အချိန်တွေ ကြာလာခဲ့ပါပြီ အစ်မနဲ့တွေ့ဆုံရခြင်းမှာလည်း ကြာမြင့်နေခဲ့ပြီ အခုဆို မောင်တို့ နောက်ဆုံးစာမေးပွဲကြီးတောင် ဖြေရတော့မည်။ အစ်မနဲ့ပိုမိုရင်းနှီးခဲ့ရခြင်းသည် ခွဲခွာရမည်ဆိုသောအသိကြောင့်ဖြစ်သည် ခွဲခွာရခြင်းတွင် နောင်တမရှိစေရန် အကောင်းမွန်ဆုံး ဂရုစိုက်ပေးခဲ့သည်။ ထိုသို့ဂရုစိုက်ခဲ့ခြင်းသည် ခွဲခွာရလျှင် ပိုနာကျင်စေသည်ဆိုတာကို မောင်တစ်ယောက်လျစ်လျူရှုခဲ့သည်။ အတတ်နိုင်ဆုံးပျော်အောင်သာ ထားချင်သည် အများကြီးသဘောကျမိနေခြင်းကြောင့် ပျော်နေတာလေးပဲတွေ့ချင်ပါသည်။ ခွဲခွာရခြင်းကို လူသားအားလုံး နှစ်သက်ခြင်းကင်းသော်လည်း ကိုယ်သဘောကျရသောလူတစ်ယောက် ကောင်းစားဖို့အတွက်ဆိုလျှင်တော့ ထိုခွဲခွာရခြင်းကို မောင်နှစ်သက်ပါသည်။ ပက်သက်ခဲ့သမျှနေ့ရက်တိုင်းမှာ အမှတ်တမဲ့တွေရှိခဲ့ကြပါသည် အမှတ်ရဆုံး ဝမ်းနည်းစရာအမှတ်တမဲ့လေးတစ်ခုရှိခဲ့ပါသည်။
အဲ့နေ့တွင် အစ်မသည် ရင်ဖုံးလက်ရှည် အစိမ်းရောင်ကလေးနှင့်ချိတ်ထဘီအဖြူကလေး ဝတ်ထားသည်။ မောင်ကတော့ မောင့်ပုံစံဖြစ်တဲ့ T shirt အညိုရောင်အပွနှင့် ဘောင်းဘီအဖြူအမည်းအကွက်ကလေးနှင့်သာဖြစ်သည်။ အညိုရောင် T shirt ပေါ်တွင် I choose you always in all way ဆိုသော စာတန်းကလေးပါသည်။
တန်ဆောင်မုန်းလပြည့်နေ့ဖြစ်သည်မို့ ဘုရားပေါ်တွင်လူများပြည့်ကျပ်နေသည် ပုံမှန်ဆို မောင်အပြင်မထွက်ပါ အခါကြီးရက်ကြီးများတွင်လည်း မောင်အပြင်မထွက်ပါ သို့သော် အစ်မရဲ့မမရောက်နေသည်ဖြစ်တာကြောင့် ဘုရားဖူးပို့ရန် မောင့်အားအကူအညီတောင်းလာသည် ထို့ကြောင့်မောင်ကူညီပေးရန်ဆုံးဖြတ်လိုက်သည် မောင့်မေမေကို ဘုန်းကြီးကျောင်းလိုက်ပို့ပေးကာ အစ်မဆီ ဆိုင်ကယ်မောင်းကာထွက်လာလိုက်သည်။
အစ်မအိမ်သို့ရောက်သော် ဦးစွာ ယောင်္ကျားနှစ်ယောက်ကိုမြင်ရသည် ဧည့်ခန်းဆိုဖာပေါ်တွင် ခန့်ခန့်ကြီးထိုင်နေသောလူနှစ်ယောက်ကိုတစ်ချက်ကြည့်လိုက်ပြီး မီးဖိုချောင်ထဲမှာမြင်နေရသော အန်တီနန်းခင်အား ကူညီရန်လှည့်အထွက် အစ်မကအပေါ်ထပ်လှေကားထိပ်၌ရပ်ကာ မောင့်အားလှမ်းခေါ်သည်။