အခန်း ၁၀

50 11 4
                                    

လက်သီးဆုပ်အရွယ်ခန့်ရှိ သစ်သီးတစ်လုံးသည် လေထဲတွင်ရှိနေပြီး နူးညံ့သောပိုးသားအလွှာပါးလေးက လွှမ်းခြုံထားလေသည်။

ရှန်လျှိုရှန်းသည် ထောင့်တစ်ထောင့်တွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။
(🌊 - ပြောတော့ တကယ်ငို‌ရင်တောင်ခေါ်မသွားပေးဘူးဆိုပြီး 🤭)

“ဘာဖြစ်လို့ သူ့ကိုပိတ်လှောင်ထားတာလဲ”

ကျိုးရွှမ်လန်ထံမှ အသံတိုးတိုးဖြင့်
“ရှန့်မင်သစ်သီးမှာ သူ့ရဲ့ဝိညာဉ်သိစိတ်ရှိတယ်... အခုလိုမျိုးသာ ပိတ်လှောင်မထားရင် အစောကတည်းက ထွက်ပြေးနေလောက်ပြီ”

အစောပိုင်းတွင် ရှန်လျှိုရှန်းသည် မှောင်မိုက်၍ တိတ်ဆိတ်သောညကို အခွင့်ကောင်းယူကာ သူ၏ဝိညာဉ် နိုးကြားမှုကို အသုံးချပြီး ကင်းလှည့်နေသည့်ဂိုဏ်းသားများကို တိတ်တဆိတ်ကျော်ဖြတ်ခဲ့သည်။ ထို့နောက် ကျိုးရွှမ်လန်မှ တိတ်ဆိတ်စွာပင် ကာကွယ်ထားသော အကာအကွယ်မန္တန်များကို ဖြည်လိုက်ပြီး နှစ်ဦးသား ဝမ့်ရှင်းမျှော်စင်ထဲသို့ ဝင်ရောက်ကာ ရှန့်မင်သစ်သီးရှိရာသို့ ချက်ချင်းပင် သွားလိုက်လေသည်။

“ရှစ်ဇွင်း... ကြည့်လို့ဝပြီလား?”

အကာအကွယ်မန္တန်ကို‌ဖြည်လိုက်ခြင်းအား သာမန်ဂိုဏ်းသားများအနေဖြင့် မသိနိုင်ပါသော်လည်း ဖြတ်သွားဖြတ်လာအကြီးအကဲများသာရှိပါက ချက်ချင်းပင်သိသွားပေမည်။

ရှန်လျှိုရှန်းသည် သစ်သီးကို ငေးကြည့်နေရာမှ အကြည့်လွှဲလိုက်ပြီး သူ၏တပည့်ဖြစ်သူကို မော့ကြည့်လိုက်သည်။

သူသည် ထူးထူးဆန်းဆန်းပင် ပူနွေးနေသည်ဟု ခံစားရပြီး တစ်ကိုယ်လုံးချွေးများထွက်နေသဖြင့် မျက်နှာလေးပင် နှင်းဆီရောင်ပြေးနေလေသည်။ ရှန်လျှိုရှန်း၏ တောက်ပသောမျက်လုံးများသည် ခပ်ကျယ်ကျယ်ပွင့်‌လာပြီး သူ၏လက်ကလေးအားမြှောက်၍ ကျိုးရွှမ်လန်၏ဝတ်ရုံလက်ကို ဆွဲကိုင်လိုက်ပြီး သက်ပြင်းချကာပြောလိုက်သည်။

“မင်းက တကယ့်ကို လူကောင်းလေးတစ်ယောက်ပဲ!”

ကျိုးရွှမ်လန်၏ နှလုံးသားမှာ တစ်ချက်မျှခုန်သွားလေသည်။ သူ့ရှစ်ဇွင်းမှာ ယခုကဲ့သို့ပြောလာပါက နိမိတ်မကောင်းတတ်ပေ။
