတ်ချလိုက်တော့သည်။ သို့သော် ယန့်ကျီဟန်သူ့ဆီလာနေပြီး လက်ကိုဆန့်ထုတ်လိုက်သည်ကိုမြင်ပြီး အနည်းငယ်တော့ ကြောက်သွားကာ မျက်လုံးကိုမှိတ်ထားလိုက်လေသည်။
ယန့်ကျီဟန်ဘက်က သူ့ကိုဖက်လာကာ လင်းယွိကိုချည်ထားသည့် ကြိုးကိုဖြည်ပေးလာလေသည်။ သူ့လက်ကောက်ဝတ်ကိုကိုင်ကာ မျက်မှောင်ပင် ကျုံ့နေသေးသည်။
ဒီပိုးကောင်က ဘယ်လိုလုပ် ထိလွယ်ရှလွယ်ဖြစ်နေတာပါလိမ့်?
ယန့်ကျီဟန်ထိုအချိန်က စိတ်အလွန်ဆိုးနေတာကြောင့် ဒီပိုးကောင်ကို ဘယ်မှထွက်သွားလို့မရအောင် လှောင်ပိတ်ထားချင်တယ်ဆိုပြီးသာ တွေးနေခဲ့တာဖြစ်လေသည်။
အကျိုးဆက်ကတော့ တံခါးကိုဖွင့်ဖွင့်ချင်း လင်းယွိက ကြမ်းပြင်ပေါ်တော်တော်လေးကို အဆင်မပြေသည့်ပုံနှင့် ထိုင်နေတာကို မြင်လိုက်ရကာ အနောက်ဘက်ကို ချိန်းကြိုးနှင့်တုပ်ခံထားရသည့် အဖြူရောင်လက်ကောင်ဝတ်ပေါ်မှာ အနီရောင်အမှတ်တွေပင် ဖြစ်နေခဲ့သည်တဲ့လေ။
သူနှလုံးကတင်းကျပ်သွားကာ အလျင်အမြန်လင်းယွိဆီသို့ သွားလိုက်လေသည်။ လင်းယွိခမျာ မတ်တပ်ရပ်ချင်သော်လည်း သူ့ခြေထောက်တွေက ထုံနေကာ ကျောကိုအနည်းငယ်မတ်လိုက်ရုံနဲ့ကို သူ့မှာယိုင်နေလေရာ နောက်ဆုံးလင်းယွိကိုသာ ဖက်ပေးလိုက်လေသည်။
လင်းယွိအခုထိ လန့်နေသေးတာကြောင့် မျက်လုံးကိုမဖွင့်လာရဲသေးပေ။ ယန့်ကျီဟန်သူ့ကို အိပ်ယာပေါ်တင်ပေးလိုက်မှန်း သိဖို့ကို သူ့မှာအချိန်အတန်ကြာ ယူခဲ့ရသည်သေးသည်။
လင်းယွိသူ့မျက်လုံးတွေကို ဖွင့်လိုက်သည်နှင့် သူ့ဆန့်ကျင်ဘက်ခြမ်းမှာ ဆေးသေတ္တာကိုင်ကာ ထိုင်နေသည့် ယန့်ကျီဟန်ကို မြင်လိုက်ရလေသည်။
ယန့်ကျီဟန်အကြည့်တွေက သူ့လက်ကောက်ဝတ်ပေါ်ကို ကြည်တောက်နေသည့် ဆေးကိုဂရုတစိုက် ထည့်ပေးနေသည့်အပေါ်ကိုပဲ ရောက်နေလေသည်။ ဒဏ်ရာက သွေးအတော်အတန် ထွက်သင့်သလောက် ထွက်ပြီးတာသေချာသည်နှင့် အပြာရောင်တိပ်ပုံစံလေးကိုယူကာ သူ့လက်မှာလက်ပတ်အလား ပတ်ပေးလာလေသည်။
အံ့အားသင့်စရာကောင်းအောင် လက်ကနာကျင်နေမှုက ချက်ချင်းကိုပျောက်သွားကာ ထိုလက်ပတ်ကလေးကလည်း အေးလာပြီး ပတ်ထားရတာ သက်သောင့်သက်သာ ဖြစ်လာလေသည်။
ယန့်ကျီဟန်ထိုအရာအားလုံးကို လုပ်ပေးပြီးသွားသည်အထိ သူ့ဘေးမှာ လက်ကောက်ဝတ်ကိုသာ ကြည့်နေကာ ဘာမှမပြောလာသေးပေ။
သူဘာတွေ တွေးနေလဲ မသိနိုင်ပေ။
လင်းယွိလည်း ဘာမှမပြောလာပဲ သူ့ကိုသာကြည့်နေလိုက်သည်။
မကြာခင်မှာပဲ ယန့်ကျီဟန်ရုတ်တရက် မတ်တပ်ရပ်လာလေသည်။
သူ့ကိုထပ်ဆူတော့မယ်ထင်ကာ လင်းယွိဆတ်ကနဲတုန်သွားသော်လည်း ယန့်ကျီဟန်ကတော့ အပြင်သို့သာ ထွက်သွားလေသည်။ ထို့နောက် သူပြန်ဝင်လာသည်နှင့် လက်ထဲစားစရာထည့်ထားသည့် ခွက်ကိုကိုင်လာကာ ဇွန်းအပြည့်ခပ်ပြီး သူ့ပါးစပ်နားထိ ခွံကျွေးလာတော့သည်။
လင်းယွိ : “…”
သူ့လက်ကောက်ဝတ်က နည်းနည်းနာရုံပဲလေ၊ ကျိုးသွားတာမှ မဟုတ်တာ။
လင်းယွိလှမ်းယူဖို့ ကြိုးစားလိုက်သော်လည်း ယန့်ကျီဟန်က ရှောင်လိုက်ကာ “ပါးစပ်ဟ။”
လင်းယွိသူ့ပါးစပ်တွေကိုသာ တင်းတင်းစိထားလိုက်ချင်သော်လည်း ယန့်ကျီဟန်က စိုက်ကြည့်နေရာ နောက်ဆုံးကြောက်ကြောက်နှင့် မစားချင်စားချင် စားပေးလိုက်ရလေသည်။
နောက်ထပ်အလုတ်အနည်းငယ် စားပြီးသည့်အခါမှာတော့ လင်းယွိဆက်မစားနိုင်တော့ပေ။ “ဗိုက်ပြည့်သွားပြီ….”
ဒီလောက်လေးနဲ့ကိုလေ? ယန့်ကျီဟန်ထပ်ကျွေးလာပြန်သည်၊ “ထပ်စားဦး”
“…..”
လင်းယွိခေါင်းကိုသာငုံ့ပြီး ပါးတွေကဖောင်းလုနီးပါး ဝါးနေလျက် ယန့်ကျီဟန်ကိုတော့ ကြည့်မလာသေးပေ။ ယန့်ကျီဟန် သူကိုယ်တိုင်လည်း အမှားလုပ်ထားမိမှန်းကို သိသင့်သလောက်တော့ သိသေးသည်။
ယန့်ကျီဟန်ခဏလောက် တိတ်ဆိတ်နေလိုက်ကာ နောက်ဆုံးသူ့ပါးစပ်ကိုဟလာပြီး၊ “ငါတောင်းပန်ပါတယ်၊ မင်းကို နာကျင်အောင် မလုပ်သင့်ဘူး။”
အင်တာနက်ပေါ်မှာ လင်းယွိဗီဒီယိုတွေက ပျံ့နှံ့နေရာ ထိုဗီဒီယိုတွေကို ယန့်ကျီဟန်သေချာပြန်ကြည့်ခဲ့ရာ လင်းယွိဘက်က ကြည့်ရှုသူတွေကို စကားပြန်ပြောတာမျိုးဘာညာ မရှိခဲ့ပေ။
ပြီးတော့ ထိုဦးနှောက်အသေးလေးကိုပါ သေချာကြည့်ကြည့်မယ်ဆိုရင် ပို့ထားသည့် ကိုယ်ပိုင်စာမျိုးတွေအထိ လင်းယွိဘက်က ဖွင့်ကြည့်တာမျိုးပါ မရှိခဲ့ပေ။ ဒါကိုသူတို့ မမြင်ဖို့ဆိုတာ မဖြစ်နိုင်ပေ။
ဆေးပေးခန်းမှာကတည်းက လင်းယွိကိုယ်ကို စမ်းသပ်ကြည့်ရှုမှုတွေအရတော့ လင်းယွိဦးနှောက်ထဲမှာရှိသည့် ချစ်ပ်ပြားလေးကို ရှင်းရှင်းလင်းလင်းကို မြင်ခဲ့ရသည်။ ပြီးတော့ လင်းယွိမျိုးရိုးဗီဇအရကို သူကသေချာပေါက် လူဖန်တီးထားသည်ဟု ဖော်ပြထားသည်အထိပင်။ သူ့မှာထူးဆန်းစွာ စိတ်စွမ်းအင်မြင့်နေသည့်အကြောင်းကို သေချာမသိသေးပေမဲ့ သေချာပေါက်ကို လင်းယွိက လအနည်းငယ်အလိုလောက်က ဖန်တီးထားခဲ့တာဖြစ်နိုင်သည်။
ဒါမှမဟုတ် သူက သူ့ဦးနှောက်ကို တစ်ကယ်ကြီးမသုံးပဲနေနေတာပဲနေမယ်။
သူ့အပြုအမူတွေက တော်တော်လွန်သွားမှန်း ယန့်ကျီဟန်စိတ်ငြိမ်သွားသည်နှင့် ပြန်တွေးမိသွားလေသည်။ သူ့အတွက်တော့ ထိုအချိန်က လင်းယွိသာသူ့ကို ထားသွားရင်ဆိုသည့်အတွေးက သူ့ကိုသတ်ပစ်လိုက်သလိုပင်။
သူပြန်ရောက်လာသည်နှင့် လင်းယွိထပ်ထိခိုက်ထားသည်ကို မြင်လိုက်ရတာက သူ့ကိုနောက်တစ်ကြိမ် ထပ်နှိပ်စက်လိုက်သလိုပင်၊ သူ့ကိုယ်သူသာ အပြစ်တင်နေမိတော့သည်။
“ငါမင်းကို မပိတ်လှောင်ထားခဲ့သင့်ဘူး။” ဒီပိုးကောင်ကျန်းမာရေးမကောင်းတာကို သိနေတာတောင်မှ သူဘာသောက်ရေးမပါတာတွေ လုပ်ခဲ့တာပါလိမ့်။
ယန့်ကျီဟန်ဘက်ကစ တောင်းပန်လာတာကို လင်းယွိအံ့ဩသွားတော့သည်။ ယန့်ကျီဟန် နောက်ဆုံးတော့ သူ့ကိုယုံပေးလိုက်တာလား?
လင်းယွိဘက်က စကားစမပြောနိုင်ခင်လေးမှာပဲ ယန့်ကျီဟန်ထပ်မေးလာပြန်သည်။ “မင်းဘာလိုချင်တာလဲ?”
လင်းယွိကြောင်သွားတော့သည်၊ “ဘာကိုလိုချင်တာလဲ?”
ယန့်ကျီဟန်သူ့ခေါင်းကို ငုံ့လိုက်ကာ၊ “အဖွဲ့ချုပ်ရှေ့ကိုသွားတဲ့အခါကျရင် မင်းကိုငါ့ဘေးမှာ နေပေးစေချင်တယ်။”
လင်းယွိသတိမထားမိစေချင်သည့်အလား စိတ်ပူပန်နေသည်ကို မသိသာအောင် နောက်တစ်ကြိမ်ရုပ်တည်နှင့် ခေါင်းကိုမော့လာကာ မေးလာပြန်သည်၊ “မင်းဘာလိုချင်လဲ ပြောလိုက်၊ ငါမင်းလိုအပ်တာမှန်သမျှ လုပ်ပေးမယ်။”
လင်းယွိကို အခုဆိုလူအတော်များများက အလိုရှိနေမှန်း သူသိ၏။ တခြားအဖွဲ့အစည်း တစ်ခုခုကသာ ရောက်လာဦးတော့ သူဒီလောက်စိတ်ပူနေမှာ မဟုတ်ပေ။ ဒါပေမယ့် ဒါကအစိုးရအဖွဲ့ချုပ်ဘက်က ဖြစ်နေရင်တော့ သူစိတ်ပူသင့်နေပြီဖြစ်လေသည်။
ပြောရမယ်ဆိုရင် လင်းယွိမှာ S အဆင့်စိတ်စွမ်းအင်ရှိကာ ထိုအဆင့်ဆိုလျှင် လုံးဝအဆင့်မြင့်စွမ်းအားပိုင်ရှင်ဖြစ်ကာ အထူးစောင့်ရှောက်မှုအောက်အထိ ထားနိုင်သည်ဖြစ်သည်။ တစ်ကယ်လို့ လင်းယွိကသာ အဖွဲ့ချုပ်ဘက်ကို သူ့ကိုခေါ်သွားဖို့သာပြောလိုက်ပါက အဖွဲ့ချုပ်ဘက်ကလည်း လင်းယွိကို ခေါ်ထုတ်သွားဖို့ လမ်းကြောင်းပေးလိုက်သလိုပင် ဖြစ်သွားနိုင်သည်။
အဖွဲ့ချုပ်နဲ့ ထိပ်တိုက်တွေ့ဖို့ဆိုတာနဲ့တင် ယန့်ကျီဟန်ခေါင်းက ကိုက်လာသလိုပင်။
လင်းယွိဘက်က ဘာမှပြန်မပြောလာတာကိုကြည့်ပြီး သူနဲ့အတူမနေချင်ဘူးထင်ကာ ယန့်ကျီဟန်စိတ်ပူလာတော့သည်။ “မင်းက စိတ်စွမ်းအင်မြင့်တယ်ဆိုရင်တောင် မင်း ခန္ဓာကိုယ်က အရမ်းအားနည်းနေတယ်လေ! မင်းဘယ်လိုမှ တိုက်ခိုက်နိုင်မှာမဟုတ်ဘူး။ အဲ့တော့ မင်းအဖွဲ့ချုပ်ကို သွားချင်တယ်ဆိုရင်တောင် သူ့တို့ကမင်းအတွက်ဆိုပြီး တရားဝင်နေရာတစ်ခု ပေးလာမှာမဟုတ်ဘူး။”
ပြီးတော့ အဖွဲ့ချုပ်ဘက်နေ ဒီလောက်အထိကြိုးစားပမ်းစား လင်းယွိကို ရှာနေပုံထောက်ရင် တခြားအကြောင်းရင်းတစ်ခုပါ ရှိနေနိုင်သေးမှန်း ယန့်ကျီဟန်သံသယဝင်နေသည်။
အဖွဲ့ချုပ်ခေါင်းဆောင်တွေမှာ ရှုပ်ထွေးသည့်ဆက်ဆံရေးတွေရှိကြရာ ဒီဟာတွေနောက်ကွယ်မှာ ဘယ်သူရှိနေမှန်း မည်သူမှမသိနိုင်ပေ။ လင်းယွိကို အကြောင်ရိုက်ပြီး ရောင်းစားဖို့ဆိုတာပါ ဖြစ်လာနိုင်မယ်ဆိုတာထိ ဘယ်သူသိနိုင်မှာတုန်း?
“ငါပြောမယ်၊ မင်းအပြင်ထွက်ရတာနဲ့ တခြားဖယ်ရိုမုန်းတွေကိုပါ ထိန်းချုပ်လို့ရမယ်မထင်နဲ့။ အခုဇက်မျိုးစပ်တွေမှာက မင်းထင်ထားသလို ဇက်တွေရဲ့နာခံတတ်တဲ့ ဗီဇတွေပါမလာကြတော့ဘူး။ သူတို့က မင်းကိုကစားစရာတစ်ခုလိုပဲ သဘောထားကြမှာ!”
လင်းယွိကိုသူ့ဆီကနေ ဓားပြတိုက်သွားကြမည့် အခမ်းအနားကြီးကို သူမျက်စိမှိတ်ပြီးတောင် စဉ်းစားကြည့်နိုင်သည်။
သောက်ရေးမပါဆုံးအချက်ကတော့ တစ်ကယ်လို့သူသာ အဖွဲ့ချုပ်လက်ထဲ ပါသွားပါပြီတဲ့ ဒါဆိုဒီပိုးကောင်က သူ့ထိန်းချုပ်မှုအောက်ကနေ လွတ်သွားပြီဟုပင် ပြောနိုင်လေသည်။ အဲ့လိုသာဆို သမင်ပဲသေသွားလား ဘယ်သူက အနိုင်ရသွားလဲဆိုတာမျိုးက မသေချာတော့ပေ။
ယန့်ကျီဟန်ဖြစ်လာနိုင်ချေတွေကိုတောင် ဆက်မစဉ်းစားနိုင်တော့ပေ။
သို့သော်သူလင်းယွိကိုခေါ်ထားချင်တယ်ဆိုရင်တော့ လင်းယွိဘက်ကလည်း သဘောတူမှရလေမည်။
ယန့်ကျီဟန် နောက်တစ်ကြိမ်ထပ်မေးလာပြန်သည်၊ “ပြော၊ မင်းဘာလိုချင်တာလဲ။”
လင်းယွိ သူ့ကိုဘာတွေပြောနေလဲ သေချာသဘောမပေါက်သေးပေ။ ယန့်ကျီဟန်ပြောသွားသည့်အထဲ သူသိတာက အဖွဲ့ချုပ်ကနေ သူ့ကိုဆက်သွယ်လာသည်ဆိုတာပင်။
အမှန်အတိုင်းပြောရမည်ဆိုလျှင် လင်းယွိဒီကိုရောက်ရောက်ချင်း တွေးမိသည်မှာ အဖွဲ့ချုပ်ကိုရှာဖို့သာဖြစ်လေသည်။ အဘယ့်ကြောင့်ဆိုသော် ဤစာအုပ်ထဲက ဇာတ်လိုက်က လူသားတစ်ယောက်ဖြစ်ကာ အဖွဲ့ချုပ်အတွက် အလုပ်လုပ်ပေးနေသူဖြစ်လေသည်။ လင်းယွိအတွက်တော့ သေချာပေါက် သူ့မျိုးနွယ်ကိုသာ ပိုသဘောကျတာဖြစ်နိုင်သည်လေ။
အခုတော့ သူ ယန့်ကျီဟန်နဲ့ အချိန်အတော်ကြာ အတူနေလာရာ သူ့အတွေးတွေကိုလည်း သူကိုယ်တိုင်မသေချာတော့ပေ။
သူကိုယ်တိုင်လည်း သူမသိသည့် အဖွဲ့အစည်းတစ်ခုနှင့် မပေါင်းချင်ပေ။ သို့သော်လည်း ယန့်ကျီဟန်ဘက်ကနေ သူဘာလိုချင်သလဲဟု မေးလာသည်နှင့် ပထမဆုံးတွေးမိသည်က ကမ္ဘာမြေကြီးပေါ်ကို ပြန်ဖို့သာ ဖြစ်လေသည်။
တစ်ကယ်လို့ လူတစ်ယောက်က သူနဲ့မရင်းနှီးတဲ့ နေရာတစ်ခုကို ရောက်နေပြီဆိုပါစို့၊ သူ့အတွက်ရင်းနှီးသည့် အရာတစ်ခုခုကို ရှာဖို့တွေးမယ်ဆိုတာမျိူးက ပုံမှန်ပင်ဖြစ်လေသည်။ လင်းယွိသူ့သိချင်စိတ်ကိုတော့ လက်မလွှတ်နိုင်သေးပေ။ အခု ကမ္ဘာမြေကြီးပေါ်မှာ ဘာတွေဖြစ်နေသလဲဆိုတာကို သိချင်နေသေးသည်။ ဒါမျိုး ခံစားချက်ကို အိမ်ကိုလွမ်းဆွတ်တမ်းတခြင်းလို့ ခေါ်ကြတာထင်သည်။
“ငါသွားချင်တယ်….”
လင်းယွိအခုဆို ကမ္ဘာကိုဘယ်လို ခေါ်နေကြမှန်းမသိရာ လက်နှင့်စိတ်အားထက်သန်စွာ ဆွဲပြလိုက်ပြီး၊ “ဂြိုလ်တစ်လုံးကို ရှာချင်တယ်။”
ယန့်ကျီဟန်မျက်မှောင်ကြုံ့လာကာ ပြန်ကြည့်လာသည်၊ “ရှာတွေ့ခဲ့ရင်…”
လင်းယွိ သူဒီလောက်အထိ မတွေးခဲ့ပေ၊ “အဲ့မှာ နေရမှာလား?”
ယန့်ကျီဟန် ပြန်ပြောလာသည်၊ “မဟုတ်ဘူး!”
“မင်းငါနဲ့ပဲ နေရမယ်။ မင်းငါနဲ့ ဘာလုပ်ချင်သလဲ?”
ဒါက ငွေရေးကြေးရေးဖြစ်ဖြစ်၊ ဒါမှမဟုတ် ဂုဏ်သရေစွမ်းအားမျိုးဖြစ်ဖြစ် မဟုတ်လည်း ကြာရှည်စွာတန်ဖိုးထားထားသည့် ဆုတောင်းတစ်ခု ဖြစ်နေပါစေဦး လင်းယွိလိုချင်တာမှန်သမျှ သူဖြည့်စည်းပေးနိုင်မယ်ဆိုတာ သူ့ကိုယ်သူယုံကြည်မှု ရှိလေသည်။ သို့သော်လည်း လူနေထိုင်လို့ရသည့် ဂြိုလ်အများစုက အဖွဲ့ချုပ်၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိတတ်ကြလေသည်။
ထို့ကြောင့် အခုလင်းယွိတောင်းဆိုမှုက ပြောရမယ်ဆိုလျှင် သူထွက်သွားဖို့ ခွင့်ပြုပေးရန် သွယ်ဝိုက်တောင်းဆိုနေသလိုပင်။
လင်းယွိ သူ့ကိုထားမသွားချင်ပေ။
ယန့်ကျီဟန်ဘက်က ငြင်းဆိုလာသည်ကိုကြားပြီး လင်းယွိစိတ်ညစ်သွားပြန်လေသည်။ သေချာပေါက် ယန့်ကျီဟန်ဘက်ကစပြီး သူဘာလိုချင်သလဲမေးလာတာဖြစ်ကာ အခုဒီလိုထပ်ဖြစ်လာပြန်လေသည်။ ဒါက သူ့ကိုလာနောက်နေသလိုပင်။
ပြီးတော့ သူဘာကိုပြောချင်တာတုန်း? သူတို့နှစ်ယောက်အတူတူဆို ဘာလုပ်လို့ရသေးလို့တုန်း?
လင်းယွိလည်း ယန့်ကျီဟန်ကိုယ်ကို မနေနိုင်ပဲ ရုတ်တရက်ကြည့်မိသွားပြန်လေသည်။ ယန့်ကျီဟန်သူ့အကြည့်ကို သတိထားမိသွားပြီး မျက်နှာကနီရဲသွားကာ ချက်ချင်းမတ်တပ်တွေထရပ်ပြီး၊ “မင်းစိတ်ထဲ အဲ့ဒါပဲတွေးနေတာလား?”
ဒီပိုးကောင် ဒီမှာနေချင်စိတ်ပေါက်လာဖို့ကို ဒါမျိုးလုပ်မယ်ဆိုရင်တောင် မလွယ်လောက်ပေ….
လင်းယွိသူ့ကို ပြန်ကြောင်ကြည့်လိုက်သည်၊ သူက အဲ့လိုတောင်းဆိုတာမျိုးတော့ မလုပ်ချင်ပါဘူး။
ခေါင်းကိုငုံ့ပြီး ခဏလောက်တွေးနေလိုက်ကာ ပြီးတာနှင့် နှုတ်ခမ်းကို တင်းနေအောင်စိလိုက်ပြီး စိတ်မပါသည့်လေသံနှင့် ပြန်ပြောလိုက်သည်၊ “နောက်ကျ မရိုက်တော့ပါဘူးလို့ ကတိပေး။”
ယန့်ကျီဟန်မျက်ခုံးမြင့်သွားကာ၊ “နေပါဦး၊ ငါကမင်းကို ရိုက်တယ်? ငါသာမင်းကို ရိုက်ခဲ့တယ်ဆိုရင် ငါခုနကကောင်ကို တစ်ချက်ထိုးလိုက်တာနဲ့တင် အဲ့ကောင်သေနေလောက်ပြီ။”
လင်းယွိ : "….အဲ့ဒါဆို ငါ့ကိုမသတ်နဲ့။”
ယန့်ကျီဟန် စိတ်ညစ်လာသည်၊ ဒီကောင် တခြားဟာလိုချင်နေတာမဟုတ်ဘူး စိတ်တိုအောင်ပဲ လုပ်ချင်နေတာနေမယ်။
“မင်းအသက်ဘယ်နှစ်နှစ်မလို့လဲ? ဒီလို တောင်းဆိုတာတွေ လုပ်နေရအောင် ဟမ်?”
လင်းယွိလည်း စိတ်ကမရှည်တော့ပေ၊ “ခင်ဗျားပဲ ဘာလိုချင်လဲ အရင်မေးတာလေ၊ အဲ့တော့ ပြန်ပြောပေးတယ်လေ၊ အဲ့ဒါလည်း မဟုတ်ပြန်ဘူးလား!”
“ငါရောမပြောဘူးလား၊ မင်းငါ့ဘေးမှာပဲနေ ဘယ်မှထွက်မသွားရဘူးလို့! မင်းဒါလေးတောင် နားမလည်ဘူးလား?”
လင်းယွိ နီရဲနေသည့် မျက်လုံးတွေကပါကျယ်လာကာ နာနေသေးသည့် သူ့လက်ကောက်ဝတ်ကိုကိုင်လိုက်ရင်း စိတ်မရှည်တော့ပဲ ယန့်ကျီဟန်ကိုအော်ပြောလိုက်သည်၊ “ဘာလို့ထွက်သွားလို့မရတာတုန်း? ငါ့ကိုပဲ ဆက်တိုက်နှိပ်စက်နေတာလေ သတ်ပစ်ချင်နေတာလေ! ခင်ဗျားက လေးစားမှုလေးတောင် ရှိပေးခဲ့လို့လား….”
“အဲ့ဒါဆို မင်းကငါ့ဘာလုပ်ပေးစေချင်နေတာတုန်း၊ ဒူးထောက်ပြီး ခစားပေးရမှားလား? နောက်ထပ် မင်းအတွက်လူရှာပေးစေချင်နေတာလား?”
သူထင်သားပဲ၊ ဒီပိုးကောင်က သူ့ကိုသေချာ မခစားပေးဖူးလို့ထင်နေတာ။ ကြည့်ရတာ သူထွက်သွားချင်ပေမဲ့ ဘယ်သူနဲ့အိပ်ရမယ်ဆိုတာကို ခုထိမသေချာသေးလို့နေမှာ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာရွေးစရာတွေ အများကြီးရှိနေပဲလေ! အပြင်မှာ သူ့ကြိုက်တဲ့လူတွေ ဒီလောက်ပေါနေတာကို။
ထိုအချက်ကို တွေးမိလိုက်ရုံနဲ့ကို ယန့်ကျီဟန်ဒေါသက ထပ်ထွက်လာသော်လည်း သူနောက်တစ်ကြိမ် ဒီပိုးကောင်ကို ထပ်ထိခိုက်အောင် လုပ်မိမှာစိုး၍ လှည့်ထွက်သွားတော့သည်။
လင်းယွိလည်း ဒေါသထွက်ထွက်နှင့် စောင်ကိုဆွဲယူလိုက်ကာ အိပ်ယာပေါ်လှဲပြီးသာ နေနေလိုက်တော့သည်။
ယန့်ကျီဟန်အပြင်ဘက်မှာ အတန်ကြာနေလိုက်ကာ ပြီးတာနှင့် ချက်ချင်းအခန်းထဲကို ထပ်ဝင်လာပြန်သည်။
သူ့အတွက်တော့ အခုနောက်ပိုင်း ဖယ်ရိုမုန်းကို စွဲလမ်းနေမှုက ပိုဆိုးလာသလိုပင်။ သူ့ကို ဒီအတိုင်းဖက်အိပ်နေရတာနဲ့ကို မဝတော့သလိုဖြစ်လာလေသည်၊ အခုလည်း သူ့ကိုတစ်နေ့ခင်းလေး ထားခဲ့ရတာနဲ့ကို ယန့်ကျီဟန် စိတ်ထဲအဆင်မပြေသာ ဖြစ်နေခဲ့သည်။
စိတ်ထဲလည်း အဆင်မပြေသလို့ သူ့ဗိုက်ထဲမှာလည်း သက်သောင့်သက်သာ မရှိသည့် ခံစားချက်ကြီးက ဖြစ်နေပြန်သေးသည်။
သို့သော်သူပြန်ရောက်လာသည့် မျက်စိတစ်မှိတ်စာ အချိန်လေးမှာကို ထိုပိုးကောင်ကတော့ အိပ်ယာပေါ်မှာ အိပ်ကောင်းနေသည်တဲ့လေ။
ယန့်ကျီဟန်သက်တမ်းတစ်လျှောက်လုံးမှာ သူ့ရှေ့တန်ခိုးရှင်တွေပိတ်နေရင် တန်ခိုးရှင်တွေကို သတ်မယ်၊ ဘုရားလာပိတ်နေလည်း ထိုဘုရားကိုသတ်မယ်၊ သူ့ဘက်ကတော့ အရိုးတွေကျိုးသွားပါစေ ခေါင်းမညွတ်ပေးနိုင်ပေ၊ ပြီးတော့ သူ့ကိုယ်သူလည်း ဘယ်တော့မှ ထိန်းချုပ်မထားပေ။
သို့သော် အခုတော့ သူ့ကိုယ်သူဒီမကောင်းဆိုးဝါးနှင့် ဘာလို့နှစ်ပါးသွားနေရလဲမသိတော့၊ ဒီလောက် အားမရှိတဲ့ကောင်ကို ဘာမှမလုပ်နိုင်ဘူးတဲ့လေ။ သေချာပေါက် မိုးကြိုးသွားသဖွယ်နည်းလမ်းတွေ ရှိနေပေမယ့် အဲ့ဟာတွေတစ်ခုကိုမှလည်း ထုတ်မသုံးချင်ပေ။
သူမျက်မှောင်သာကြုံ့လိုက်ကာ ကုတင်ဘေးထိုင်ရင်း လင်းယွိကိုပဲ ကြည့်နေလိုက်လေသည်။ နောက်ဆုံး သူလင်းယွိဘေးလှဲအိပ်လိုက်လေသည်။ ပထမတော့ လင်းယွိကို မထိဖို့ သူကြိုးစားထိန်းနေလိုက်သေးသည်။
လင်းယွိဘက်က ကြည့်ရတာသူ့ကို အဆုံးထိ မသိချင်ယောင်ပဲဆောင်ထားမည့်ပုံမလို့ ယန့်ကျီဟန်လည်းဆက်ထိန်းချုပ်မထားတော့ပဲ လင်းယွိနားသို့ တိုးသွားလိုက်ကာ သူ့ဘက်ကသာစပြီး ဖက်လိုက်တော့သည်။ ခေါင်းကိုလင်းယွိလည်ပင်းနား တိုးကပ်ကာ သူ့ဖယ်ရိုမုန်းနံ့လေးတွေကိုသာ ရှူရှိုက်နေလိုက်၏။
ယန့်ကျီဟန် သက်ပြင်းချလိုက်ကာ၊ “ငါမင်းကို သတ်မယ်မပြောတော့ပါဘူး…..မင်းလည်း ငါ့ကိုထားမသွားပါနဲ့နော်။”
“ဟမ်?” လင်းယွိအခုထိ နိုးတစ်ဝက်အခြေအနေ ဖြစ်နေသည့်ကြားက သူ့ကိုတစ်ယောက်ယောက် လာဖက်ထားမှန်း ခံစားလိုက်ရလေသည်။
လန့်လန့်နှင့် လှည့်ကြည့်လိုက်ရာ ထိုလူက ယန့်ကျီဟန်ဖြစ်နေရာ လက်ဆန့်ထုတ်လိုက်ကာ လက်မောင်းတွေကြားထဲ ယန့်ကျီဟန်ကိုဆွဲသွင်းလိုက်ပြီး ကျောလေးကို အသာလေးပုတ်ပေးနေလိုက်သည်။
ယန့်ကျီဟန် ကိုယ်ကအတန်ကြာတောင့်နေသော်လည်း လင်းယွိကိုမော့ကြည့်လိုက်ရာ သူကတော့ ထပ်အိပ်ပျော်သွားသည်တဲ့။
လင်းယွိနိုးလာသည်နှင့် အခုထိ ယန့်ကျီဟန်အိပ်ပျော်နေတုန်းမှန်း မြင်လိုက်ရသည်။
လင်းယွိမပြုံးပဲ မနေနိုင်ပေ။
ဒါကရော ရန်ဖြစ်ပြီး ပြန်ပြေလည်ကြတာမျိုးလား?
မနေ့က ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးကြည့်ရင် လင်းယွိဘက်က ယန့်ကျီဟန်ကို ဘယ်ကရလာတဲ့ သတ္တိတွေနဲ့ ဒေါသတွေထွက်ခဲ့မှန်းပင်မသိ။
တစ်ကယ်တော့ ယန့်ကျီဟန်က သူ့ကိုသတ်ချင်နေတယ်ဆိုပြီး သူမပြောခဲ့သင့်ပေ။ သူကိုယ်တိုင်လည်း ယန့်ကျီဟန်က သူ့ကိုဘယ်တော့မှ သတ်ပစ်တာမျိုး လုပ်မလာနိုင်မှန်း သိသည်လေ၊ ပြောရမယ်ဆို သူလည်း ဒီလိုဗီလိန်ကြီးနဲ့တော့ ရန်ဖြစ်ရဲတဲ့ သတ္တိလည်း မရှိပါဘူးနော်။
လင်းယွိ နိုးနေမှန်းကို သိလိုက်သည်နှင့် ယန့်ကျီဟန်အိပ်ယာပေါ်ကနေ ထလိုက်လေသည်။
ယန့်ကျီဟန်ပုံမှန်အတိုင်း သူဝတ်နေကျ အဝတ်တွေကို လဲဝတ်နေရာ သူထွက်သွားတော့မယ်ဆိုပြီး တွေးထားလိုက်သော်လည်း ဘယ်သူသိမှာတုန်း၊ ယန့်ကျီဟန်က နောက်တစ်ကြိမ်သူ့ဆီလျှောက်လာကာ ထပ်ပြီးအိပ်ယာပေါ် ဆွဲခေါ်လာပြန်သည်တဲ့။
လင်းယွိ : “?”
ယန့်ကျီဟန် နောက်ထပ်အဝတ်အစားအသစ်တွေကိုယူလိုက်ကာ လင်းယွိအဝတ်တွေကို ကြယ်သီးဖြုတ်ပေးနေလေသည်။
လင်းယွိ ယန့်ကျီဟန်သူ့ကို အဝတ်လဲပေးချင်နေမှန်း သိလိုက်ကာ အံ့ဩသွားလေသည်။
“ရတယ်…” သူ့လက်ကောက်ဝတ်ကလည်း မနာတော့ပေ။ ထို့ကြောင့် လင်းယွိသူ့ဟာ့သူသာ ဆက်ဖြုတ်နေလိုက်သည်။
ယန့်ကျီဟန်မျက်ခုံးပင့်လိုက်ကာ သူ့ကိုစိုက်ကြည့်လာသော်လည်း လက်တွေကိုတော့ မရပ်ပဲ အနားကအဝတ်အသစ်တွေကိုယူကာ လင်းယွိလက်အသင့်ထည့်နိုင်အောင် လုပ်ပေးထားလိုက်လေသည်။
“ဘာလို့ အဝတ်လဲရတာလဲ?” လင်းယွိသူ့ကို မေးလိုက်သည်။
“ဒါကကြည့်မကောင်းဘူးလား?” ယန့်ကျီဟန် လင်းယွိဝတ်ထားတာကို ကြည့်လိုက်ကာ တိုတိုတုတ်တုတ်ထပ်မေးလာပြန်သည်၊ “နောက်တစ်စုံလဲမလား?”
လင်းယွိ: “…..မလိုဘူး။” ဘာလဲဟ၊ ယန့်ကျီဟန်သူ့ကို အခုထိစိတ်ဆိုးနေတုန်းလား?
အဝတ်လဲပြီးသည်နှင့် လင်းယွိကို ရေချိုးခန်းထဲခေါ်သွားကာ မျက်နှာသစ်ပေးလာပြန်သည်။
လင်းယွိဘာမှပြန်မပြောနိုင်ခင်လေးမှာပဲ မျက်နှာသုတ်ပုဝါ နွေးနွေးတစ်ခုက သူ့မျက်နှာပေါ်ရောက်လာတာကြောင့် မျက်လုံးပိတ်ထားလိုက်ရလေသည်။ သို့သော် ယန့်ကျီဟန်အပြုအမူတွေက အရင်ကလောက်တော့ ကြမ်းတမ်းမနေတော့ပေ။ သုံးထားတဲ့အားက မပျော့ပေမဲ့ တော်တော်သတိထားကာ လုပ်ပေးနေရှာသည်။
လင်းယွိအခု သူ့ကိုပါးစပ်ထဲအစွယ်အပြည့်နှင့် သားရဲကြီးတစ်ကောင်က ညင်သာစွာလာလျက်နေသလို ခံစားနေရလေသည်၊ အင်း အံ့ဩတာလည်းနည်းနည်း အဆင်မပြေတာလည်း နည်းနည်းပေါ့။
သူမျက်လုံးကိုပြန်ဖွင့်ကာ ယန့်ကျီဟန်ကိုပဲ ကြည့်နေလိုက်သည်။ ယန့်ကျီဟန်မျက်နှာထားက အမြဲလိုလို ဆိတ်ငြိမ်နေတတ်ကာ လင်းယွိမျက်နှာကိုသာ သေချာကြည့်လျက် မနှေးမမြန်လုပ်စရာရှိတာတွေကိုသာ ဂရုတစိုက် လုပ်ပေးနေလေသည်။
မျက်နှာသုတ်ပုဝါကို ချလိုက်ကာ လင်းယွိမေးစေ့ကို မြှောက်လိုက်ရင်း၊ “ပါးစပ်ဟ။”
လင်းယွိအနည်းငယ်ကြောင်သွားကာ ယန့်ကျီဟန်လက်ထဲက သွားတိုက်တံကို အလျင်အမြန်လှမ်းယူလိုက်ကာ၊ “ရတယ်၊ ကိုယ့်ဟာ့ကိုယ်လုပ်လိုက်မယ်။”
ယန့်ကျီဟန် မျက်ခုံးပင့်လိုက်ကာ၊ “ဘာလဲ ငါမင်းကို ကောင်းကောင်းမခစားမိလို့လား?” ? ? ? သူဘာတွေ လာကြောင်နေတာလဲ? ဒါလုံးဝ တလွဲတွေဖြစ်နေပြန်ပြီနော်?
လင်းယွိ : "မဟုတ်ဘူးလေ၊ ငါ့ဟာငါ လုပ်လို့ရ….”
ယန့်ကျီဟန် စကားဖြတ်ပြောလာလေသည်၊ “ပါးစပ်ဟ။”
အဲ့တော့ ငါကသူငါသွားတိုက်လို့ရအောင် ကူပေးရဦးမှာပေါ့? ?
လင်းယွိလည်း ယန့်ကျီဟန်ဘာတွေတွေးနေလဲ လိုက်မမှီတော့ပေ၊ နောက်ဆုံး မတတ်သာသည့်အဆုံး ပါးစပ်သာဟပေးလိုက်လေသည်။ ယန့်ကျီဟန်တစ်ကယ်ကြီး သူ့ကိုသွားတိုက်ပေးလာသည်။ ယနေ့ခေတ်သွားတိုက်တံတွေက ကိုင်ရလွယ်ကာ သေးငယ်သည့် အလင်းရောင်လေးတွေပါပြီး ဓာတ်ပုံရိုက်လိုက်ရုံပင်၊ အလွန်ကို သုံးရတာရိုးရှင်းသည်။
သူ့ဘက်က လက်လျော့လိုက်သည်ကို မြင်လိုက်သည်နှင့် ယန့်ကျီဟန်လည်း သူ့ကိုဆက်ဆေးကြောပေးလာလေသည်။ ထိုလူ့မျက်နှာကို အခုနေကြည့်မယ်ဆိုရင် သူ့ကိုယ်သူ ဂုဏ်ယူနေတဲ့ ပုံပေါက်နေသလိုပင်။
အဲ့နောက်မှာတော့ ယန့်ကျီဟန်သူ့လက်ကိုထပ်ဆွဲလာကာ တံခါးကနေထွက်လာပြန်လေသည်။
“…..ဘယ်သွားမလို့တုန်း?”
ယန့်ကျီဟန်သူ့ကိုလည်း ဘာမှပြန်မဖြေလာသလို လမ်းမှာတခြားစစ်သားတွေက အလေးပြုလာတာကိုတောင်မှ ခေါင်းသာညိတ်ပြလျက် သူ့လက်ကိုသာ ဆွဲခေါ်လာလေသည်။
လင်းယွိသူ့ကို ပတ်ပတ်လည်ဖြူစွတ်နေသည့် နေရာတစ်ခုသို့ခေါ်လာမှန်း သိလိုက်ရလေသည်။
ယန့်ကျီဟန် တာမီနယ်ကို ဖွင့်သုံးနေရင်း သူတို့ရှေ့က ဘာမှရှိမနေသည့် အခန်းကြီးက ရုတ်တရက်ပြောင်းသွားကာ လင်းယွိရှေ့တွင် ချောမောကာအရပ်ရှည်ရှည် အနက်ရောင်စက်ရုပ်ကြီးက ပေါ်လာတော့သည်။
လင်းယွိကိုယ်တိုင်လည်း ဘာတွေဖြစ်နေလဲသေချာမသိပေမဲ့ ရုတ်တရက်သူ့မကြာခင်ကမှ ဦးနှောက်အသေးလေးကနေ ဆော့ထားသည့်ဂိမ်းကို မှတ်မိသွားလေသည်။ အခုအခြေအနေက ထိုဂိမ်းVRဗားရှင်းလိုပင်။
ချောလိုက်တာ။
လင်းယွိကို ပိုအံ့အားသင့်သွားစေတာက သူ့ရှေ့ကစက်ပစ္စည်းတွေကို သူ့စိတ်ထဲကနေ ထိန်းချုပ်လို့ရနေတာပင်။
လင်းယွိသူ့စက်ရုပ်လက်ကို တစ်ချက်မြှောက်လိုက်တာနဲ့ အခန်းတစ်ခုလုံးကပါ မြောက်တက်သွားသလိုပင်။
ထိုအချိန်မှာပဲ လင်းယွိသတိထားမိသွားတာက ပုံစံတူစက်ရုပ်တစ်ကောင်ကလည်း အခန်းထောင့်တစ်နေရာကနေ ပေါ်လာကာ သူ့ကိုတိုက်ခိုက်လာသည် ဆိုတာပင်။
လင်းယွိရုတ်တရက်မလို့ ကြောင်သွားသော်လည်း တဖက်ကစက်ရုပ်က သူ့ဆီအတင်းပြေးလာကာ တိုက်ခိုက်လာသည်ကိုမြင်တာနှင့် သူပါအမြန်တိုက်လိုက်ရတော့သည်။
နှစ် စက္ကန့်အတွင်းမှာပဲ တစ်ဖက်စက်ရုပ်၏ ခွန်အားကြောင့် လင်းယွိအံ့ဩသွားလေသည်။
သူ့အရှိန်နှင့် စွမ်းအားက ကွန်ပျူတာပေါ်မှာပြထားသည့် ဂိမ်းတွေနှင့်ပင် ယှဉ်လို့မရနိုင်အောင် သူ့ဘက်ကတစ်ချက်လှုပ်လိုက်သည်နှင့် နိုင်သွားသည်သာ၊ ဒါကြီးက တော်တော်ကို ကြောက်ဖို့ကောင်းလှသည်။
လင်းယွိစက်ရုပ်ခမျာ တစ်ဖက်က အနိုင်မပိုင်းခင်အထိ ၅မိနစ်အောက်သာ တောင့်ခံခဲ့နိုင်လေသည်။
သူ့ပတ်ပတ်လည်က ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ထားသည်များက ချက်ချင်းပျောက်ကွယ်သွားမှ ယန့်ကျီဟန်သူ့ရှေ့မှာ ရပ်နေမှန်းလင်းယွိသိသွားလေသည်။ အစောပိုင်းဖြစ်ခဲ့တာမှန်သမျှက တစ်ကယ်ဖြစ်နေသလိုပင်။
လင်းယွိ နှလုံးကအခုထိအခုန်မြန်နေသေးကာ ”အဲ့ဒါ ခင်ဗျားလား? တော်လိုက်တာ!”
ယန့်ကျီဟန် သူ့ကိုသာစိုက်ကြည့်နေလေ၏။
တစ်ကယ်ဆို သူကပိုတောင် အံ့ဩသွားသည်ပြောရင် ပိုမှန်မည်။
စက်ရုပ်တိုက်ခိုက်တာမျိုးဆိုတာ အတွေ့အကြုံရယ်၊ နည်းစနစ်အပေါ်ကို အများကြီးမှီခိုနေတာဖြစ်သည်။ သူကိုယ်တိုင်လည်း S အဆင့်ကိုသာသုံးခဲ့သော်လည်း တစ်ဖက်လူက ၂မိနစ်ထက်ပင် ပိုမခံနိုင်တာများသည်။
ပြီးတော့ လင်းယွိက သင်တန်းပေးခြင်းခံထားရတာမျိုး မရှိတာတောင်မှ သူ့ကိုဒီလောက်ထိ တိုက်နိုင်တယ်ဆိုတာမျိုးက…..
သူ့မှာ Sအဆင့် စိတ်စွမ်းအင်ရှိတာသိသွားတုန်းက သူအံ့ဩသွားသော်လည်း သူဒီပိုးကောင်ကို အားနည်းသည်ဟုသာ အမြဲတွေးခဲ့တာဖြစ်သည်။
အခုတော့ ဒီပိုးကောင်၏ စိတ်စွမ်းအင်ကိုက အတော်လေးကိုထူးခြားမှန်း သူလက်ခံလိုက်ရတော့သည်။ စိတ်စွမ်းအင်တစ်ခုတည်းနဲ့ကို သူ့ထက်တော့ စွမ်းရည်ကနိမ့်ကျမနေပေ၊ အနည်းငယ်တောင် သာနေနိုင်သေးသည်။
ယန့်ကျီဟန် စိတ်ရှုပ်ထွေးနေသော်လည်း မျက်နှာပေါ်မှာတော့ မဖော်ပြထားပေ
“မင်း စက် ပစ္စည်းတွေကို သဘောကျလား?”
လင်းယွိစိတ်ကြည်နေကာ ယန့်ကျီဟန်ကိုပြုံးပြလိုက်ကာ ခေါင်းငြိမ့်ပြလာသည်။
ယန့်ကျီဟန် အနေနှင့်လည်း ထူးအံ့ဩမနေပေ။ သူလင်းယွိတိုက်ရိုက်ထုတ်လွှင့်မှု ဗီဒီယိုတွေကနေတစ်ဆင့် လင်းယွိစက်ပစ္စည်းတွေကို ကြိုက်လောက်မှန်း ထင်ထားခဲ့တာဖြစ်သည်။
သူဆက်ပြောလိုက်သည်၊ “အဖွဲ့ချုပ်အာကာသယာဉ် နောက်ထပ် ရက်အနည်းငယ်ကြာရင် ရောက်လာလိမ့်မယ်။”
လင်းယွိ နေရာမှာတောင့်သွားလေသည်။
ယန့်ကျီဟန်သူ့ကိုပြန်ကြည့်လာကာ၊ “ငါပြောသလိုပဲ၊ မင်းကအရမ်း အားနည်းလွန်းတယ်၊ တကယ်လို့ မင်းအဖွဲ့ချုပ်ကို သွားမယ်ဆိုရင်တောင်မှ သူတို့ကမင်းကို အဲ့လောက်စိတ်ထဲထည့်ထားကြမှာ မဟုတ်ဘူး။ မင်းကို စစ်အကယ်ဒမီကိုတောင် ဝင်ခွင့်ပေးလောက်မယ် မထင်ဘူး။ အဲ့တော့ မင်းသာဒီမှာနေမယ်ဆိုရင် ငါမင်းကိုစက်ပစ္စည်းပိုင်းဆိုင်ရာတွေ အကုန်သင်ပေးမယ်။”
လင်းယွိဘက်က သူလိုချင်တာဘာမှ ထပ်မပြောလိုက်ရပေ။ ယန့်ကျီဟန်တစ်ယောက်တည်းကသာ သူ့ဟာ့သူအကြောင်းပြချက် တစ်ခုပြီးတစ်ခုဖန်တီးကာ လင်းယွိကို သူနှင့်အတူနေခဲ့ရန် လုပ်နေတာသာ ဖြစ်လေသည်။ ဒီတစ်ခု အလုပ်မဖြစ်ရင် နောက်တစ်ခုနှင့် အစားထိုးလိုက်သာ လုပ်နေခဲ့တာဖြစ်သည်။
ယန့်ကျီဟန်အနေနဲ့လည်း ရှေ့မှာချိတ်ဆွဲဖို့ မုန်လာဥနီလား ပန်းသီးလား သေချာရွေးမနေပေ လင်းယွိသူချသမျှ ငါးစာကိုသာ လာဟပ်ဖို့တွေးနေသာ ဖြစ်လေသည်။
ယန့်ကျီဟန် နောက်တစ်ကြိမ် တာမီနယ်ကို ထိလိုက်သည်နှင့် အနက်ရောက်စက်ရုပ်ကြီးက ထပ်ပေါ်လာပြန်၏။
“ဒါက ဒီအတိုင်းပုံရိပ်ယောင်ဆိုပေမဲ့ မင်းသုံးနေတဲ့ စက်ရုပ်ထဲမှာ ထည့်ထားတဲ့ ဒေတာတွေက ငါ့စက်ရုပ်ပေါ်မူတည်ပြီး သုံးထားတဲ့ဟာတွေကြီးပဲ။ ပြောရမယ်ဆိုရင် သူ့မှာအဖွဲ့ချုပ်တောင် မဖြေရှင်းနိုင်သေးတဲ့ နည်းပညာတွေပါ ထည့်သုံးထားတာ။”
ယန့်ကျီဟန်စက်ရုပ်က တကယ်ကိုထိပ်တန်းအဆင့်ဖြစ်တာ မှန်သည်။ သို့သော်လည်း ဒီကြယ်အစုအဝေးထဲကလူတွေက သူသင်ပေးမယ်ဆိုတာနှင့် ဘယ်လိုမျက်နှာမျိုးတွေလုပ်ကာ အသေအလဲ ပြေးလာကြမလဲဆိုတာတော့ သူလည်းစဉ်းစားကြည့်လို့ကို မရပေ။
ယန့်ကျီဟန်ကိုယ်တိုင်ကလည်း ဒီလိုစစ်ဘက်နှင့်ဆိုင်သည့်အရာတွေကိုသာ စိတ်ဝင်စားတတ်ရာ လင်းယွိလည်း စိတ်ဝင်စားမှာပဲဟု သူရိုးရိုးလေး တွေးထားလိုက်တာဖြစ်သည်။
သို့သော် ယန့်ကျီဟန်မသိလိုက်တာက လင်းယွိအတွက်တော့ ဒါကဂိမ်းတစ်ခုသာသာဟုသာ ရက်အနည်းငယ်အလိုက တွေးလိုက်တာကိုပင်။ သေချာပေါက်ကို သူ့အတွက် ဒီလိုဂိမ်းလိုမျိုး စက်ရုပ်ကြီးတွေအပေါ် အလွန်အမင်း စိတ်ဝင်စားဖို့ဆိုတာ မဖြစ်နိုင်ပေ။
သို့သော်လည်း တစ်ဖက်က ယန့်ကျီဟန်က စစ်တပ်ယူနီဖောင်းကိုဝတ်ကာ လက်ကိုနောက်ပစ်ထားပြီး သူ့စက်ရုပ်အကြောင်းကို ယုံကြည်မှုရှိရှိရှင်းပြနေသည်က အလွန်ကိုကြည့်ကောင်းတာကြောင့် သူ့ဘက်ကလည်း ဂရုတစိုက်နှင့်တော့ နားထောင်ပေးခဲ့လိုက်သည်။
တစ်ခုရှိတာက ယန့်ကျီဟန်က အရမ်းဆရာကျကျ ရှင်းပြလိုက်တာကြောင့် လင်းယွိသေချာနားမလည်လိုက်တာပင်…..
ယန့်ကျီဟန်အတန်ကြာ စကားပြောပြီးတဲ့နောက်မှာတော့ သူသိလိုက်ရတာက လင်းယွိတစ်ယောက် သူ့ရှေ့ကစက်ရုပ်ထိပ်ပိုင်းကို ကြည့်နေရမှာကို ကြည့်မနေပဲ သူ့အားစိုက်ကြည့်ကာ ပြုံးနေသည်ကိုပင်….
ယန့်ကျီဟန်မျက်နှာက ချက်ချင်းနီရဲလာကာ၊ “ငါဘာလုပ်နေတာလဲ သေချာကြည့်လေ၊ စက်ရုပ်ကိုပဲ ကြည့်။”
လင်းယွိလည်းကြောင်သွားကာ၊ “ဟင် ခင်များကို ကြည့်လို့ရောမရဘူးလား?”
ယန့်ကျီဟန်သူ့မကြည့်တော့ပဲ၊ “မင်းအဲ့လိုဟာတွေကို စဉ်းစားမယ်တောင်မကြံနဲ့။”
လင်းယွိ : “???”
နေပါဦး၊ တစ်ကယ်တမ်း အဲ့အကြောင်းတွေးနေတာ ယန့်ကျီဟန်တစ်ယောက်တည်းလို့ သူဘာလို့ထင်နေတာပါလိမ့်…..
“မာရှယ်၊ ကျွန်တော့်ကို ခေါ်ပါသလား?”
လင်းယွိလည်းခုမှ သူ ယန့်ကျီဟန်ရုံးခန်းထဲ ရောက်နေမှန်း သတိရသွားလေသည်။
တစ်ဖက်ကပိုးကောင်က ဦးနှောက်အသေးလေး၏ စခရင်ကို စူးစိုက်ကြည်နေသော်လည်း မာရှယ်ကတော့ သူ့နောက်မှာသာ ရပ်နေကာ ထိုပိုးကောင်ကိုပဲ ကြည်နေလေသည်။
တပ်မှူး အနည်းငယ်တော့ အံ့ဩသွားလေသည်။
မနေ့တုန်းကတစ်နေ့လုံးလိုလို သူတို့တွေအကုန်လုံး သွေးမျိုးနွယ်စုက ထိပ်တန်းသတင်းတွေကြောင့် ပင်ပန်းခဲ့ရသည်။ မာရှယ်ဆို တစ်ဖက်သွေးစုတ်ဖုတ်ကောင်အရေခွံကို ဆုတ်တော့မတတ်ပင်။ တစ်ဖက်လူဆို ဘာမှမပြောဝံ့ပဲ ပြန်သွားခဲ့ရသည်။
ဒီလောက်တောင် မာရှယ်ဒေါသထွက်နေပုံထောက်ရင် ထိုပိုးကောင်တော့ အဆူခံရတော့မည်ဟု စဉ်းစားထားခဲ့သော်လည်း သူ့ခေါင်းတစ်လှည့်လေးမှာပင် သူတို့မာရှယ်က ထိုပိုးကောင်ကို သူသွားလေရာခေါ်လိုက်၊ သူ့ခုံပေါ်ထိုင်ခိုင်းလိုက်တောင် ဖြစ်နေပြီတဲ့လား….
ကြည့်ရတာ သူတို့မာရှယ်အတွက် ဒီပိုးကောင်က အလွန်အဖိုးတန်ပုံပင်…..
တစ်ယောက်ယောက်ဝင်လာသည်ကို မြင်သည်နှင့် လင်းယွိလည်း ယန့်ကျီဟန်ကို မော့ကြည့်လိုက်သည်။
ယန့်ကျီဟန် တပ်မှူးကို ခေါင်းငြိမ့်ပြလိုက်ကာ အရှေ့သို့အနည်းငယ်လျှောက်လာပြီး စားပွဲကိုမှီကာ တပ်မှူးကိုစကားပြောနေလိုက်သည်။
လင်းယွိလည်း လောလောဆယ်ဘာမှလုပ်စရာမရှိရာ ဦးနှောက်အသေးလေးထဲ မှတ်တမ်းတင်ထားသည့် သူနှင့် ယန့်ကျီဟန်စက်ရုပ်တွေ တိုက်ခိုက်နေတာကိုသာ ပြန်ကြည့်နေလိုက်လေသည်။
ယန့်ကျီဟန် တပ်မှူးကို သူ့အတွက် အရေးကြီးဆုံးပြဿနာကို ရှင်းပြနေခဲ့တာဖြစ်သည်။ လင်းယွိက စက်တွေအကြောင်းဘာမှမသိပေ၊ ပြီးတော့ သူကြားသလောက်ကလည်း သူ့တစ်ဝက်တစ်ပျက်သိထားလိုက်သည့် ဗဟုသုတတွေလောက်သာ။
အခု ယန့်ကျီဟန်ကြည့်ရတာ သူ့ကိုစကားပြောဖို့ အချိန်မရှိမှန်းသိလိုက်သည်နှင့် ဗီဒီယိုကို ရပ်လိုက်ကာ သူ့ဦးနှောက်သေးလေးကနေ စက်ရုပ်တွေအကြောင်းကို ရှာဖို့လုပ်လိုက်လေသည်။
လင်းယွိသူ့ဦးနှောက်အသေးလေးကို ထိတောင်မထိလိုက်ရခင်လေးမှာပဲ တပ်မှူးနှင့်စကားပြောနေသော ယန့်ကျီဟန်၏သွယ်လျသည့် လက်တစ်စုံကရောက်လာကာ လင်းယွိလက်ထဲကနေ ယူသွားလေတော့သည်။
လင်းယွိလန့်သွားကာ သူ့ကိုကြည့်လာလေသည်။
ယန့်ကျီဟန်မျက်မှောင်ကျုံ့လိုက်ကာ ဦးနှောက်အသေးလေးကို ပိတ်လိုက်လေသည်၊ ကြည့်ရတာ အရင်တုန်းက တိုက်ရိုက်ထုတ်လွှင့်မှုတွေနှင့် ပတ်သက်ပြီး သတိထားနေသည့်ပုံပင်။ “ဘာလုပ်မလို့လဲ?”
လင်းယွိ : “…..စာလေ့လာမလို့။”
“မင်းသိချင်တဲ့ဟာ ငါပြောပြမယ်။”
လင်းယွိနှုတ်ခမ်းကို တင်းနေအောင်စိလိုက်ကာ၊ “အိုး….”
“ဘာသာစကားအရင်သင်။”
တစ်မနက်လုံး အတူရှိပြီးသည့်နောက်မှာတော့ ယန့်ကျီဟန်တစ်ယောက် လင်းယွိသိသည့် စကားလုံးပမာဏက တော်တော်ကိုနည်းမှန်းသိသွားလေသည်။ သူက အခုထိနေ့စဉ်သုံး လုပ်ငန်းသုံးစကားလုံးတွေကို မသိသေးပေ။ အဲ့ဒါကြောင့် သူဘာပြောပြော အူကြောင်ကြောင်နဲ့ လာကြည့်နေတာကိုး။
လင်းယွိ၏ ကြယ်အစုအဝေးသုံးဘာသာစကားဆိုတာလည်း မကြာသေးမီကမှ ကိုယ့်ဟာကိုယ် လေ့လာသင်ယူထားတာဖြစ်ရာ ယန့်ကျီဟန်အနေနှင့် လင်းယွိသင်ယူနိုင်စွမ်းက တော်တော်လေးကို ကောင်းမှန်းတော့ ဝန်ခံရလေမည်။
တပ်မှူးဆီကနေ ဘောလုံးပုံစံ စာသင်ပေးသည့် စက်ရုပ်လေးကိုယူလိုက်ကာ လင်းယွိလက်ထဲထည့်ပေးလိုက်ပြီး သူ့ရုံးခန်းဘေးက ကုဗတုံးပုံစံအခန်းထဲသို့ ခေါ်သွားလေသည်။ “ဒီမှာငါ့ကိုစောင့်နေ၊ ဘယ်မှ မသွားနဲ့နော်။”
လင်းယွိ : “…”
အခန်းက အလုံပိတ်ထားတာလေ၊ ငါထွက်ချင်တယ်ဆိုရင်တောင် ထွက်လို့မရပဲနဲ့!
ယန့်ကျီဟန်တံခါးပိတ်ကာ ထွက်သွားသည်ကို မြင်လိုက်သည်နှင့် လင်းယွိလည်း နာခံစွာ စက်ရုပ်လေးကို ဖွင့်လိုက်လေတော့သည်။
လင်းယွိမသိလိုက်တာကတော့ ယန့်ကျီဟန်တံခါးကိုပိတ်ပြီး ထွက်သွားသည်နှင့် လင်းယွိရှေ့ကနံရံက တစ်ဖက်မြင်မှန်ပုံစံပြောင်းသွားသည်ကိုပင်။ ယန့်ကျီဟန်ဘက်ကနေ လင်းယွိဘာတွေလုပ်နေလဲဆိုတာကို ရှင်းလင်းစွာမြင်နိုင်လေသည်။
ယန့်ကျီဟန် လင်းယွိကို အတန်ကြာကြည့်နေလိုက်ကာ ပြီးတာနှင့်တပ်မှူးဘက် ပြန်လှည့်လာပြီး၊ “ဒီယာဉ်ပေါ်မှာ ဇက်မျိုးစပ်တွေရှိလား စစ်ဆေးကြည့်လိုက်။”
တပ်မှူးလည်း အံ့ဩသွားကာ မကြာမီပင် မာရှယ့်ဆီကနေ နောက်ထပ်စကားတစ်ခွန်းကိုပါ ထပ်ကြားလိုက်ရလေသည်၊ “တကယ်လို့ ရှိတယ်ဆိုရင် သူတို့ကိုထွက်ခိုင်းလိုက်။”
“မာရှယ်၊ အဲ့ဒါက…” မလိုဘူးလေ။
တပ်မှူးပါးစပ်ဟကာ အနည်းငယ်ပြောရတုန်းရှိသေး ယန့်ကျီဟန်အကြည့်နှင့်စုံကာ ပြောတော့မည်စကားတွေကို ပြန်သာမျိုချထားလိုက်တော့သည်။ “ဟုတ်ကဲ့။”
ယန့်ကျီဟန် ဦးနှောက်အသေးလေးကို ထပ်ဖွင့်ပြလိုက်လေသည်။
စခရင်ပေါ်မှာတော့ စက်ရုပ်နှစ်ရုပ်က တိုက်ခိုက်နေကြလေသည်။
တပ်မှူးလည်း စက်ရုပ်တစ်ခုက သူတို့မာရှယ်မှန်းသိလိုက်သော်လည်း တစ်ဖက်ကသူကတော့ တိုက်ခိုက်ရေးပိုင်း သုညသာသာပဲ ရှိသော်ငြား စက်ရုပ်ကိုထိန်းချုပ်ပုံက သူ့ကိုယ်ပိုင် ခန္ဓာကိုယ်တစ်ခုလို ကျွမ်းကျင်စွာထိန်းချုပ်နိုင်မှန်း မြင်လိုက်ရလေသည်။ ပြီးတော့ တစ်ခုခုကို တုန့်ပြန်နိုင်စွမ်းကလည်း ပြိုင်ဖက်ကင်းပင်။
သေချာပေါက်ကို စက်ရုပ်တစ်ရုပ်ကို သုံးရာတွင် တိုက်ခိုက်ရည်က သင်ကြားရန်လိုသော်လည်း အဓိကအားဖြင့် လူတစ်ယောက်၏ ဖြစ်နိုင်စွမ်းကို တိုင်းတာသည်က စိတ်ဓာတ်ကြံ့ခိုင်မှုသာဖြစ်လေသည်၊ အဘယ့်ကြောင့်ဆိုသော် လူတစ်ယောက်၏ စိတ်ဓာတ်ကြံ့ခိုင်မှုကသာ မပြောင်းလဲနိုင်သောကြောင့် ဖြစ်လေသည်။
စိတ်စွမ်းအားမြင့်လေ စက်ရုပ်တစ်ရုပ်ကို ထိန်းချုပ်နိုင်မှု ပိုသာလေဖြစ်ကာ ထိုနေရာမှာပိုတော်လေလေ ပိုထိပ်ဆုံးရောက်နိုင်လေဖြစ်လေသည်။
တပ်မှူးလည်း ဒါသူတို့မာရှယ် နောက်ထပ်လူတော်တစ်ယောက်ကို တစ်နေရာရာကနေ ရှာတွေ့လာတာပဲလို့တွေးမိလိုက်သော်လည်း နောက်ထပ် စက္ကန့်ပိုင်းအတွင်း ယန့်ကျီဟန်က သူ့ကိုပြောလာလေသည်။ “ငါ့ကိုတိုက်နေတဲ့သူက သူပဲ။”
တပ်မှူး ခဏလောက်ကြောင်သွားကာ သူများနားလည်မှုလွဲတာဟုပင် ထင်လိုက်သေးသည်၊ “ဘာ ဘာကြီး?”
ယန့်ကျီဟန် လင်းယွိကို နောက်တစ်ကြိမ်ကြည့်လိုက်ကာ၊ “သူ့မှာ Sအဆင့် စိတ်စွမ်းအင်ရှိတယ်။”
တပ်မှူးအသက်ပြင်းပြင်းရှုလိုက်ကာ တစ်ဖက်ကြည့်မှန်ဘက်ကို ငေးကြည့်လိုက်လေသည်။
ပန်းရောင်စာသင်ကြားရေးစက်ရုပ်လေးကနေ တစွေ့စွေ့ခုန်နေသည့်ပုံလေးနှင့် တခြားလှုပ်ရှားနေသည့် အရုပ်ကလေးတွေကပါ လေဟာနယ်ထဲမှာ ပေါ်နေကြသည်။ တကယ်တော့ ထိုစက်ကလေးက ကျောင်းနေအရွယ်ကလေးတွေအတွက် ထုတ်ထားတာဖြစ်သဖြင့် ပုံလေးတွေက အနည်းငယ်တော့ ကလေးဆန်လေသည်။
လင်းယွိ ထိုအရာလေးတွေကိုကြည့်ကာ အံ့ဩနေပြီး လက်နှင့်ပင် ပရိုဂျက်တာကပုံတွေကို ထိကြည့်လိုက်ကာ ပျော်တောင်ပျော်နေသေးသည်။
တပ်မှူး : “…..”
ဘယ်သူထင်မှာတုန်း ဒီလို အူကြောင်ကြောင် ကူကယ်ရာမဲ့ ပိုးကောင်က အဲ့လိုမျိုးတွေကို…..!!
မကြာခင်မှာပဲ တပ်မှူးတစ်ယောက် အရှက်ရလာသလိုပင်။ ဒီပိုးကောင်ရဲ့ အားနည်းနေတဲ့ ကိုယ်ကြောင့်သာမဟုတ်ရင် သူလည်းသူတို့မာရှယ်လို တိုက်ခိုက်ရေးဉာဏ်ကြီးရှင် ဖြစ်လာမှာပဲ။
ယန့်ကျီဟန် ဆက်ပြောလာသည်။
“သူ့စိတ်စွမ်းအင်က လျှော့တွက်လို့တော့မရဘူး။ သူဖယ်ရိုမုန်းအကြောင်း သိတဲ့သူမှန်သမျှ နောက်ကျအာခံလာနိုင်တယ်။”
သူထိုပိုးကောင်ကို ခုလက်ရှိဇက်တွေက နာခံဖို့ဆိုတာမဖြစ်နိုင်ဘူးဆိုပြီး ပြောခဲ့ပေမဲ့ သူကိုယ်တိုင်လည်း သိပ်မသေချာသေးပေ။
ခုလက်ရှိဇက်တွေ၏သွေးက အရင်ကလောက် မစစ်တော့သော်လည်း ဒီပိုးကောင်၏ စိတ်စွမ်းအင်ကလည်း အရမ်းကောင်းလွန်းနေသည်လေ။
သာမန်အားနည်းသည့် ဖယ်ရိုမုန်းပိုင်ရှင် ပိုးကောင်တွေက အပျော်ရှာသည့် ဝိုင်သာသာ ဖြစ်နိုင်သော်လည်း လင်းယွိလို စိတ်ကိုပါညို့နိုင်သည့် ဖယ်ရိုမုန်းပိုင်ရှင်အတွက်တော့ ဒါကခွေးတစ်ကောင်ကို ချိန်းကြိုးနှင့်ချည်ထားလိုက်တာမျိုး ဖြစ်နိုင်သလို လူသတ်နိုင်သည့် လက်နက်လည်း ဖြစ်လာနိုင်သည်။
သူ့စိတ်စွမ်းအင်နှင့် ယှဉ်ကြည့်လျှင် ဒီကြယ်အစုအဝေးတစ်ခုလုံးမှာ သူ့ဖိချေပစ်လို့ မရမည့်သူဆိုတာ လက်တစ်ဆုပ်စာသာသာပင် ရှိလေသည်။
စိတ်စွမ်းအင်သိပ်မရှိသည့် ဇက်မျိုးစပ်တွေအပေါ် လင်းယွိစိတ်ကို ထိန်းချုပ်နိုင်မှုက ဘယ်လောက်ထိစွမ်းအင်ကြီးမလဲ ယန့်ကျီဟန်မသိရသေးပေ။
သိလည်း မသိချင်ပေ။
တပ်မှူး ယန့်ကျီဟန်စကားကို ကြားလိုက်သည်နှင့် သတိပြန်ဝင်လာကာ သူ့ကိုယ်သူပင် အရှက်ရသွားတော့သည်။
သူထင်ခဲ့တာက သူတို့မာရှယ်က သဝန်တိုပြီး ဒီလိုအမိန့်မျိုးတွေ လာပေးနေတာပဲဆိုတာပင်။ အဲ့ဒါထားပါဦး သူတို့မာရှယ်က အဲ့လိုအားနေ သဝန်တိုနေတတ်တဲ့ မိန်းမတွေလိုပါ လုပ်နေတာတုန်း? အခုတော့ ဇက်မျိုးစပ်တွေ လုံခြုံရေးအတွက် အလုပ်ဖြုတ်ပစ်မှန်း သိလိုက်ရလေသည်။
သူချက်ချင်း ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့၊ ကျွန်တော် သေချာဂရုတစိုက် လုပ်လိုက်ပါ့မယ်။”
“အင်း၊ ပြီးတော့၊” ယန့်ကျီဟန် နောက်ထပ်အမိန့်တစ်ခုကို ဘာမှမဟုတ်သလို ထပ်ပြောလာပြန်သည်။ “သူနဲ့နှစ်ယောက်တည်း ဘယ်သူမှစကားမပြောဖို့ပါ အမိန့်ပေးထားလိုက်။”
တပ်မှူး : “….”
မာရှယ်ဘာတွေတွေးနေလဲ သူလည်းမသိတော့ပါဘူး။
လင်းယွိထိုအခန်းထဲမှာပဲ နေ့လယ်အထိထိုင်နေလိုက်ကာ ဗိုက်ဆာလာသဖြင့် တံခါးနားသို့လျှောက်သွားလိုက်သည်။
ယန့်ကျီဟန်ကို နှောင့်ယှက်မိသွားမှာစိုးကာ အပြင်ကနေ အသံတစ်ခုခု ကြားရလိုကြားရငြား တံခါးနား သွားကြည့်ကြည့်လိုက်သည်။
သို့သော် သူတံခါးနားရောက်သွားသည်နှင့် တံခါးကပွင့်လာလေ၏။
ထို့နောက် ယန့်ကျီဟန်က ဝင်လာတော့သည်။
“ဘာဖြစ်လို့လဲ?”
လင်းယွိခဏလောက်ကြောင်သွားသော်လည်း၊ “ဗိုက်ဆာလာလို့။”
ယန့်ကျီဟန်ခေါင်းညိတ်ပြလိုက်ကာ အခန်းထောင့်နားကို သွားပြီးနံရံကို နှိပ်လိုက်သည်နှင့် မြင်ဖူးသည့်အစားအသောက်လုပ်ပေးသည့် စက်ကလေးကပေါ်လာတော့သည်၊ “ဘာစားချင်လဲ?”
လင်းယွိထိုနေရာမှာ စက်ရှိနေမှန်းမသိသဖြင့် ရှက်သွားကာ ယန့်ကျီဟန်တစ်ယောက်တည်းကိုသာ ကြည့်လုပ်ခိုင်းလိုက်လေသည်။
“ဆရာဝန်ပြောတာတော့ မင်းအစာချေလွယ်တဲ့ဟာပဲ စားရမယ်တဲ့။”
ယန့်ကျီဟန် အစားအသောက်တစ်ပန်းကန် ယူလာကာ အခန်းအလယ်ကနေ ပေါ်လာသည့်စားပွဲပေါ် တင်ထားလိုက်လေသည်။
“ထိုင်။”
လင်းယွိနာခံစွာ ထိုင်ပေးလိုက်သည်။ ယန့်ကျီဟန်ပါ သူ့ဘေးထိုင်လာကာ ဇွန်းအပြည့်တစ်ဇွန်းခပ်လိုက်ကာ လင်းယွိကို ခွံ့ကျွေးလာပြန်သည်။
လင်းယွိ : “….”
ဘာလို့ ဒီမှာဆက်နေသေးတာတုန်း?
သူကိုယ်တိုင်စားဖို့ ဇွန်းကိုရှက်ရှက်နှင့် လှမ်းယူဖို့ ကြိုးစားလိုက်လေသည်။ “ကိုယ့်ဟာကိုယ်စားမယ်။”
ယန့်ကျီဟန်သူ့ကိုပြန်ကြည့်လာပြန်သည်။
“မင်းပဲ ငါ့ကိုခစားစေချင်တာ မဟုတ်ဘူးလား?” လင်းယွိ တကယ်ကို အထင်မှားခံနေရတာပဲ။
“အဲ့လို မရှိပါဘူး။”
ယန့်ကျီဟန်လက်က လေထဲရပ်သွားကာ၊ “မင်းက ငါ့ကိုခွံ့မကျွေးစေချင်ဘူးပေါ့?”
“အင်း။”
“ဘာလို့လဲ?”
လင်းယွိ : “…..”
ဘာကို ဘာလို့လဲ?
လင်းယွိဘက်က ပါးစပ်ကိုဖွင့်ဖို့ ငြင်းနေရာ ယန့်ကျီဟန် ပန်းကန်ကို ဘေးချကာ မျက်မှောင်ကြီးကြုံ့ပြီး ထွက်သွားလေတော့သည်။ “အိုခေ၊ အဲ့ဒါဆို ကိုယ့်ဟာ့ကိုယ်ပဲစားတော့။”
လင်းယွိ : “….”
နေပါဦး ဘာလို့မပျော်သလို ဖြစ်သွားပြန်တာတုန်း? ?
ငါ တကယ် သူ့စိတ်ကို နားကိုမလည်ဘူးပဲ။
လင်းယွိနှစ်ဇွန်းစားပြီးသည်အထိ တစ်ဖက်က ယန့်ကျီဟန် စိတ်ဆိုးသွားတာ ဖြစ်နိုင်ကြောင်းတွေးကာ သေချာတောင်မထိုင်နိုင်တော့ပေ။
သူတံခါးကိုဖွင့်လိုက်ကာ ခေါင်းကိုပြူကြည့်လိုက်လေသည်။
ယန့်ကျီဟန် စားပွဲအနောက်ကခုံမှာ လက်ကိုပိုက်ကာ ကျောကိုမတ်မတ်ထားလျက် ထိုင်နေပြီး တစ်ကိုယ်လုံးကနေ အေးစက်နေသည့် အရောင်အဝါတွေကို ထုတ်လွှင့်နေတော့သည်။ လုံးဝသူစိမ်းတစ်ယောက်ကို မြင်လိုက်ရသလိုပင်။
လင်းယွိ တိုးတိုးလေး ပြောလိုက်သည်။
“မစားတော့ဘူးလားဟင်?”