Chapter 9 (unicode)

299 18 0
                                    

တူနှစ်ကိုယ် ရွှေလက်တွဲ
အေးချမ်းတဲ့ဘဝကို လိုချင်တယ်

မူရင်းစာရေးသူ - 온소망 (Warm Wish)

ဘာသာပြန်သူ - Marilee

****

အခန်း ၉

ပြီးတော့ ကျွန်မ ဘယ်လောက်ပဲ ခေါင်းထဲမှာ ဖျစ်ညှစ်ပြီးစဉ်းစားပါစေ သူ့ရဲ့လုပ်ငန်းလောက် ကြီးတဲ့လုပ်ငန်းမျိုး ရှာမတွေ့တာမို့ ဒေါသူပုန်ထနေမိတယ်လေ။
အမြတ်နည်းနည်းနဲ့ ရောင်းဝယ်တဲ့လုပ်ငန်းတွေ၊ ဖြန့်ချိရေးအဆက်အသွယ်တွေ ကျယ်ကျယ်ပြန့်ပြန့်ရှိတဲ့ လုပ်ငန်းတွေတော့ အများကြီးရှိပေမယ့် ဖီရန်ဇီ ကော်ပိုရေးရှင်းက ဟောဒီ တန်ဖိုးကြီး မှော်ကျောက်တုံးတွေကို တစ်လုံးတစ်ခဲတည်း ဝယ်ပြီးပြန်ရောင်းနိုင်စွမ်းရှိတဲ့ တစ်ခုတည်းသောနေရာပါပဲ။
မဟုတ်သေးပါဘူး...အဲ့ဒီလိုဆိုရင်တောင်...
မချိတင်ကဲမျက်နှာထားနဲ့ ယှက်ထားတဲ့လက်တွေပေါ်မှာ နဖူးကိုတင်ရင်း ကျွန်မ သလင်းကျောက်လုံးအရှေ့မှာ ထိုင်နေခဲ့မိတယ်။
ဘယ်လောက်ပဲ မင်္ဂလာပွဲကို ပန်းစည်းနဲ့ စာပို့လာတဲ့အထိ စိတ်ပျက်စရာကောင်းနေပါစေ သူ့မှာ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ခွဲခြားနိုင်စွမ်းမရှိတာတော့ ဘယ်လိုမှမဖြစ်နိုင်လောက်ပါဘူး။
အဲ့ဒီလို စိတ်မှာတွေးပြီး ဖီရန်ဇီ ကော်ပိုရေးရှင်းဆီ တရားဝင်အရောင်းအဝယ်လုပ်ဖို့ မေတ္တာရပ်ခံတဲ့စာတစ်စောင် ပို့လိုက်ပြီးတဲ့နောက် ချက်ချင်းပဲ အောက်မှာဖော်ပြထားတဲ့ ပြန်စာကို ရခဲ့တယ်လေ။
နှုတ်ခွန်းဆက်တဲ့ အလ္လာပ သလ္လာပစကားတွေကို ဖယ်လိုက်မယ်ဆိုရင် အဓိကအကြောင်းအရာက အောက်ပါအတိုင်းပါပဲ။

[စာကို ကောင်းကောင်းလက်ခံရရှိပါတယ်။ ပမာဏက စာထဲမှာပါတဲ့အတိုင်းသာဆိုရင် စာချုပ်မရေးခင် ကော်ပိုရေးရှင်းရဲ့ အဓိကရှယ်ယာရှင်နဲ့ စကားပြောဖို့လိုလိမ့်မယ်ထင်ပါတယ်။]

ပြန်စာရတယ်ဆိုရင်ပဲ ကျွန်မစိတ်ထဲ နည်းနည်းတော့ သင်္ကာမကင်းဖြစ်မိသွားခဲ့တယ်။
မီလာရဲ့စနက်တွေ ပါနေတာတော့ မဟုတ်ပါဘူးနော်။
ဒါကို ခုတုံးလုပ်ပြီး လက်ထပ်သွားတဲ့ အဆက်ဟောင်းရဲ့ မျက်နှာကိုတွေ့ရဖို့ ကြံနေတာတို့ ဘာတို့ အဲ့ဒီလိုတော့ မဟုတ်ဘူးမဟုတ်လား။
ကျွန်မ အသက်ပြင်းပြင်းရှူသွင်းလိုက်တယ်။ ဟူး...ဟုတ်ပါတယ်လေ။ ငါကပဲ အရမ်းသတိတကြီးဖြစ်နေမိတာ ဖြစ်လောက်မှာပါ။
မှော်ကျောက်တုံးပမာဏက အများကြီးမဟုတ်လား။ လုပ်ပိုင်ခွင့်အမြင့်ဆုံးရှိတဲ့လူ ကိုယ်တိုင်ထွက်လာတာဟာ အဆန်းမဟုတ်ပါဘူး။
အဲ့ဒါအပြင် မီလာနဲ့ ရစ်ဒဲလ်တို့က တကယ်တော့ နှစ်ဖက်မိသားစု စီစဉ်ပေးတဲ့အတိုင်း စေ့စပ်ခဲ့ရတဲ့ ပတ်သက်မှုသက်သက်ပါပဲ။ ဒါပေမဲ့ ကျွန်မ နောက်မှသိလိုက်ရသလောက်တော့ နှစ်ယောက်သားရဲ့အတိတ်က ချစ်သူတွေလို့ ပြောဖို့ခက်ခဲလွန်းပါတယ်။
ပြန်ဖြေလာမှာကို စောင့်နေရင်း ကျွန်မ တဖျတ်ဖျတ်လက်နေတဲ့ သလင်းကျောက်လုံးလေးကို မျက်လုံးပင့်ကြည့်လိုက်မိတယ်။ နောက်တစ်ကြိမ် ကိုယ့်ကိုယ်ကိုယ် အားပေးလို့အပြီးမှာ သလင်းကျောက်လုံးကို မဆိုင်းမတွပဲ ဖွင့်လိုက်တော့တယ်။
ခဏနေတော့ ခမ်းနားတဲ့ ရုံးခန်းအပြင်အဆင်နောက်ခံမှာမှ ရွှေအိုရောင်ဆံပင်နဲ့လူတစ်ယောက် ပေါ်လာခဲ့တယ်။ သူက လှောင်ပြုံးနဲ့ စကားစပါတော့တယ်။

တူနှစ်ကိုယ်ရွှေလက်တွဲ အေးချမ်းတဲ့ဘဝကို လိုချင်တယ် [ဘာသာပြန်]Tempat cerita menjadi hidup. Temukan sekarang