Chapter 30 (unicode)

627 13 0
                                    

                 တူနှစ်ကိုယ် ရွှေလက်တွဲ
          အေးချမ်းတဲ့ဘဝကို  လိုချင်တယ်

မူရင်းစာရေးသူ - 온소망 (Warm Wish)

ဘာသာပြန်သူ - Marilee

                                 ****

အခန်း ၃၀

               ဂျိန်းရဲ့ အကူအညီနဲ့ အခုတင် မြင်းရထားပေါ်ကဆင်းလာတဲ့ ရစ်ဒဲလ်က တစ်ဖက်လှည့်ပြီး ခင်ပွန်းဖြစ်သူကို မော့ကြည့်လိုက်တယ်။
               ပုံမှန်အတိုင်းဆို ရစ်ဒဲလ်ဘေးမှာ တစ္ဆေတစ်ကောင်လို ကပ်နေကျ လက်ထောက်ကတော့ မောင်နှံနှစ်ဖော်ရဲ့ ချစ်စဖွယ် ပြန်ဆုံစည်းမှုကို အနှောင့်အယှက်မပေးလိုတဲ့အလား ခပ်လှမ်းလှမ်းကနေသာ ကြည့်နေခဲ့တယ်။
               အခြေအနေကြောင့် ပျော်ပျော်ကြီး ပြုံးနေခဲ့တဲ့ ဟစ်ရှ်တစ်ယောက် တဒင်္ဂလောက် မျက်လုံးပြူးသွားခဲ့ပြီး ဇနီးဖြစ်သူနဲ့ မျက်လုံးချင်းဆုံရအောင် ခန္ဓာကိုယ်ကို ငုံ့ကိုင်းလိုက်တယ်။
               သူက လက်ဆန့်တန်းပြီးတော့ ရစ်ဒဲလ်ရဲ့ ပါးပြင်ကို ထိတွေ့ပွတ်သပ်လိုက်တယ်။

               "...ဘာဖြစ်တာလဲ။"

               ဂရန်ကတော့ စိတ်ထဲကနေ ကြိတ်ပြီးအားကျနေတော့တာပေါ့။ တကယ်ကို လင်နဲ့မယား ပီသပေသားပဲကိုး။ အနည်းငယ် ဖြူဖျော့ပြီးချောင်ကျနေတဲ့ အရှင်မကို တွေ့လိုက်ရချိန်မှာ အနားမှာရှိသူတွေအားလုံး တွေးမိကြလောက်မဲ့ မေးခွန်းကို အဲ့ဒီလူက မတုံ့မဆိုင်းဘဲ မေးခဲ့တယ်လေ။
               ရစ်ဒဲလ်က သူ့ကို စိုးရိမ်တကြီးအကြည့်နဲ့ ကြည့်နေခဲ့တဲ့ ခင်ပွန်းဖြစ်သူကို တစ်ချက်ကြည့်ပြီးတဲ့နောက် လက်ကိုဆန့်ထုတ်လိုက်တယ်။
               ဂရန်ကတော့ အရှင်မတစ်ယောက် မစိုးရိမ်ဖို့ပြောရင်း ခင်ပွန်းဖြစ်သူရဲ့ ရင်ခွင်ထဲတိုးဝှေ့ဝင်ပြီး အသာအယာလေး နှုတ်ဆက်လောက်မှာပဲလို့ ထင်ခဲ့မိတာပေါ့။
               မဟုတ်လည်း ဘေးမှာဝိုင်းနေတဲ့ လက်အောက်ငယ်သားတွေရဲ့ အကြည့်တွေရှိနေတာမို့ ဒီအတိုင်း လက်ကလေးပဲအသာကိုင်ရင်း အညင်အသာ နှုတ်ဆက်ကြမှာပဲလို့ ထင်ခဲ့မိတာလေ။
               ဒါပေမဲ့ ရစ်ဒဲလ်က လက်ဆန့်ထုတ်ပြီး သူ့အရှေ့မှာရှိနေတဲ့လူရဲ့ပါးကို ဆွဲယူလိုက်တယ်။ မြဲမြံပြီး အချွတ်အချော်မရှိ ညင်သာတဲ့ အကိုင်အတွယ်ပါပဲ။
               အနားမှာဝိုင်းနေတဲ့ စစ်သည်တော်တွေနဲ့ အမှုထမ်းတွေရဲ့ အသက်ရှူသံတွေကို လျစ်လျူရှုရင်း ရစ်ဒဲလ်က သူ့နှုတ်ခမ်းတွေကို ငါးတစ်ကောင်လို စုထော်လိုက်ပြီးတော့ အံ့ဩမှင်တက်နေတဲ့ ဟစ်ရှ်ကို နမ်းလိုက်တယ်။
               အနမ်း...အဲ့ဒါက တကယ်ကို ဒီအတိုင်း အနမ်းတစ်ပွင့်သက်သက်ရယ် မဟုတ်ရပါဘူး...အရမ်းကို မခွာတမ်းထိကပ်နေတာမို့ အရှင်မရဲ့နှုတ်ခမ်းမှာ စုပ်ခွက်များပါလေသလား မှတ်ရလောက်တဲ့...အဲ့ဒီလိုအနမ်းမျိုးပါ။
               ရုတ်တရက် အထိအတွေ့မှာ မျက်တောင်တစ်ချက်သာခတ်လိုက်နိုင်တဲ့ အဲ့ဒီလူရဲ့မျက်နှာ တစ်မုဟုတ်ချင်းအတွင်းမှာ နီရဲတက်လာတာ အံ့ဩစရာတော့မရှိပါဘူး။
               အရှင်သခင် ဇနီးမောင်နှံရဲ့ ချစ်စနိုးမတော်တရော်အပြုအမူတွေကို တွေ့ရတိုင်း အမြဲလိုလို စိတ်ပျက်တဲ့မျက်နှာထားရှိတတ်လေ့ရှိတဲ့ လက်ထောက်ရဲ့မျက်နှာမှာတော့ 'ဝေါ့...' ဆိုတဲ့ အမူအရာက ရေးထားတဲ့အလားကို အတိုင်းသားပေါ်နေခဲ့တယ်။
               တိတ်တဆိတ် ဗြောင်းဆန်မှုအကြားမှာ ဘာကိုမှဂရုမစိုက်သလိုအသံနဲ့ ပြောလာသူကတော့ ရစ်ဒဲလ်ပါပဲ။

တူနှစ်ကိုယ်ရွှေလက်တွဲ အေးချမ်းတဲ့ဘဝကို လိုချင်တယ် [ဘာသာပြန်]Where stories live. Discover now