အစ်မဆေးရုံကပြန်ဆင်းလာသည်မှာ ရက်သတ္တပတ်ကျော်ကြာနေပြီဖြစ်၏ ကျောင်းဆင်းချိန်ဆို အစ်မအိမ်သွား ကျောင်းပိတ်လျှင် ကျူရှင်လစ်ပြေးနှင့် အစ်မဆီပုံမှန်လာနေသည်မှာ ရက်သတ္တပတ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ အစ်မရဲ့မမဟာလည်း အလုပ်ကိစ္စပေါ်လာသည်ဟုဆိုကာပြန်သွားသည်မှာ တစ်ပတ်ခန့်ရှိချေပြီ။ ဒီစာသင်နှစ်ပြီးလျှင် အစ်မသည် ရန်ကုန်ပြန်တော့မည် ရန်ကုန်ပြန်လျှင်တွေ့ရမည့်အခွင့်အရေးနည်းသွားမည် မတွေ့နိုင်တာမျိုးလည်းဖြစ်မည် သို့ရာတွင် အနားရှိသောအချိန်လေး၌ အစ်မအားပျော်ရွှင်စေချင်ပါသည်။ မောင်ကိုယ်တိုင်လည်း နှုတ်ဆက်ဖို့အားမွေးထားရမည်။ အစ်မကို မြင်မြင်ချင်းရင်ခုန်မိပေမယ့် ချစ်နေလားမချစ်နေလားတော့ မောင်ကိုယ်တိုင်မသိပါ သေချာဆန်းစစ်ကြည့်ရမည်။ ရင်ခုန်တိုင်း အချစ်လို့မဆိုနိုင် ထို့ကြောင့်မို့ မောင်အသေအချာဆန်းစစ်ရမည်။
သေချာသည်ကတော့ အစ်မပျော်လျှင်မောင်လည်းပျော်နေတတ်ပြီး အစ်မမျက်နှာကလေးတည်နေလျှင် စကားမစရဲပါ ငြိုငြင်မှာကြောက်ပါသည် မောင့်ဆန်းစစ်ချက်သည် အမှန်တကယ်အောင်မြင်သွားပါက အစ်မအားဖွင့်ပြောမည် အစ်မဆီမှ မလိုအပ်လျှင်တော့ ရှောင်ထွက်မည် မောင်သည်အဲ့နေရာ၌ အလိုက်သိတတ်ပါသေးသည်။ ဂျစ်ကန်ခြင်း ရစ်ခြင်း အရွဲ့တိုက်ခြင်းမပြုလုပ်တတ်သော မောင်သည် မလိုအပ်သောနေရာများမှ ရှောင်ထွက်ပေးခြင်းကိုတော့ ဖေဖေမေမေတို့သင်စရာမလို မိမိဘာသာတတ်မြောက်ခဲ့ပါသည်။
"အစ်မရယ် ကျောင်းမသွားပါနဲ့ဦးဆိုတာကို"
အစ်မကတော့ ခေါင်းမာသည် တစ်ခါတစ်လေလည်း ကလေးဆန်တတ်သည် ထိုအခါများတွင်တော့ မောင်ပဲ အလျှော့ပေးရမြဲ အလိုလိုက်ရမြဲဖြစ်သည် အခုလည်း နေကောင်းပျောက်တဲ့အထိမစောင့်ပဲ ကျောင်းသွားမယ်တကဲကဲ လုပ်နေပြန်သည် ဒီတစ်ခါတော့ အလိုမလိုက်နိုင်ပါ အစ်မကိုကောင်းစေချင်လို့ပြောတာဖြစ်သည်။
"အစ်မ သွားမှာပါဆို မောင်နော်"
"မရဘူး ပေးမသွားဘူး"
"သွားမှာ မနက်ဖြန်ကျောင်းရောက်အောင်ကိုသွားဦးမှာ"
"မေရယ် မသွားပါနဲ့နော်"